* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 24, 2009

သင့်ခန္ဓာကိုယ်က သင့်အဘိဓမ္မာအခန်း ၁၁

အရင်နေ့တွေက ပြောခဲ့တာ.… လောကီအကုသိုလ်၊ ကုသိုလ်၊ ၀ိပါက်စိတ် ပြီးသွားပါပြီ။ ယနေ့နောက်ဆုံးဖြစ်တဲ့ လောကီ ကြိယာ (ကိရိယာ)စိတ် ဆက်လက်ပြောပေးပါမယ်။ ဒီစိတ်က အရင်အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ကြိယာစိတ်များသည် ရဟန္တာပုဂ္ဂိုလ်တို့အနေနှင့် တံမြတ်လှဲခြင်း၊ ဘုရားရှင်အား ရှိခိုးပူဇော်ခြင်းစသည့် ကောင်းမှုများ ပြုသည့်အခါ ဤကြိယာစိတ်များဖြင့် ပြုလုပ်ကြပါတယ်။ ကုသိုလ်စိတ်အစား ကြိယာစိတ်များ ဖြစ်ကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့… ရဟန္တာတို့ ပြုလုပ်တဲ့ ကောင်းမှုကံသည် အကျိုးပေးစရာ ဘ၀မရှိတော့သဖြင့် အကျိုးပေးကံအနေနှင့် မဖြစ်တော့လို့ပါ။ ၀တ်အကျင့်တရားများကို ထိန်သိမ်းသော အနေအားဖြင့် ကောင်းမှုများကို ပြုကာမျှသာ ဖြစ်လို့ပါ။

ပုထုဇဉ်နှင့် ရဟန္တာမဖြစ်သေးတဲ့ အရိယာများ ကောင်းမှုပြုတဲ့အခါမှာတော့.. လူ့ဘုံမှာဆို မဟာကုသိုလ်၊ ရူပဘုံမှာဆို ရူပကုသိုလ်စသည်ဖြင့် အကျိုးပေးတဲ့ ကုသိုလ်စေတနာစိတ်များဖြင့် ကောင်းမှု ပြုကြပါတယ်။

ယနေ့ လောကီစိတ် (၈၁)ပါးထဲမှာ. ကြိယာစိတ်က -၂၀-ရှိပါတယ်။ ဘာတွေလဲဆိုတော့.. ..

အဟိတ်စိတ်ထဲက အဟိတ်ကြိယာစိတ် -၃-ပါး

ကာမာဝစရစိတ်ထဲက မဟာကြိယာစိတ် -၈-ပါး

ရူပါဝစရစိတ်ထဲက ရူပါဝစရကြိယာစိတ် -၅-ပါး

အရူပါဝစရစိတ်ထဲက အရူပါဝစရကြိယာစိတ် -၄-ပါး၊ ပေါင်း ကြိယာစိတ်-၂၀။

အဟိတ်စိတ်အကြောင်းတော့ ပြောပြီးပီနော်၊ (လောဘစသည့် ဟိတ်/မူလတရား -၆-ပါး မရှိလို့ အဟိတ်ခေါ်တယ်ဆိုတာ။)

အဟိတ်ကြိယာစိတ်-၃-ပါးဆိုတာ---

ပဉ္စဒွါရာဝဇ္ဇန်းစိတ် -၁-ပါး

မနောဒွါရာဝဇ္ဇန်းစိတ် -၁-ပါး

ဟသိတုပ္ပါဒ်စိတ် -၁-ပါး၊ ပေါင်း အဟိတ်ကြိယာစိတ် -၃-ပါး။

အထက်ပါ အဟိတ်ကြိယာစိတ် -၃-ပါးကို အဓိပ္ပါယ်နဲနဲ ပြောပြရရင်….

ဒီနေရာမှာ မှတ်သားစရာက ..အပေါ်မှာပြောခဲ့တဲ့ စကားကို ပြန်ကောက်ပြီး စောဒကဖြစ်စရာရှိပါတယ်။ ဘာလဲဆိုတော့ အပေါ်မှာ ပြောခဲ့တာက ကြိယာစိတ်များသည် ရဟန္တာများသန္တာမှာသာ ကောင်းမှု ကုသိုလ်ပြုလုပ်တဲ့အခါ ကုသိုလ်စိတ် အစား ကြိယာစိတ်များနှင့် ဖြစ်တယ်လို့ ပြောခဲ့လို့ပါ။ ဒါပေမယ့် အဲဒီစကားသည် အများကို လိုက်ပြီး ပြောခဲ့တဲ့ စကားလို့ မှတ်ပါ။ (ပါဠိစကားလိုဆို.. “ယေဘုယျနည်း= အဖြစ်များ/အများစုကို လိုက်ပြီး ရေတွက် ပြောတဲ့ နည်းပါ”) လောကမှာလည်း ဒီလို များရာကို လိုက်ပြီး ပြောကြတာ ရှိပါတယ်။ ဥပမာ= ဒီအတန်းက ကျောင်းသားတွေက အကုန်တော်ကြတယ်လို့ ပြောရင် တစ်တန်းလုံးက ကျောင်းသားတွေ တော်ကြတာ မဟုတ်ပါဘူး၊ မတော်တဲ့ ကျောင်းသားလည်း အဲဒီအတန်းထဲမှာ ပါပါတယ်။ များရာလိုက်ပြီး ပြောတာပါ။ ဒီဥပမာလိုပဲ မှတ်ပါ။

တကယ်တော့ ဤအဟိတ်ကြိယာစိတ် -၃-ပါးသည် ရဟန္တာများ သန္တာန်မှာသာ ဖြစ်တာ မဟုတ်ပါဘူး။ ပုထုဇဉ်၊ အခြားသော သောတာပန်စတဲ့ အရိယာများ သန္တာန်မှာလည်း ဖြစ်ပါတယ်။ ကျန်တဲ့ ကြိယာစိတ်များကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ရဟန္တာများ ကောင်းမှုကုသိုလ်လုပ်တဲ့ အခါမှာ သူတို့သန္တာန်မှာ ကုသိုလ်အစား မဟာကြိယာစိတ်၊ ရူပါဝစရကြိယာစိတ်များ ဖြစ်တာ ဟုတ်ပါတယ်။

ပဉ္စဒွါရာဝဇ္ဇန်းစိတ်ဆိုတာ… (ပဉ္စ+ဒွါရ+အာဝဇ္ဇန)

ပဉ္စဆိုတာ… ၅၊ ဒွါရဆိုတာ= တံခါး၊ အာဝဇ္ဇန်းဆိုတာ=ဆင်ခြင်ခြင်း၊ (သို့) နှလုံးသွင်းခြင်း။ စကားသုံး ပေါင်းပြီး အဖြောင့်ပြန်လိုက်တော့ (မျက်စိတံခါး၊ နားတံခါ၊ နှာခေါင်းတံခါး၊ လျှာတံခါ၊ ကိုယ်တံခါး) -ဟူသော ဒွါရ (တံခါ) ၅-ခုမှာ မြင်စိတ်၊ ကြားစိတ်စည် ဖြစ်လာဖို့ ဆင်ခြင်တဲ့ စိတ်လို့ဆိုလိုတာပါ။ ဒွါရနှင့်အာရုံ -၂-ခုကို ကြားကနေ ဆက်သွယ်ပေးတဲ့ တရားပါ။ မိမိတို့တစ်တွေ ဘယ်လောက်ပဲ မြင်နေ မြင်နေ… ဒီပဉ္စဒွါရာဝဇ္ဇန်းစိတ်မရှိရင်… ဘယ်ရယ်လို့ မသိလိုက်ပါဘူး။ မြင်လိုက်တယ်.. မြင်တဲ့အပေါ်မှာ အာရုံမရောက်လိုက်ရင် မသိလိုက်တဲ့ သဘောမျိုးပါ။ အဲဒီအချိန်မှာ ဒီအာဝဇ္ဇန်းစိတ်က ဆင်ခြင်မှု မရှိလို့ပါ။

နောက်တစ်ပါးက…

မနောဒွါရာဝဇ္ဇန်းစိတ်--- (မနော+ဒွါရ+အာဝဇ္ဇန)

မနောဆိုတာ=စိတ်။ ဒွါရနှင့် အာဝဇ္ဇနဆိုတာကတော့ အပေါ်မှာ ပြောခဲ့တာနှင့်အတူတူပါပဲ။ ဒါပေမယ့် ဒီမှာ ဒွါရက.. စိတ်တံခါးလို့ဆိုတဲ့ မနောဒွါရတစ်ပါးထဲပါ။

အဲဒီစကားသုံးလုံးပေါင်းလိုက်တော့ စိတ်အကြံအစီမှာ ဆင်ခြင်တဲ့ (သို့) နှလုံးသွင်းတဲ့ သဘောတရားပါ။ မိမိတို့တစ်တွေ ကြုံဘူးမှာပါ… တခါတရံစိတ်က ငေးမှိုင်ပြီးတော့ ဘယ်ရယ်လို့ မသိတဲ့ သဘောမျိုး.. အဲဒီအခါ အာဝဇ္ဇန်း( ဆင်ခြင်/နှလုံးသွင်းမှု) သဘောမရှိလို့ပါ၊ ဒီစိတ်က… စိတ်တံခါးနှင့် ဓမ္မာရုံ (ကြံစီမှု)-၂-ခုကို ကြားကနေ ဆင်ခြင်မှု (ဆက်စပ်ပေးတဲ့) သဘောတရားပါ။

နောက်ဆုံးစိတ်က….

ဟသိတုပ္ပါဒ် (ဟသိတုပ္ပါဒ ပါဠိစကားလုံးက လာပါတယ်။)

သူ့ရဲ့အဓိပ္ပါယ်က “ရယ်ရွှင်မှုကို ဖြစ်စေတတ်တဲ့”စိတ်ပါ။

မိမိတို့ တစ်တွေ ရယ်ရွှင်တဲ့အခါ ရယ်ရွှင်မှု ဖြစ်အောင် ဖြစ်စေတာသည် ဒီစိတ်ဖြစ်ပါတယ်။

ဒါပေမယ့် မိမိတို့တစ်တွေ တပ်မက်မှုကြောင့် ရယ်ရင် အကုသိုလ်စိတ်ထဲက လောဘမူသောမနဿဝေဒနာ (တပ်မက်တဲ့လောဘစိတ်ဝမ်းမြောက်မှု) နဲ့ ရယ်မယ်။

ကုသိုလ်ကြောင့် ၀မ်းမြောက်လို့ ရယ်ရင် ပုထုဇဉ်၊ ရဟန္တာမဖြစ်သေးသော ပုဂ္ဂိုလ်များက မိစ္ဆာဒိဋ္ဌိ (မှားယွင်းမပါတဲ့) လောဘမူ သောမနဿဝေဒနာ (၂)ပါး။ မဟာကုသိုလ် သောမနဿဝေဒနာ (ကုသိုလ်ကို ၀မ်းမြောက်တဲ့ခံစားမှု)နှင့် ရယ်မယ်။ (လောဘမူစိတ် (၈)ပါးမှာ သောမနဿ-၄-ပါးရှိတယ်ဆိုတာ ပြောခဲ့တယ်နော်။ အဲဒီ -၄-ပါးမှာမှ... မိစ္ဆာဒိဋ္ဌိနှင့် တကွဖြစ်တဲ့သောမနဿဝေဒနာက -၂-ပါး၊ မိစ္ဆာဒိဋ္ဌိကင်းကွားပြီး ဖြစ်တဲ့ သောမနဿဝေဒနာက -၂-ပါး။ အဲဒီလို ရှိတယ်။)

ဘုရား, ရဟန္တာများကျတော့ မဟာကြိယာသောမနဿဝေဒနာစိတ်-၄ပါး၊ ဒီအဟိတ်ကြိယာ ဟသိတုပ္ပါဒ်စိတ်-၁-ပါး ပေါင်း -၆-ပါး တပါးပါးဖြင့် ရယ်မယ်။ အဲဒီလိုတော့ ကိလေသာကင်းတဲ့ပုဂ္ဂိုလ်/ ကိလေသာမကင်းတဲ့ ပုဂ္ဂိုလ်အလိုက်၊ အမှုအရာအလိုက် ကွဲပြားမှုတော့ ရှိပါတယ်။

ရယ်တဲ့အခါ ဖြစ်တဲ့စိတ်တွေကို စုပေါင်းကြည့်မယ်ဆိုရင်.. အကုသိုလ်စိတ် -၁၂-ပါးထဲတွင် လောဘမူစိတ် -၈-ပါးမှ ၀မ်းမြောက်မှု (သောမနဿဝေဒနာ)စိတ် (၄)ပါး၊ ဒီအဟိတ်ကြိယာ ဟသိတုပ္ပါဒ်စိတ် (၁)ပါး၊ မဟာကုသိုလ်စိတ် (၈)ပါးမှ ၀မ်းမြောက်မှု (သောမနဿဝေဒနာ)စိတ် (၄)ပါး၊ နောက် မဟာကြိယာစိတ် (၈)ပါးမှ ၀မ်းမြောက်မှု (သောမနဿဝေဒနာ)စိတ် (၄)ပါး။ ပေါင်း ရယ်ရွှင်တဲ့အခါ ဖြစ်တဲ့စိတ်က (၁၃)ပါးပဲ ဖြစ်ပါတယ်။

ဒီရယ်ရွှင်မှုသဘောနှင့်ပတ်သက်၍ အကျဉ်းစီထားတဲ့ ဆောင်ပုဒ် (သို့) ကဗျာလေးက…

ရှစ်ပုထုဇံ၊ ခြောက်သေက္ခံ၊ ငါးတန် ရဟန္တာ၊

ဟာသအကြောင်း၊ ထူးပြားပြောင်း၊ စိတ်ပေါင်း တေရသာ။

ရှစ်ပုထုဇံ=ဆိုတာ ပုထုဇဉ်ပုဂ္ဂိုလ်များ ရယ်ရွှင်ကြတဲ့အခါ လောဘမူ သောမနဿဝေဒနာ (၄)ပါး၊ မဟာကုသိုလ် သောမနဿဝေဒနာ (၄)ပါး ပေါင်း စိတ် (၈)ပါး တစ်ပါးပါးနှင့်ရယ်တယ်။

ခြောက်သေက္ခံ=ဆိုတာ သောတာပန်မဂ်ပုဂ္ဂိုလ်၊ သောတာပန်ဖိုလ်ပုဂ္ဂိုလ်၊ သကဒါဂါမ်မဂ်ပုဂ္ဂိုလ်၊ သကဒါဂါမ်ဖိုလ်ပုဂ္ဂိုလ်၊ အနာဂါမ်မဂ်ပုဂ္ဂိုလ်၊ အနာဂါမ်ဖိုလ်ပုဂ္ဂိုလ်- ဤပုဂ္ဂိုလ် (၆)ယောက်ကို ရဟန္တာဖြစ်အောင် ကျင့်ဆဲဖြစ်လို့ (သေက္ခ)လို့ ခေါ်တယ်။ (သေက္ခဆိုတာ ကျင့်ဆဲ)။ ဒီသေက္ခပုဂ္ဂိုလ် (၆)ယောက်ရယ်တဲ့ အခါ လောဘမူမိစ္ဆာဒိဋ္ဌိ (မှားယွင်းမှုမပါတဲ့) သောမနဿဝေဒနာ (၂)ပါး၊ မဟာကုသိုလ်သောမနဿဝေဒနာ (၄)ပါး ပေါင်း (၆)ပါး တပါးပါးနှင့် ရယ်တယ်။

မှက်ချက်… သေက္ခပုဂ္ဂိုလ် (၆)ယောက်သည် ကိလေသာကို အကုန်မပယ်ရသေးသဖြင့် ထိုအရိယာများ ရယ်တဲ့အခါ မိစ္ဆာဒိဋ္ဌိ (မှားယွင်းတဲ့) အယူမဟုတ်တဲ့ လောဘမူသောမနဿဝေဒနာများဖြင့် တခါတရံ ရယ်ကြသေး၏။

ငါးတန် ရဟန္တာ=ဆိုတာက… ဘုရား၊ ရဟန္တာများ ပြုံးရယ်ကြတဲ့အခါ အခုပြောနေတဲ့ အဟိတ်ကြိယာ ဟသိတုပ္ပါဒ်စိတ် (၁)ပါး၊ မဟာကြိယာသောမနဿဝေဒနာ (၄)ပါး ပေါင်း (၆)ပါး တစ်ပါးပါးနှင့် ပြုံးရယ်ကြပါတယ်။ ဘုရား၊ ရဟန္တာများ ရယ်တယ်ဆိုပေမယ့် မိမိတို့တစ်တွေလို သတိလက်လွတ်ပြီး ရယ်ခြင်းမျိုးတော့ မဖြစ်နိုပါဘူး။ ဘုရားရှင်ကတော့ ပြုံးယုံသာ ပြုံးတယ်လို့ပဲ မှတ်သားဘူးပါတယ်။ ဒီစိတ် (၁၃)ပါးကို ရည်ရွယ်၍ “ဟာသအကြောင်း ထူးပြားပြောင်း၊ စိတ်ပေါင်း တေရသာ” ရယ်တဲ့အခါ ဖြစ်တဲ့စိတ် (တေရသ=၁၃)ပါး ရှိတယ်လို့ ဆိုတာ။

ဒီနေရာမှာ မှတ်သားစရာက.. ရူပ/ အရူပ ဗြာဟ္မာဘုံက ဗြာဟ္မာကြီးများ ရယ်ကြသလားဆိုတော့ ရယ်ရွှယ်တဲ့စိတ်တွေထဲမှာ ရူပါဝစရစိတ်၊ အရူပါဝစရစိတ်များ မပါသဖြင့် ရူပဘုံကဗြာဟ္မာကြီးများ၊ အရူပဘုံက ဗြာဟ္မာကြီးများ ရယ်ရွှင်ခြင်း မရှိဘူးလို့ မှတ်သားနိုင်ပါတယ်။

စကားစပ်သဖြင့် ဟသိတုပ္ပါဒ် (ရယ်ရွှင်မှုကို ဖြစ်စေတတ်တဲ့) စိတ်နှင့် ပတ်သက်၍ မှတ်သားစရာကို ကြားချပ်ပြီး ပြောပြတာပါ။

ဗုဒ္ဓရဲ့ အဘိဓမ္မာက ဒီလောက်အထိ အသေးစိပ်တာပဲလို့ ဗုဒ္ဓရဲ့ဉာဏ်တော်အပေါ်မှာ ပိုမိုလေးစား ကြည်ညိုစိတ်များ မိမိတို့သန္တာန်မှာ ကိန်းဝပ်နိုင်ပါစေလို့ ဆုမွန်ချွေရင်း -----

ဒီနေ့ ဒီမှာတင် ရပ်ပါအုန်းမယ်..



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP