ပဋာစာရီထေရီ အပိုင်း-၂ အဆက်
ထို့နောက်သားအကြီးကို ဆောင်ယူရန် ပြန်လာ၍ မြစ်ကိုကူးသောအခါ သိပ်ထားခဲ့သော သားကို ပြန်ကာ လှည့်ကာ မကြာမကြာ မျှော်လျက် မြစ်လယ်သို့ ရောက်လာ၏။ ထိုအခါ စွန်ရဲတစ်ကောင်သည် မွေးခါစ သားလေးကို သားတစ်ဟု ထင်ပြီး ထိုးသုတ်ချီယူသွားရာ လက်နှစ်ဖက်တို့ကို မြှောက်၍ အော်ဟစ်ကာ ခြောက်သည်ကို မြစ်ကမ်းတစ်ဖက်၌ ထားခဲ့သော သားကြီးမှာ အမိခေါ်သည်ဟု ထင်မှတ်၍ မြစ်ချောင်း ရေထဲသို့ လျင်စွာ ပြေးဆင်းသောအခါ မျောပါသွားသဖြင့် သေဆုံးရှာပြန်၏။
သားငယ်ကို စွန်သုတ်၊ ရေမြှုပ်၍ သားကြီးသေ၊ လင်ယောင်္ကျားလည်း မြွေကိုက်၍ လမ်းမှာသေဆုံး သားနှစ်ယောက် လင်တစ်ယောက်တို့ ရှေ့နောက်မကွာ ဆက်ကာ လက်ငင်း ချက်ချင်းခဏ သုံးယောက်လုံး သေကြ၍ သောကလောင်မီး ပူအားကြီး၍ ရင်တီးလက်ခတ် ဆတ်ဆတ်တုန်မျှ ပူဆွေးလှသော သူဌေးသမီးသည် ရင်ဘတ်ကို တီးလျက် ငိုညည်းကာ သွားပြန်လျှင် သာဝတ္ထိပြည်မှ လာသော ခရီးသွား ယောင်္ကျားတစ်ယောက်နှင့် တွေ့၍ “အမောင် ဘယ်အရပ်သားပါနည်း” ဟု မေး၏။
သာဝတ္ထိပြည်သား ဖြစ်ကြောင်းပြော၍ သာဝတ္ထိပြည် ဤမည်သောလမ်း၌ ဤမည်သော သူဌေးကို သိပါ၏လောဟု မေးလျှင် “ထိုသူဌေးကို သိပါ၏။ သို့သော်လည်း ထိုသူဌေး အကြောင်းကို မမေးပါလင့်၊ မေးလိုလျှင် တစ်ပါးသော အကြောင်းကို မေးပါလော့” ဟု ဆိုပေ၏။
“တစ်ပါးသော အကြောင်းကို မမေးလိုပါ၊ ထိုသူဌေးကိုသာ မေးလိုပါသည်” ပြောလျှင် “အမိ၊ သင်သည် မပြောလိုသည်ကို အခွင့်မပေး ထပ်၍မေး၏။ ယမန်နေ့ တစ်ညလုံးရွာသော မိုးကြီးကို သင်မြင်ပါ၏လော” ဟု မေးသော် “မြင်ပါ၏ မောင်၊ ငါသည်လည်း တစ်ညလုံး ရွာသော မိုးစို၌ နေရ၏။ ထိုအကြောင်းကို နောက်မှ ပြောပါအံ့၊ သူဌေး အကြောင်းကိုသာလျှင် ရှေးဦးစွာ ပြောပါဦးလော့” ဟု မေး၏။
ယမန်နေ့ည ရွာသော မိုးကြီးဖြင့် သူဌေးကြီး၊ သူဌေးကတော်ကြီးနှင့် သားကြီးတစ်ယောက်၊ ဤသုံးယောက်လုံးကို တိုက်ပြိုပိသဖြင့် တစ်ပြိုင်တည်း မီးသဂြိုဟ်ရ၏။ မီးခိုးတထောင်းထောင်း တလူလူနေသည်ကို ဟိုမှာကြည့်လေလော့” ဟု လက်ညှိုးထိုးကာ မီးခိုးကို ပြသောခဏ၌ ကိုယ်မှ ခါးဝတ်လျှောကျ၍ ကျွတ်သည်ကို ကျွတ်မှန်းမသိ၊ သတိမရ၊ သောကုမ္မတ္တက အဖြစ်သို့ ရောက်၍ “သားနှစ်ယောက်လည်းသေ၊ လင်လည်းသေ၊ အမိအဖလည်းဆုံး၊ မောင်လည်းဆုံး၊ အားလုံးရှို့မြိုက်၊ မီးလောင်တိုက်။ သားနှစ်ယောက်လုံးသေ၊ လင်လည်းသေ၊ အမိအဖလည်း ဆုံး၊ မောင်လည်းဆုံး၊ အားလုံး မီးတိုက်ရှို့၍မြိုက်၊ လောင်တိုက်အပူ ပွက်ပွက်ဆူ” ဟူ၍သာ အခါခါ ဆိုမြည်လျက် ရူးသွပ်ရှာလေသတည်း။
ထိုအခါမှ စ၍ ကိုယ်မှ အဝတ်လျှောကျ၍ ကျွတ်သဖြင့် အဝတ်မရှိသော ကိုယ်ဖြင့် ထိုအရပ်သို့ လှည့်ပတ် သွားလာ၍ နေသောကြောင့် ‘ပဋာစာရီ’ ဟူသော အမည် ဖြစ်လေသည်။
(ပဋာစာရီထေရီ အပိုင်း-၃ အား ဆက်တင်ပါမည်)


0 comments:
Post a Comment