* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 24, 2009

ပဋာစာရီထေရီ အပိုင်း-၂


ထိုဘိက္ခုနီ နတ်သမီးသည် ငါတို့မြတ်စွာဘုရား ပွင့်တော်မူသောအခါ သာဝတ္ထိပြည်၌ သူဌေးသမီးဖြစ်၍ အရွယ်သို့ ရောက်သောအခါ မိမိအိမ်၌ ခိုင်းစေ၍ နေသော အစေခံယောင်္ကျားနှင့် မှားယွင်းနေသည်ကို အမိ အဘတို့ မသိကြဘဲ အမျိုးတူသော သူဌေးသားနှင့် ပေးစား လက်ထပ်ရန် နေ့ရက် ချိန်းချက်သည်ကို သိလျှင် မိမိ ချစ်ကျွမ်းဝင်၍ နေသော အစေခံ ယောင်္ကျားကို ခေါ်၍ အမိအဘတို့ မသိအောင် အိမ်နောက်ဖေး တံခါးငယ်ဖြင့် ထွက်ပြေး၍ တစ်ခုသော ရွာငယ်တွင် နေထိုင်ကြလေ၏။

အစေအပါး ကျွန်ယောင်္ကျားနှင့် လိုက်သွား ပျော်မြူး ကာမကျူး၍ သားဦး သန္ဓေ တည်နေသဖြင့် ကိုယ်ဝန်ရင့်သော် အခွင့်မသာ ဆွေဉာကင်းဝေး ရပ်တစ်ကျေး၌ သားမွေး ကိစ္စ မသင့်လှ၍ မိဘတို့ထံ ပြန်ပို့ပါဟု မောင်ဒါသကို ပြောဆိုရာ ထိုနေ့သွားမည်၊ ဤနေ့သွားမည်၊ ရက်ရှည် နေ့များ ဆွဲ၍ ထားသဖြင့် ကြာမြင့်လေ၏။

ရက်ရှည်နေ့များ ဆွဲ၍ ထားသဖြင့် ယောင်္ကျား ငမိုက် ငါမှားလို့ ကြိုက်မိသည်၊ သင်းလိုက်၍ ပို့ဝံ့မည် မဟုတ်ဟု အထုပ်အပိုးများကို သင့်ရာ လျော်ရာ သိမ်းသို၍ ထားပြီးလျှင် ယောင်္ကျား မရှိခိုက် အိမ်နီးချင်းများကို မှာထား၍ မိဘထံ ပြန်တော့မည်ဟု တစ်ယောက်တည်း ထွက်ခဲ့၏။

မောင်ဒါသ ရောက်လာ၍ အိမ်မှာ မမြင်၍ မေးလေလျှင် အိမ်နီးချင်းတို့ ပြောစကားနှင့် သနားသောစိတ် ဖြစ်လှသော မောင်ဒါသသည် ငါ့ကို အမှီပြု၍ အမျိုးကောင်း သမီးမှာ ကိုးကွယ်ရာမဲ့ ဖြစ်ရတော့မည်ဟု ထွက်သွားသော လမ်းမှ ခြေလှမ်းသော အစဉ် ခြေရာကို မြင်၍ လျင်စွာ လိုက်လာသဖြင့် မြို့ရွာမနီး ခရီးလမ်း အကြားတွင် သားမွေး၍ နေသည်ကို မီလေ၍ သားမွေးခြင်း ကိစ္စ ပြီးသောအခါ မိဘတို့ထံ ပြန်လိုသောစိတ် မရှိသဖြင့် မိမိလင်ယောင်္ကျား မောင်ဒါသကို ခေါ်ယူ၍ ပြန်လာပြီးလျှင် တောရွာ၌ပင် နေပြန်၏။

ထို့နောက် တစ်ဖန် သားရှိပြန်သော် ရှေးအတူပင် မိဘတို့ထံ ပြန်၍ သားဖွားမည်ဟု မောင်ဒါသကို မပန်ဘဲ လာခဲ့ပြန်ရာ လမ်းခရီး အကြား၌ မောင်ဒါသ လိုက်လာ၍ မီပြန်၏။ ထိုအခါ၌ ကမ္မဇလေ လှုပ်ရှားသဖြင့် ကြီးမားဆင်းရဲ လွန်ကဲလှစွာ ဝမ်းဗိုက်နာ၍ သားဖွားလေ၏။

ထိုသို့ သားဖွားဆဲ့အခါတွင် ကြီးစွာသော မိုးကြီးသည် သည်းထန်စွာ ရွာလေ၏။ ထိုအခါ ချစ်လင် ကိုဒါသ မိုးလုံရာ ဌာနကို ရအောင်ရှာလော့ဟု ခိုင်းစေ၍ မောင်ဒါသ သည်လည်း ထိုမှ ဤမှ ကြည့်ရှု ရှာဖွေသောအခါ မြက်တို့ဖြင့် ဖုံးအုပ်၍ နေသော ချုံတစ်ခုကို မြင်၍ ထိုချုံသို့ သွားပြီးလျှင် လက်မှာ ကိုင်လျက် ပါလာသော ပဲကွပ်ဖြင့် မြက်ဖုံး၍နေသော တောင်ပို့တွင်း၏ အထက်မှ သစ်သားကို ခုတ်ဖြတ်သောအခါ တောင်ပို့ အတွင်းမှ အဆိပ်ထန်သော မြွေဟောက်သည် ဒေါသမာန် ထွက်၍ ကိုက်ပေါက်သဖြင့် ထိုနေရာ၌ပင် လဲလူး၍ သေခြင်းသို့ ရောက်ရှာလေ၏။

စည်းစိမ်ဥစ္စာ ချမ်းသာပေါများသော သူဌေးသမီးသည် ကာမဝိဘက် နှောင့်ယှက်၍ ပျက်ပြား ကျွန်နှင့် မှား၍ ကြီးမားသော ဆင်းရဲကို ခံလျက် ကိုဒါသ လာခဲလှသည်ဟု မျှော်ကာ ရှုကြည့်နေစဉ် နေဝင်၍ သွားသဖြင့် တစ်ညလုံး သည်းထန်စွာ ရွာသွန်းသော မိုးရေထဲ၌ စိုရွှဲသော အဝတ်တို့ဖြင့် ဖုံးအုပ်လျက် လေတိုက် မိုးစိုသဖြင့် ငိုကြွေးသော ကလေးနှစ်ယောက်ကို ရင်ခွင်အကြား၌ ထား၍ ပုဆစ် ဒူးနှစ်ဖက်ကိုတုပ်ကွေး လက်နှစ်ဖက်ဖြင့် ပိုက်ထွေးလျက် မြေကြီးမှာ ဝပ်ပြီးလျှင် တစ်ညလုံး ဆင်းရဲကြီးစွာ နေရရှာ၏။

နံနက်မိုးသောက် အလင်းရောက်လျှင် မံသပေသိဝဏ္ဏ-သားတစ်အဆင်း ခြင်းခြင်းနီတွေး မွေးခါစ သားကလေးကို အဝတ်နှင့် ပိုက်ထွေး၍ သားအကြီးကို လက်မှာဆွဲလျက် လင်ယောင်္ကျား၏ သွားရာလမ်းသို့ လိုက်သည်ရှိသော် တောင်ပို့၏ အနီး၌ ကိုးကွယ်ရာမဲ့ သေဆုံးနေသည်ကို မြင်လျှင် ငါ့ကို အမှီပြု၍ ငါ၏ ချစ်လင် သေဆုံးရလေခြင်းဟု မြည်တမ်း ငိုကြွေးလျက် ပြန်လာခဲ့၏။

တစ်ညလုံး ရွာသွန်းသော မိုးရေဖြင့် ဒူးပုဆစ်မျှ ရှိသည့် ရေစီးရှိသော ချောင်းငယ်တစ်ခုသို့ ရောက်လျှင် ဉာဏ်အား ကိုယ်အား နည်းပါးလှသဖြင့် သားငယ်နှစ်ယောက် တို့နှင့် ရေသို့ ကူးသွားခြင်းငှာ မဝံ့ရဲရကား သားအကြီးကို ဤမှာဖက် မြစ်ကမ်း၌ ထားခဲ့၍ မွေးခါစ ဖြစ်၍ သားတစ်အဆင်း ခြင်းခြင်းနီထွေး သားကလေးကို ပိုက်ချီကာ မြစ်ချောင်းကို ဖြတ်ကူးလျက် တစ်ဖက်ကမ်းသို့ ရောက်လျှင် သစ်ခက်တို့ကို ချိုးကာ မြေမှာခင်း၍ ထိုသစ်ခက်ပေါ်မှ အဝတ်ဖြင့် ထွေးကာ သားကလေးကို သိပ်ထားခဲ့၏။

(ပဋာစာရီထေရီ အပိုင်း-၂ အဆက်အား ဆက်တင်ပါမည်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP