* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 24, 2009

အာရွက်ား


ဧ၀ံ မေ စိန္တိတံ

လောကကြီးသည် အံ့သြစရာကောင်းလှ၏။ တခါတရံ မမျှော်လင့်သော အရာများသည် ရုတ်တရက် ဖြစ်ပေါ်တတ်၏။ တောင်ယာခုတ်နေသော ကျေးတောသားတစ်ယောက်က သမ္မတ အိမ်ဖြူတော်ကို ရောက်သွားသကဲ့သို့တည်း။ (ဥပမာ- တောင်သူကြီးမင်း)။

တခါတရံ လုံးဝ မျှော်လင့်ထားသောအရာများကလည်း ရုတ်တရက် ပျောက်ကွယ်တတ်၏။ ပါးစပ်ပေါက်နား ရောက်နေသော အသားတုံး ပြုတ်ကျသွားသကဲ့သို့တည်း။ ထို့ကြောင့် ရှေးလူကြီးသူမ များက “ဘ၀ဆိုတာ သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံပါပဲ”ဟု ပြောကြခြင်း ဖြစ်ပေလိမ့်မည်။ သင်ခန်းစာ ယူဘွယ် ကောင်းလှပေ၏တကား။
မိမိသည် ဤနှစ်၌ (၂၀၀၉) မလေးရှားသို့ ရောက်လိမ့်မည်ဟု မမျှော်လင့်ခဲ့သလို သွားမည် ဟုလည်း စိတ်မကူးခဲ့ပါ။ နှစ်ပေါင်းများစွာ ကွဲကွာနေသော မိတ်ဆွေ မလေးရှားကျောင်းထိုင် ဘုန်းကြီးနှင့် အမှတ်မထင် ဆုံတွေ့ရသောကြောင့် ၂၀- ၁၂- ၂၀၀၉- ရက်နေ့တွင် မလေးရှားသို့ အမှတ်တမဲ့ ရောက်ရှိလာခြင်းဖြစ်ပေသည်။

မိမိသည် ဒေါက်တာ အရှင်ဣန္ဒကနှင့် မတွေ့သည်မှာ ၁၀-နှစ်ကျော်သွားပေပြီ။ လူချင်းမတွေ့ သော်လည်း သူသည် သီရိလင်္ကာမှ M.A ဘွဲ့ရကြောင်းကိုလည်းကောင်း၊ ဘုံဘေတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ရကြောင်းကိုလည်းကောင်း၊ ယခုလောလောဆယ်မှာ မလေးရှားမှာ ကျောင်းထိုင်နေ ကြောင်းကိုလည်းကောင်း သူနှင့်ပတ်သက်သည့်သတင်းကတော့ ကြားသိနေရ၏။
ယခုခေတ် မီဒီယာများက လူသားများအတွက် အလွန်ကျေးဇူးများလှပေသည်။ ခေတ္တခဏ ကွဲကွာနေသော မိတ်ဆွေများ၊ လုံးဝ မတွေ့လောက်တော့ဘူးဟု ထင်ရသော မိတ်ဆွေများကို အင်တာနက်၏ ကျေးဇူးကြောင့် ပြန်လည်ဆုံတွေ့ကြ၏။ ထို့ကြောင့် အင်တာနက်သည် မိတ်ဆွေများ ဆုံစည်းရာဋ္ဌာနလေးပင် ဖြစ်နေတော့သည်။ “အို အင်တာနက် thank you very much”ဟု ပြောရမလိုပင်။
ဒေါက်တာ အရှင်ဣန္ဒကနှင့်မိမိသည် အင်တာနက်အွန်လိုင်းပေါ်မှာပင် အမှတ်မထင် ဆုံဖြစ် ခဲ့ကြလေတော့သည်။ ထိုအခါကြမှ သူ့အကြောင်း ကိုယ့်အကြောင်း ပြောဖြစ် လေတော့သည်။
သူသည် မလေးရှားရောက်သည်မှာ ၃-နှစ်ခန့်မျှ ရှိပြီ ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာကို ကိုးကွယ်သူ တရုတ်မျိုးနွယ် ဒကာ, ဒကာမများ၏ ပင့်ဖိတ်မှုကြောင့် ရောက်လာခြင်း ဖြစ်ကြောင်း၊ ဓမ္မပြန့်ပွားရေး အတွက် တတ်နိုင်သမျှ ကြိုးစားဆောင်ရွက်နေကြောင်း၊ တရုတ်ကလေးငယ်များ အတွက် ဆန်းဒေး စကူးလ် ဖွင့်လှစ်ထားကြောင်း၊ မြန်မာပြည်တွင်းမှာလည်း မိတ်ဆွေရဟန်းများနှင့် စုပေါင်း၍ ဓမ္မစင်တာ တစ်ခု ဖွင့်လှစ်ဖို့ စိုင်းပြင်းနေကြောင်း၊ အနာဂတ်ရဟန်းတော်လေးများအတွက် ပညာရေးတိုးတက်ဖို့ သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းစသည်ဖြင့် သူ့ရည်ရွယ်ချက်ကို ပြောပြလေသည်။

မိမိလည်း သူ့၏ ဘာသာ, သာသနာအပေါ်ထားရှိသော သဒ္ဓါတရားကို အတော်လေး အားရ ကျေနပ်မိလေသည်။ သူသည် ရံဖန်ရံခါ စာရေး၏။ မြန်မာလူမျိုးများအား မြန်မာဘာသာဖြင့် ဟောပြီး နိုင်ငံခြားးသားများးအား အင်္ဂလိပ်ဘာသာဖြင့် တရားဟော၏။ ခေတ်နှင့်လျော်ညီသောအမြင်, ခေတ်နှင့်အံဝင်ဂွင်ကျဖြစ်သောအတွေး ရှိ၏။ ဗုဒ္ဓသာသနာတိုးတက်ဖို့အတွက် စိတ်အားထက်သန်၏။ အနေအထိုင်ကောင်း၏။ လူကြီးလူကောင်းပီပီ ပြောတတ်ဆိုတတ်၏။ ထို့ကြောင့် တရုတ်မျိုးနွယ်ဒကာ, ဒကာများက သူ့ကို အထူးလေးစားကြည်ညို ကြပေသည်။

သူသည် မိမိအား မလေးရှားရှိ သူ့ကျောင်းကို လေ့လာဖို့ ဖိတ်ကြားလေသည်။ သို့နှင့် မိမိသည် ကေလနိယတက္ကသိုလ် (သီရိလင်္ကာ) စာမေးပွဲပြီးဆုံးသောအခါ ကွာလာလမ်ပူမြို့သို့ အမှတ်မထင် ရောက်ရှိခဲ့လေတော့သည်။
ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်သို့ ရောက်သောအခါ မလေးရှားနိုင်ငံ၏ အာရှ၏ ကျားတစ်ကောင်ဖြစ်မှန်းကို ကောင်းကောင်းကြီး မြင်တွေ့ရလေတော့သည်။ ကွာလာလမ်ပူ၏ ကြီးကျယ် ခန်းနားမှုက မိမိ၏ မျိုးချစ်စိတ် (၀ံသာနု)ကို အမိမြန်မာပြည်သို့ ဆွဲခေါ်သွားလေတော့သည်။ “ငါတို့ မြန်မာ ပြည်ကြီးလည်း အခုလို ကြီးကျယ်ခန်းနားလျှင် ကောင်းမှာပဲ”ဟု။
လူတိုင်းလူတိုင်းသည် ကိုယ့်နိုင်ငံကိုချစ်၏။ ကိုယ့်ဘာသာကို မြတ်နိုး၏။ ကိုယ့်သာသနာကို တန်ဖိုးထား၏။

ထို့ကြောင့်မြန်မာလူမျိုးမှန်သမျှ ရွှေတိဂုံဘုရားကို တမ်းတခြင်းဖြစ်ပေသည်။ ကမ္ဘာမှာ အလှဆုံး ဗိသုကာကို ပြပါဆိုလျှင် မိမိသည် ရွှေတိဂုံဘုရားကိုပဲ ညွှန်ပြပေမည်။ ရွှေတိဂုံကို ဖယ်ရှားလိုက်လျှင် မြန်မာပြည်၏အလှသည်လည်း နိဂုံးချုပ်သွားပေမည်။ ရွှေတိဂုံဖြင့်တန်ဆာဆင်ထား သော မြန်မာပြည်ကို စက်မှုနိုင်ငံအဖြစ်တည်ဆောက်နိုင်လျှင် အချိုပေါ်သကာလောင်းသကဲ့သို့ “အာရှ၏ ကျားဆိုမှကျား” ဖြစ်သွားပေလိမ့်မည်တကား။

မလေးရှားနိုင်ငံ၌ အလုပ်လုပ်နေကြသော မိမိနှင့်ရင်းနှီးသည့် မြန်မာလူငယ်များကို ပြောဆိုဆက်ဆံကြည့်သောအခါ သူတို့လေးများ၏ အလုပ်ကြိုးစားမှု, ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အပေါ် ချစ်ခင်မှု, မြတ်ဘုရားသာသနာကို လေးလေးစားစား ရှိမှုကို သိမြင်ရခဲ့လေသည်။ အထူးအားဖြင့် သူတို့၏ မျိုးချစ်စိတ်ဓာတ်ကို အတော်လေး သဘောကျမိ၏။
မိမိသည် စူးစမ်းလိုသဖြင့် “မင်းတို့မြန်မာပြည်ကို မပြန်ချင်ဘူးလား”ဟု လူငယ်လေးများကို မေးလိုက်၏။
လူငယ်လေး တစ်ယောက်က ပြော၏။ “ဘုန်းဘုန်းဘုရား ဘယ်လိုမေးလိုက်တာလဲ၊ ပြန်ချင်တာပေါ့၊ အတောင်ပံပါရင် အခုပဲ ချက်ချင်း ထပြီး မြန်မာပြည်ကို ပြန်လိုက်ချင်တယ်ဘုရား”တဲ့။
တချို့ကတော့“ကြီးကျယ်ခန်းနားတဲ့ အဲယားကွန်းလေကို ရှူရတာထက် ရွာရှေ့က တမာရိပ်မှာ သင်းပြန့်ပြန့် လေရနံ့လေးကို ရှူရတာက ပိုပြီးလန်းပါတယ်”တဲ့။ အများအားဖြင့် မြန်မာ လူငယ်လေးများသည် အခြေအနေ အမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား၌ မနေချင်ဘဲနှင့် နေကြရခြင်း ဖြစ်ပေသည်။

အလုပ်အကိုင် အတော်အဆင်ပြင်နေသော ရန်ကုန်သား လူငယ်လေးတစ်ယောက်ကတော့ “မလေးရှားမှာ နေရတာကလည်း ကြီးကျယ်ပါတယ်၊ ၀င်ငွေက လည်း မီလျံနာသူဋ္ဌေးလောက် မဟုတ်တောင် တပည့်တော်အနေနဲ့ဆိုရင် တော်တော် အဆင်ပြေပါတယ်၊ ဒါပေမဲ့ ရွှေတိဂုံဘုရားကို မဖူးရလို့ မပျော်တ၀က် ပျော်တစ်ဝက်ပါဘုရား”တဲ့။

မိမိသည် နိုင်ငံရပ်ခြားတိုင်းတစ်ပါး၌ ၃-နှစ် ၃-မိုး ၀ါဆိုဖူး၏။ သို့သော် ၁-နှစ်မှ မပျော်ရွှင်ခဲ့ပါ။ အခြေအနေအရသာ နေရခြင်းဖြစ်ပေသည်။ မိခင်မြန်မာပြည်က လွဲ၍ ဘယ်တိုင်းပြည်, ဘယ်နိုင်ငံမျှ မနေချင်။ ထို့ကြောင့် သူတို့လေးများ၏ အလွမ်းဓာတ်ကို မိမိ ကိုယ်ချင်းစာမိပါသည်။ ကိုယ့်တိုင်းပြည်ကိုချစ်သောကြောင့် ကိုယ့်တိုင်းပြည်ကို လွမ်းကြခြင်းပင်တည်း။ ကိုယ်ချစ်သော အမိတိုင်းပြည်ကို တိုးတက်စေချင်သည်မှာလည်း မြန်မာလူမျိုးတိုင်းရဲ့တစ်ခုတည်းသော ဆန္ဒပင်။
ထို့ကြောင့် အာရှ၏ကျားတစ်ကောင်အဖြစ် ရပ်တည်နေသော မလေးရှားကို ကြည့်ပြီး ဧ၀ံ- ဤသို့၊ မေ- ငါသည်၊ စိန္တိတံ- ကြံစည်စဉ်းစား မိလေတော့သည်။ တနေ့သောအခါ -
“မြန်မာသည် အာရှ၏ ကျားဆိုကျား၊ ကိုးတောင်ပြည့်ကျား”

---------------
အရှင်ဒေ၀ိန္ဒာဘိဝံသ


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP