ပဋာစာရီထေရီ
ပဋာစာရီ ရဟန္တာ အရှင်မ၏ အလောင်းအလျာသည် ပဒုမုတ္တရ မြတ်စွာဘုရား လက်ထက်တော်၌ သူဌေးသမီး ဖြစ်၍ မြတ်စွာဘုရား တရားတော်ကို နာရန် ကျောင်းတော်သို့ ရောက်သွားလေသည်။
ထိုအခါ မြတ်စွာဘုရားသည် ဟာရိနီ မည်တော်ရှိသော ရဟန်း မိန်းမ တစ်ဦးကို ဝိနည်း ပိဋကတ်တော် ကျင့်ဆောင်နိုင်သော အရာ၌ ဧတဒဂ် ထားတော်မူသည်။ ထိုအခြင်းအရာကို မြင်သော သူဌေးသမီးသည် ဘုရား အမှူးရှိသော သံဃာတော် အရှင်မြတ် တို့အား ဆွမ်းကပ်ပွဲ ပြုလုပ်ပူဇော်၍ “နောင် ပွင့်တော်မူသော မြတ်စွာဘုရားတို့ လက်ထက်တွင် ဟာရိနီ ရဟန္တာ အရှင်မကဲ့သို့ ဝိနယဓရ ဧတဒဂ် ရပါစေသော” ဟု ဆုတောင်းသည်။ ပဒုမုတ္တရ မြတ်စွာဘုရားလည်း “သူဌေးသမီး တောင်းသည့်ဆု အတိုင်း ပြည့်စုံလတ္တံ့” ဟု ဗျာဒိတ် ပေးတော်မူလိုက်၏။
ထိုသူဌေးသမီးသည် အသက်ရှည်သမျှ ကာလပတ်လုံး ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်၍ စုတေသည်ရှိသော် နတ်ပြည်၌ ဖြစ်လေ၏။ ဤသို့လျှင် လူ့ပြည် နတ်ပြည်တို့၌ ကျင်လည်၍ ကမ္ဘာတစ်သိန်း လွန်သည်ရှိသော် ဤဘဒ္ဒကပ် ကမ္ဘာအတွင်း၌ ကဿပ မြတ်စွာဘုရား ပွင့်တော်မူသောအခါ ကာသိတိုင်း ဗာရာဏသီပြည်ဝယ် ကိကီမင်းကြီး၏ သမီးတော် ခုနှစ်ယောက်တို့တွင် ဘိက္ခုနီ ဟူသောအမည်ဖြင့် တတိယ သမီးတော် ဖြစ်၍ နှစ်ပေါင်း နှစ်သောင်း အတွင်း၌ ကောင်းမှု ကုသိုလ်များ ပြုလုပ်ပွားများကာ စုတေလျှင် တာဝတိံသာ နတ်ပြည်၌ ဖြစ်လေ၏။
(ပဋာစာရီထေရီ အပိုင်း-၂ အား ဆက်တင်ပါမည်)


0 comments:
Post a Comment