* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 24, 2009

ပဋာစာရီထေရီ အပိုင်း-၃ နိဂုံး


ထိုကဲ့သို့ အဝတ်မပါ သွားလာလှည့်ပတ်၍ နေသည်ကို အချို့သူတို့သည် အရူးမ သွားလေလော့ ဟု ဆို၍ ဦးခေါင်းထက်၌ အမှိုက်ကို လောင်းသူ လောင်း၊ မြေမှုန့်ဖြင့် ပက်သူ ပက်၊ အုတ်ခဲ ကျောက်ခဲ့ဖြင့် ပစ်သူ ပစ်၊ ညစ်ထေးပေရေ ပိန်ချုံး၍ နေလေသည်။

တစ်နေ့သ၌ မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော် အတွင်း များစွာသော ပရိသတ် အလယ်၌ တရားဟောတော်မူသော နေရာသို့ လှည့်လည်လာသည်ကို မြင်တော်မူလျှင် ပဋာစာရီ၏ ပါရမီဉာဏ် ရင့်ပြီးသည်ကို ကြည့်တော်မူ၍ ကျောင်းတိုက်အတွင်းသို့ ဝင်လာစေသတည်း ဟု အဓိဌာန်တော်မူ၍ ကျောင်းတိုက်အတွင်းသို့ လာလေ၏။ မြင်သော လူတို့သည် ဤ အရူးမကို လာခွင့်မပေးကြကုန်လင့်ဟု ပြောဆိုကြကုန်၏။

မြတ်စွာဘုရားသည် မတားမြစ် ကြကုန်လင့်ဟု မိန့်တော်မူ၍ မနီးမဝေးသို့ ရောက်သောအခါ “သတိကို ရစေလော့” ဟု သတိပေးတော်မူသဖြင့် မြတ်စွာဘုရား၏ အာနုဘော်ကြောင့် သတိရလာသောအခါတွင် အဝတ်မပါမှန်းသိ၍ ရှက်ကြောက်ကာ ဒူးပုဆစ်ချ၍ မြေမှာ ဝပ်လေ၏။

ထိုအခါ ယောင်္ကျား တစ်ယောက်သည် အပေါ်ရုံ ပုဆိုးပိုင်း တစ်ခုကို ပစ်ပေးလိုက်သော် ထိုပုဆိုးကို ကောက်ယူ ဖုံးလွှမ်းလျက် မြတ်စွာဘုရား၏ ခြေတော်ရင်းသို့ ကပ်ပြီးလျှင် ငါးပါးသော တည်ကြည်ခြင်းဖြင့် ဦးချရှိခိုး၍ “တပည့်တော်မ၏ သားငယ်ကို စွန်ချီ၍ သွားပါသည်၊ သားအကြီးမှာ ရေမျော၍ သွားပါသည်၊ လင်ယောင်္ကျားသည်ကား လမ်းခရီးတွင် သေဆုံး၍ အမိ အဖရှိရာ လာခဲ့သောအခါ အမိ အဖနှင့် မောင်ကြီးတို့မှာ တိုက်ပြိုပိသဖြင့် သုံးယောက်လုံး တစ်ပြိုင်နက် မီးသဂြိုဟ်သော မီးခိုးကို မြင်ရပါတော့သည် ဘုရား” ဟူ၍ ပူခန်းတွေ အလုံးစုံ ပြန်ကြား၍ လျှောက်ထားလေ၏။

မြတ်စွာဘုရားသည် “ချစ်သမီး ပဋာစာရီ၊ ထွေထွေ ရာရာ ကြံစည်၍ မနေလင့်၊ ချစ်သမီး၏ မှီခို အားထားရာသည် ငါဘုရား ဖြစ်နိုင်၏။ အားထားလောက်သော ငါဘုရား၏ အထံသို့ ချစ်သမီး ရောက်၍လာ၏။ ချစ်သမီးသည် သားနှစ်ယောက် လင်တစ်ယောက် အမိအဖ မောင်ကြီးတို့ သေဆုံး၍ ငိုကြွေး ရသော မျက်ရည်ကဲ့သို့ သံသရာဘဝ အဆက်ဆက်က ငိုကြွေးခဲ့ဖူးသော မျက်ရည်တို့သည် မဟာသမုဒ္ဒရာလေးစင်း ရေထက်ပင် များသေး၏” ဟု မိန့်တော်မူ၏။

ဤသို့ မြတ်စွာဘုရား မိန့်တော်မူသောအခါ ပဋာစာရီသည် သောကမီး အေးငြိမ်း၍ သွားသဖြင့် စိတ်ကြည်လင် လာလေတော့သည်။ ထိုအခါ မြတ်စွာဘုရားသည် ဆက်လက်၍ “သေမင်းယုတ်သည် နှိပ်စက်သောသူ၏ ကိုးကွယ်အားထားစရာ သားသမီးတို့သည် မရှိကုန်၊ ဆွေမျိုးတို့သည် မရှိကုန်၊ အဆွေခင်ပွန်းသည်လည်း မရှိကုန်၊ ဆွေမျိုးတို့၌ ကိုးကွယ်အားထား စရာသည် မရှိချေ။ ဤသို့သော သဘောကို သိ၍ ပညာရှိသည် သီလကို စောင့်စည်းလျက် နိဗ္ဗာန်ရောက်ကြောင်း မဂ်လမ်းကောင်းကို လျင်စွာသာလျှင် သုတ်သင်၏” အစရှိသော ဂါထာကို ဟောတော်မူသော အဆုံး၌ ပဋာစာရီသည် သောတာပန် တည်လေ၏။

ထိုနောက် ပဋာစာရီသည် ရဟန်းမိန်းမ ပြုခွင့်တောင်းသဖြင့် မြတ်စွာဘုရားသည် ဘိက္ခုနီတို့ထံသို့ ပို့ပေးတော်မူပေသည်။ ပဋာစာရီသည် ရဟန်းမိန်းမ ပြုပြီးနောက် အထက်မဂ် သုံးပါးအလို့ငှာ ဖြစ်ပျက် ကမ္မဌာန်းကို စီးဖြန်းလျက်၊ တစ်နေ့သ၌ ရေကိုယူ၍ ခြေဆေး၏။

ခြေဆေးသောအခါ အနည်းငယ် စီးဆင်းသွားသော ရေသည် ခန်းခြောက်၍ ပြတ်သွား၏။ ဒုတိယအကြိမ် လောင်းသော ရေသည် ထိုထက်အနည်းငယ် ပိုလွန်၍ စီးသွားပြီးလျှင် ခန်းခြောက်သွားသည်ကို အာရုံခံယူ၍ ရေလောင်းပြန်ရာ၊ တတိယလောင်းသော ရေသည် ခပ်ဝေးဝေး စီးဆင်းသွား၍ ခန်းခြောက်ပြန်၏။

“ထို့အတူ သတ္တဝါတို့သည် ပထမအရွယ်၌ သေကြ၏။ ဒုတိယအရွယ်၌လည်း သေကြေကြ၏။ တတိယအရွယ်၌လည်း သေကြရကုန်၏” ဟု ကြံ၍ “ဖြစ်ဖြစ်သမျှ သင်္ခါရတို့သည် ပျက်ကြကုန်၏” ဟု ဖြစ်ပျက်ကို ရှုလျက်နေသည်ကို မြတ်စွာဘုရားသည် ဂန္ဓကုဋိတိုက်တော်မှ ရောင်ခြည်တော် လွှတ်၍ ဤသို့ ဟောတော်မူ၏။

“အကြင်သူသည် ဖြစ်ပျက်ကို မမြင်ဘဲ အနှစ်တစ်ရာ အသက်ရှည်ငြားအံ့၊ မမြတ်၊ ဖြစ်ပျက်ကို မြင်သောသူအား တစ်ရက်မျှ အသက်ရှည်ခြင်းသည် မြတ်၏”

ထိုသို့ အစရှိသော ဂါထာကို ဟောတော်မူသော အဆုံးတွင် ပဋာစာရီ ဘိက္ခုနီသည် ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ပဋာစာရီ ထေရီမြတ်လှ အရှင်မသည် မြတ်စွာဘုရား အထံတော်၌ ဝိနည်းပိဋကတ်ကို အကျယ်အားဖြင့် သင်ယူကာ ကောင်းစွာကျင့်ကြံ အားထုတ်သောကြောင့် ဝိနယဓရဂုဏ်၌ ဧတဒဂ် ရတော်မူပေသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP