“အဲဒါရဟန်းတဲ့လား” နဲ့စတဲ့ နံနက်ခင်း
ဟာ အစောကြီးကို နိုးနေပါရောလား...။ နံနက် ၄း၀၀ နာရီစွန်းရုံလေးရှိသေး၊ ငယ်စဉ်ကတော့ ဆရာဘုန်းတော်ကြီးက အိပ်ရာစောစော ထဖြစ်အောင် အလေ့အကျင့်လုပ်ပေးခဲ့ဖူးပါတယ်။ အိပ်ရာထဘုရားရှိခိုး ပရိတ်ပဌာန်းရွတ်ကြရပါတယ်။ ရဟန်းဆိုတာ လူတွေထက် ပိုပြီး နိုးနိုးကြားကြား ဖြစ်နေရမယ်လို့လည်း သြ၀ါဒလည်း ပေးခဲ့ဖူးပါရော။ ဒကာ ဒကာမတွေက နံနက်အရုဏ်ဆွမ်းလာပို့တာပဲ ဖြစ်ဖြစ် အရုဏ်ဆွမ်းကပ်ဖို့ လာပင့်တာပဲ ဖြစ်ဖြစ် ရဟန်းဆိုတာက အဆင်သင့်ဖြစ်နေရမယ် တဲ့။ ဒကာ ဒကာမတွေက တံခါးခေါက်နှိုးရတာမျိုး ၊ ဒကာ ဒကာမတွေလာမှ ရဟန်းက အိပ်မှုံစုံမွှားနဲ့ မျက်နှာထသစ်တာမျိုးဘယ်တော့မှ မဖြစ်စေနဲ့ ဆိုတာမျိုးတွေလည်း “ ရဟန်းဟူက အိပ်ရာစောစောထရေး” ဆုံးမစာအဖြစ် နာခဲ့ရသေးသပေါ့။
ဒါပေမယ့် ဒါပေမယ့်ပါပဲ အိပ်ရာစောစောထခြင်း အလေ့အထဟာ ဆရာဘုန်းတော်ကြီးရဲ့ ကျေးလက်မြို့ကျောင်းလေးရဲ့ အရိပ်ကလွန်ပြီး မြို့ပြပညာရေးနယ်နိမိတ်ထဲ အ၀င်မှာ ပျယ်လွင့်စပြုခဲ့ပါတယ်။ မြို့ပြပညာရေးမှာ အချင်းချင်းပြုတ်မကျန်ရစ်ခဲ့ဖို့တို့ ရင်ဘောင်တန်းလျှောက်ဖို့တို့ဇွဲတွေနဲ့ စာတွေအလုအယက်ကျက်ခဲ့ရတော့ အိပ်ရာဝင်ညနက်တာမျိုးတွေ ရှိလာတာက စတာပါ။ ဒါပေမယ့် ပုထုဇဉ်ရဟန်းတွေအတွက်တော့ အခြားအကြောင်းတွေလည်း အများကြီးရှိခဲ့ဖူးသပေါ့။ ဒါပေမယ့် ညညစာဖတ်တာ အကြောင်းပြ ခုတော့ ကွန်ပြူတာနဲ့ အင်တာနက်ကသိုဏ်းပေါ့လေ ။
စင်ကာပူက ဒကာမကြီးတစ်ယောက်ကတော့ “ပရိယတ် ပဋိပတ်အပြင် ပရိချတ်(Chatting) တွေနဲ့ အရှင်ဘုရားတို့လည်း အလုပ်ရှုပ်ပေမပေါ့” လို့ ဆွမ်းပို့လာရင်း ခပ်လှောင်လှောင် လျှောက်ဖူးခဲ့သေးတာပဲ။ ဘာပဲဖြစ်ဖြစ် ရဟန်းကတော့ ရဟန်းပါပဲ။ ၀တ်ဖူး နေဖူးရင် သိပါတယ်။ ဒါကြောင့်မို့ပဲ ရွာဦးကျောင်းပုံပြင်တွေမှာ ဒကာက ဆရာဘုန်းကြီးအချိုးမကျတာတွေ ပြုပြင်ဖို့ လျှောက်လေတိုင်း “မင်းနဲ့ ငါ လဲမကွာ” လို့ ဆရာက ကြိမ်းလိုက်တာနဲ့ ဒကာက လစ်ထွက်ရတာမျိုး ခပ်သောသောပြောတတ်လေ့ရှိတာ ကြားဖူးပါရဲ့။ ဆရာ့မှာက ကျောင်းအိုနဲ့ ဇရပ်ပျက် အော်ဟစ်ငေါက်ငမ်း စာသင်နေရတဲ့ ဘုစုခရုကျောင်းသားကိုရင်တွေပဲ ပိုင်ဆိုင်ရှာတာကလား။ ဒကာမှာက ဇနီးကချောချော သမီးလေးပါ အဆစ်ပါလိုက်သေးတော့ ပြေးပေမပေါ့။
ဆရာဘုန်းတော်ကြီးတွေကတော့ တပည့်ရှင်ငယ် ရဟန်းငယ်တွေကို “ သာသနာနောက်ပိုင်းကာလမှာ ရဟန်းသံဃာအနေနဲ့ မင်းတို့မှ မကိုးကွယ်ရင် ကိုးကွယ်စရာမရှိတော့ဘူးပေါ့ကွာ။ မင်းတို့ ဘာလုပ်လုပ်ကိုးကွယ်ကြရတော့မှာပဲ။”တဲ့ ဒါပေမယ့် ဆက်ပြီးမိန့်တာက “ သူတို့ ရဲ့ သဒ္ဓါတရားနဲ့ လှူဒါန်းမှုကိုတော့ အားနာတတ်ကြပေါ့ကွာ”တဲ့။ မှတ်ဖွယ်မှတ်ရာပါပဲ။
အင်း ဗာရာဏသီ မိဂဒါဝုန်ဆောင်းကလည်း အေးစိမ့်စိမ့်မို့ မျက်နှာချက်ချင်းသစ်ဖို့ဆိုတာက မလွယ်။ အိပ်ရာက ထပြီး ရေနွေးတစ်အိုးကြိုလိုက်ပါတယ်။ ပြီးတော့ အင်တာနက်စာမျက်နှာထဲ ၀င်လိုက်မိပါတယ်။ နေ့စဉ်ပထမဆုံးဖွင့်ဖြစ်တဲ့ ဦးလောကနာထရဲ့ နေ့စဉ်ရေးသောတရားတော်များလင့်ခ်ကို ကလစ်ပြီး ဓမ္မမိတ်ဆွေများရဲ့ စာတွေ ဟိုတစ်ကွက်ဒီတစ်ကွက် လိုက်ဖွင့်မိတော့ ဒဿနခရီးစဉ် ဘလော့စာမျက်နှာပေါ်က “ အဲဒါ ရဟန်းတဲ့လား ” ဆိုတဲ့ စာလုံးတွေက ဖမ်းစားလိုက်ပါတယ်။ ဘာပါလိမ့် လို့လည်း ထိတ်သွားပါတယ်။ ဘယ်ရဟန်းတွေက ဘာတွေများ လုပ်နေကြပါလိမ့်လို့လည်း အတွေးပွားသွားရပြန်ပါတယ်။
အင်တာနက်ကွန်ရက်ကြီးထဲမှာ ငါလည်း ဖြစ်နိုင် သူလည်း ဖြစ်နိုင်နေတာကိုး။ ချက်ချင်းပဲ ကောက်ဖတ်မိတော့တယ်။ ဓမ္မရတနာမဂ္ဂဇင်းက အရှင်သုဇာတ( သရက်တောကျောင်း)ရဲ့ စာမူပါ။ မဂ္ဂဇင်းစာဖိုင်တွေကို တင်ထားတာမို့ တစ်ရွက်ချင်း ကလစ်ခ်ရတာပလေ။ ဖတ်ပြီးတဲ့အခါမှပဲ ပြုံးချင်သလို ရီချင်သလို သရော်တော်တော်ဖြစ်သွားရတာပါ။ တော်တော်နောက်တဲ့ ကိုယ်တော်။ ရေးလည်း ရေးတတ်ပလို့ ချီးမွမ်းမိပြန်တယ်။
အရှင်သုဇာတက သူ့ရဲ့ စာကို “ သားသမင်သည် မိမိသွားလိုရာသို့ ပေါ့ပါးလျင်မြန်စွာ သွားနိုင်သကဲ့သို့ ငှက်တို့သည် အလိုရှိရာ ပျံသန်းသောအခါ အတောင်သာလျှင် ၀န်ရှိသကဲ့သို့ ထို့အတူ ရဟန်းတို့သည် ပေါ့သောတာဝန်ရှိရာ၏၊ နည်းသောအမှုကိစ္စရှိရာ၏၊ အသက်မွေးမှု လွယ်ကူစေရာ၏” ဆိုတဲ့ ဘုရားရှင်ရဲ့ စကားတော်နဲ့ ဖွင့်ပါတယ်။
ရဟန်းတစ်ပါးရဲ့ တကယ့်ဖြတ်သန်းရမှုကို ရိုးရိုးစင်းစင်းဖွဲ့ထားတာပါ။ လေးလေးပင်ပင်ကြီးတွေ မပြောဘဲနဲ့ လှအောင်ခြယ်သွားပါတယ်။ သူရေးပြတဲ့ ရဟန်းကလည်း ရွာကျောင်း မြို့ကျောင်းတွေနဲ့ မဆိုင်တဲ့ တောင်ပေါ်ကျောင်းလေးမှာ နေတဲ့ ရဟန်းတဲ့။ သမထအလုပ်လုပ်ဖို့ဆိုပြီး ရွာနီးချုပ်စပ်က တောင်ပေါ်ကျောင်းလေးဆီ ပေါ့ပေါ့ပါးပါး တက်သွားတဲ့ ရဟန်းတစ်ပါးတဲ့ ။
သင်္ကန်းလေးထည်( တိစီဝရိတ်သင်္ကန်းသုံးထည်အပြင် ရေလဲသင်္ကန်းလေးပါ ပါလို့ စတုစီဝရိတ်လို့ ရယ်သွမ်းသွေးလိုက်ပါသေးတယ်)သပိတ်တစ်လုံး။ ဖတ်စရာစာအုပ်တစ်အုပ်၊ ရေးဖို့ ကော်ပီစာရွက်အချို့၊ဘောလ်ပင်နှစ်ချောင်း၊ ရေချိုးခွက် ဆပ်ပြာ အခြားလိုအပ်တဲ့ ပစ္စည်းလေးအချို့တဲ့ ။ တကယ့်ပေါ့ပေါ့ပါးပါး ရဟန်းတစ်ပါးဘ၀။ ရပ်ရွာ မြို့ပြနဲ့ ကင်းလွတ်တဲ့ တောင်ပေါ်ကျောင်းရဟန်းတစ်ပါးရဲ့ ပုံရိပ်တဲ့။ကြည့် သူနေမယ့် ကျောင်းလေးက အင်ဖက်မိုး အင်ဖက်ကာကျောင်းလေးတဲ့။ အဲဒီတောင်ပေါ်မှာကလည်း ရေမရှိပြန်တော့ သောက်ရေ ချိုးရေအတွက် တောင်အောက်ကို ဆင်းရမယ်တဲ့။
တော်ပြီ တော်ပြီ၊ အရှင်သုဇာတစာကိုသာ ဆက်ဖတ်ကြည့်ကြပေတော့။ အော် ရဟန်းဆိုတာ ပေါ့ပေါ့ပါးပါး ရှိရမယ်ဆိုပါကလား။ ဒါပေမယ့် လေးလေးလာတာကိုးနော်။
ဒီက ပြန်ရင် သူ့နာမည်နောက်မှာ လေးလေးလာတဲ့ ဘွဲ့တွေနဲ့ လိုက်ဖက်အောင် လေးလေးပင်ပင် အလုပ်တွေလုပ်ရမယ်။ ဓမ္မဂင်္ဂါဗုဒ္ဓဘာသာကောလိပ်ကြီး တည်ထောင်ရဦးမယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်သာသနာအတွက် သူ့ရဲ့ အတွေးသစ်တွေနဲ့ ပရိယတ္တိပညာရေးပြုပြင်ပြောင်းလဲမှုတွေကို ချပြရမယ်။ ပင်မကျောင်းဆောင်ကြီးကိုတော့ ကိုးန၀င်းကြေအောင် ကိုးထပ်ဆောင်ကြီးဆောက်ရမယ်။ စင်ကာပူက အင်ဂျင်နီယာတွေ ခေါ်ပြီး အကြံဉာဏ်တောင်းရမယ်။ အော် တွေးတာတောင် လေးနေရသေးတယ်။ ဒုက္ခ။

0 comments:
Post a Comment