* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 24, 2009

မေ့လျှင် လျော့မယ်...

သတ္တ၀ါတွေအားလုံးဟာ တစ်နေ့ကျရင် အမှန်တကယ် သေကြရမယ် ဆိုတာကတော့ အသေအချာပါပဲ။ ဒါပေမဲ့ လူတွေဟာ သေခြင်းတရားကို မေ့မေ့လျော့လျော့ ဖြစ်နေတတ်ကြတယ်။ သေခြင်းတရားကို မေ့နေတာဟာ ကိုယ့်ကိုယ်ကို မသေတော့ဘူးလို့ ထင်နေတာပါပဲ။ ကိုယ့်ကိုယ်ကို မသေဘူးလို့ ထင်နေရင် ငါဟာ မြဲတယ် ဆိုတဲ့ အတ္တဟာ ကပ်နေပြီ။
သူများတွေ သေတာ တွေ့ပေမဲ့ ငါဟာလည်း သေမယ် ဆိုတာကို ကိုယ့်ကိုယ်ကို မယုံနိုင် ဖြစ်နေတတ်ပါတယ်။ ဒါဟာ သေခြင်းတရားကို မယုံလို့ပဲ။ သေခြင်းတရားကို မေ့နေလို့ပဲ။ အနတ္တကို ပိုင်ပိုင်နိုင်နိုင် မသိသေးလို့ ပါပဲ။
သေခြင်းတရားကို မေ့နေတဲ့ အတွက် လောဘကိုလည်း အတောမသတ်နိုင်ဘူး။ ဒေါသကိုလည်း အလျှော့မပေးနိုင်ဘူး။ မောဟ ဆိုတဲ့ မသိမှုက လောဘ၊ ဒေါသကို ပိုပြီးဖြစ်လာအောင် အားပေးနေတာ ကိုလည်း ကိုယ့်ကိုယ်ကို ဟုတ်လှနေပြီ ထင်နေတယ်။
ကိလေသာနယ်ထဲကနေ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေရတာကို မသိဘူး။ သတိ မရဘူး။ မေ့နေတယ်။
ကိလေသာက ဘာနဲ့တူသလဲ ဆိုတော့ ဆားငန်ရေလိုပါပဲ။ ဘယ်လောက်ပဲ သောက်သောက် ငတ်မပြေဘူးလေ။ လူတွေဟာ ကိလေသာတွေနဲ့ပဲ တစ်နေကုန် တစ်နေခန်း စိန်ပြေးတမ်း ကစားနေတော့တာပဲ။ ဒါပေမဲ့ ကိလေသာတွေနဲ့ပဲ ပျော်နေကြတဲ့ လူတွေကတော့ အဲဒီ ကိလေသာတွေနဲ့ပဲ စိန်ပြေတမ်း ကစားနေကြတာ မောတယ် လို့ကို မရှိကြဘူး။ ပျော်စရာ ကောင်းတယ်လို့ပဲ ထင်နေကြတယ်။
မိုးလင်းကနေ မိုးချုပ် ကုန်ဆုံးသွားတဲ့ စက္ကန့်တွေမှာ ကိလေသာ အငွေ့အသက်တွေနဲ့ လိမ်းကျံထားနေတာက များနေတယ်။
လောဘအားကြီးတဲ့ လူတွေကလည်း အလိုကို မပြည့်နိုင်ဘူး။ လောဘရဲ့ ခေါ်ဆောင်ရာ နောက်ကို လိုက်နေကြရတာ။ လိုချင်တာတွေက များလွန်းအားကြီးတော့ မရတဲ့အခါကျရင် ဒေါသက ထွက်လာရပါလေရော။ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့ စကားတောင် ရှိသေးတယ် မဟုတ်လား။
ဒေါသအားကြီးတဲ့ လူတွေကလည်း ဘာလေးပဲ ဖြစ်ဖြစ် ဒေါသထွက်လိုက်ရမှ ထမင်းစားဝင်၊ အိပ်ပျော်သွား သလိုပါပဲ။ ဒေါသရဲ့ ခိုင်းတိုင်း လိုက်လုပ်နေကြတဲ့ လူတွေလေ။ တစ်ခါတလေ ကိုယ့်ကိုယ်ကို တစ်ယောက်တည်းနေရင်းနဲ့တောင် ဒေါသထွက်နေတတ်ကြတာ။ အဲဒါက အလိုမကျမှုတွေကြောင့် ပါပဲ။
သေခြင်းတရားကို မေ့လေလေ လောဘ၊ ဒေါသအားက ကြီးလေလေပါပဲ။ အပြန်အလှန် ပြန်ပြီးတော့ စဉ်းစားကြည့်ရင် သေခြင်းတရားကို သတိရလေလေ လောဘ၊ ဒေါသအား က နည်းလေလေပါပဲ။
သေခြင်းတရားကို မေ့နေရင် ကောင်းမှုကုသိုလ်တွေကို လုပ်ဖို့ မေ့နေတတ်တယ်။ သေခြင်းတရားကို သတိရနေရင် ကောင်းမှုကုသိုလ်တွေကို လုပ်ဖို့ သတိရနေတတ်တယ်။ သတိ ရနေတယ် ဆိုတာက မမေ့ဘူး လို့ ဆိုလိုတာနဲ့ အတူတူပါပဲ။ မမေ့ဘူး ဆိုတော့ သတိရနေတာပေါ့။
သတိနဲ့ ပတ်သက်ပြီးတော့ အဇိတ ကနေ မြတ်စွာဘုရားကို မေးခွန်းများ မေးတဲ့အခါမှာ မြတ်စွာဘုရား ဖြေကြားတော်မူခဲ့ပုံမှာ အလွန်ပင် နှစ်ခြိုက်စရာ၊ မှတ်သားဖွယ်ရာ ကောင်းလှပါတယ်။
အဇိတ က
မြတ်စွာဘုရား… လောကကို အဘယ်တရားက ဖုံးလွှမ်းထားပါသနည်း။ လောကသည် အဘယ်တရားကြောင့် မထင်ရှားပါသနည်း။ အဘယ်တရားကို လိမ်းကျံကပ်ငြိတတ်သော တရားဟု ဟောတော်မူပါ သနည်း။ အဘယ်တရားသည် ထိုလောက၏ ဘေးကြီး ဖြစ်ပါသနည်း
မြတ်စွာဘုရားက
အဇိတ… လောကကို မသိမှု ‘အ၀ိဇ္ဇာ’ က ဖုံးလွှမ်းထား၏။ မိမိအား ဖြစ်စေလို၍ သူတစ်ပါးအား မဖြစ်စေလိုမှု ‘မစ္ဆရိယ’ နှင့် မေ့လျော့မှု ‘ပမာဒ’ တရားကြောင့် လောကသည် မထင်ရှား။ မြည်တမ်းကြောင်း တဏှာကို လောကအား လိမ်ကျံ ကပ်ငြိကပ်တတ်သော တရားဟု ငါဆို၏။ သံသရာဝဋ် ဒုက္ခသည် ထိုလောက၏ ဘေးကြီး ဖြစ်၏
အဇိတက ဒုတယ မေးခွန်းများကို မေးပြန်သည်။
မြတ်စွာဘုရား… အာယတန အားလုံးတို့၌ တဏှာအလျဉ်တို့သည် စီးကုန်၏။ တဏှာအလျဉ်တို့ကို အဘယ်တရားသည် တားမြစ်ပိတ်ပင် နိုင်ပါသနည်း။ တဏှာအလျဉ်တို့ကို စောင့်စည်း ပိတ်ဆို့နိုင်သော တရားကို ဟောတော်မူပါလော့။ အဘယ်တရားက တဏှာအလျဉ်တို့ကို စောင့်စည်း ပိတ်ဆို့ နိုင်ပါသနည်း
မြတ်စွာဘုရားက ဖြေတော်မူသည်။
အဇိတ… လောက၌ စီးသွားကုန်သော တဏှာအလျဉ်တို့ကို အောက်မေ့မှု ‘သတိ’ သည် တားမြစ် ပိတ်ပင်နိုင်၏။ တဏှာအလျဉ်တို့ကို စောင့်စည်း ပိတ်ဆို့နိုင်သော တရားကို ငါဆိုအံ့။ ပညာ က ထိုတဏှာအလျဉ်တို့ကို စောင့်စည်း ပိတ်ဆို့ နိုင်၏
တတိယမြောက် မေးခွန်းများကို အဇိတ က မေးလျှောက်ပြန်သည်။
မြတ်စွာဘုရား… ပညာသည် လည်းကောင်း၊ သတိသည် လည်းကောင်း၊ နာမ်ရုပ်သည် လည်းကောင်း ရှိပါ၏။ ဤ ပညာ၊ သတိ၊ နာမ်ရုပ် တရားသည် အဘယ်၌ ချုပ်ပါသနည်း။ ဤအကြောင်းကို ကျွန်ုပ်အား ဟောတော်မူပါ
တတိယမြောက် မေးခွန်းကို မြတ်စွာဘုရားက ဖြေတော်မူသည်။
အဇိတ… အကြင်နိဗ္ဗာန်၌ နာမ်သည် လည်းကောင်း၊ ရုပ်သည် လည်းကောင်း အကြွင်းမဲ့ ချုပ်၏။ ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူသော အဘိသင်္ခါရ၀ိညဉ်၏ ချုပ်ရာ နိဗ္ဗာန်၌ ဤနာမ်ရုပ်သည် ချုပ်၏
နောက်တစ်ဖန် အဇိတက မေးလျှောက်ပြန်သည်။
မြတ်စွာဘုရား… ဤလောက၌ အကြင်ပုဂ္ဂိုလ် တို့သည်ကား တရားကို သိပြီးသော ရဟန္တာ ပုဂ္ဂိုလ် ဖြစ်ကုန်၏။ များစွာသော အကြင်ပုဂ္ဂိုလ်တို့သည်ကား ကျင့်ဆဲ ‘သေက္ခ’ ပုဂ္ဂိုလ်တို့ ဖြစ်ကုန်၏။ ထိုပုဂ္ဂိုလ်တို့၏ အကျင့်ကို ကျွန်ုပ်အား ဟောတော်မူပါ
မြတ်စွာဘုရားကလည်း ဖြေတော်မူလေသည်။
အဇိတ… ရဟန်းသည် ကာမတို့၍ မတပ်မက် မတွယ်တာရာ၊ စိတ်ညစ်ညူး နောက်ကျူသူ မဖြစ်ရာ၊ တရားအားလုံး၌ လိမ္မာသည် သတိ ရှိသည် ဖြစ်၍ နေထိုင်ရာ၏
မြတ်စွာဘုရားက အဇိတ ကို ဖြေတော်မူထားတဲ့ အဖြေတွေမှာ သတိ ကို အဓိက ထားပြီး မိန့်ဆိုထားပါတယ်။ မြတ်စွာဘုရားရဲ့ နောက်ဆုံး စကားတော်မှာ တောင်မှ မမေ့မလျော့တဲ့ သတိနဲ့ နေကြဖို့ မှာကြားသွားသေးတယ် မဟုတ်လား။
သတိကြောင့်သာ ကောင်းမှုကုသိုလ်တွေ တိုးပွားလာပြီး နိဗ္ဗာန်အထိ အကျိုးပေးသွားတယ်။
ဆရာဝန်တွေက လူနာကို မေ့ဆေး ပေးထားရင် လူနာဟာ မေ့နေပြီး ဘာကိုမှ သတိမရတော့ဘူး။ သတိမရအောင် လုပ်ထားတော့ မေ့နေတယ်။ မေ့နေတော့ မျောနေတာပေါ့။ ဒါကြောင့် မေ့မျော ဆိုတဲ့ စကားက ရှိနေတာလေ။
သံသရာမှာလဲ အဲဒီ အတိုင်းပဲ သတိမရတော့ ကုသိုလ် လုပ်ဖို့ မေ့နေတယ်။ မေ့နေတော့ သံသရာမှာ မျောဖို့သာ ရှိတော့တယ်။
မမေ့မလျော့ ဆိုတော့ မေ့ရင် လျော့မယ် လို့ ဆိုလိုတာပါပဲ။ မမေ့ဖို့ ဆိုတာကလည်း သတိရှိနေဖို့ လိုတယ်။ သတိ ရှိနေမှ မမေ့မှာ။ မမေ့မှ မလျော့မှာ။
အဲဒါဆိုရင်တော့ မမေ့မလျော့အောင် သတိ ရှိနေကြဖို့ သတိပေးလိုက်ပါရစေ…..


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP