* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, December 24, 2009

လူသေလူဖြစ် ဝိနိစ္ဆယကျမ်းကြီး

ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီး

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် အစိုးရခေတ်၊ သာသနာတော်နှစ် ၂၅၂၄၊ ကောဇာသက္ကရာဇ် ၁၃၄၂ ခုနှစ်၊ နယုန်လဆန်း ၁၁+၁၂+၁၃+၁၄ ရက်၊ ခရစ်နှစ် ၁၉၈၀ ခုနှစ် မေလ ၂၄+၂၅+၂၆+၂၇ နေ့များတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးကို ရည်မှန်းချက် ထားရှိ၍ ပဲခူး-မြို့မဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ (ထိုစဉ်က အဂ္ဂမဟာပဏ္ဍိတ၊ နောင်အခါ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ပျံလွန်) ဦးဆောင်သော ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီး ဖြစ်မြောက်ရေး သံဃာ့ဝန်ဆောင် ဆရာတော် ၆၆-ပါးတို့ ကြီးမှူးပြီး မြန်မာတစ်နိုင်ငံလုံးမှ သံဃာတော် တစ်သိန်းကျော် (ထိုစဉ်က သံဃာဦးရေ) တို့၏ ကိုယ်စား သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော် (၁၈၁၂)ပါး တက်ရောက်လျက် ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးကို တညီတညွတ်တည်း ဖွဲ့စည်း တည်ထောင်နိုင်ခဲ့ကြသည်။


ဝိနည်းဓိုရ်အဖွဲ့ အဆင့်ဆင့်

ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက အတည်ပြု ပြဋ္ဌာန်းခဲ့သော ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများအရ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများကို ဖြေရှင်း ဆုံးဖြတ်နိုင်ရန်အတွက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ အထူးအစည်းအဝေးက “ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေ”ကို ပြဋ္ဌာန်းပေးသည့် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီအရ ဝိနည်းဓမ္မကံမှုခင်းများကို စစ်ဆေး ဆုံးဖြတ်ရာတွင် မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့၊ ပြည်နယ်/တိုင်း သံဃဝိနိစ္ဆအဖွဲ့နှင့် နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့ ဟူ၍ အဆင့်သုံးဆင့် ခွဲခြား သတ်မှတ်ထားရှိသည်။

ထိုကဲ့သို့ သံဃဝိနိစ္ဆယအဖွဲ့များကို အဆင့်ခွဲခြားထားခဲ့သော်လည်း ဝိနည်းဓိုရ်ဆရာတော်များကိုမူ အဆင့်ခွဲခြားမှု မပြုဘဲ တပြေးညီ တစ်မျိုးတစ်စားတည်းသာ ရွေးချယ်ခဲ့သည်။

ဖွဲ့စည်းပေးသည့် သံဃနာယကအဖွဲ့၏ အဆင့်ကို လိုက်၍ ခွဲခြား သတ်မှတ်ခဲ့သည်။
မြို့နယ်သံဃနာယကအဖွဲ့က ဖွဲ့စည်းပေးလျှင် မြို့နယ်သံဃဝိနိစ္ဆယအဖွဲ့ ဖြစ်သည်။
တဖန် ပြည်နယ်/တိုင်း သံဃနာယကအဖွဲ့က ယင်းမြို့နယ်ဝိနည်းဓိုရ်များဖြင့်ပင် ဖွဲ့စည်းပေးလျှင် ပြည်နယ်/တိုင်း သံဃဝိနိစ္ဆယအဖွဲ့ဟု ခေါ်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဖွဲ့စည်းပေးလျှင် နိုင်ငံတော် သံဃဝိနိစ္ဆယအဖွဲ့ဟု ခေါ်ခဲ့သည်။

ထိုသို့ ဖွဲ့စည်း ဆောင်ရွက်ရာတွင် ဝိနည်းဓိုရ်များ၏ အရည်အချင်းကို လိုက်၍ အချို့သော နိုင်ငံတော် ဝိနိစ္ဆယ ဆုံးဖြတ်ချက်များမှာ နည်းယူ စံပြုထိုက်သော်လည်း အချို့သော နိုင်ငံတော် ဝိနိစ္ဆယဆုံးဖြတ်ချက်များမှာ မြို့နယ်အဆင့်၊ ပြည်နယ်/တိုင်းအဆင့် ဝိနိစ္ဆယများလောက်ပင် အရည်အသွေး ပြည့်မှု မရှိသည်ကို တွေ့ခဲ့ကြသည်။

ယင်း ဟာကွက်ပျော့ကွက်များကို ဖြည့်စွက်နိုင်ရန်အတွက် ၁၃၄၇ ခုနှစ် နယုန်လတွင် ကျင်းပသော ဒုတိယအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးပွဲကြီးမှ ရွေးချယ် တင်မြှောက်လိုက်သည့် ဒုတိယအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပထမ အစည်းအဝေးကြီးက ဝိနည်း ဓမ္မကံ လုပ်ထုံး လုပ်နည်းများကို ပြင်ဆင် ဖြည့်စွက်ခဲ့ကြသည်။

ယင်း ပြင်ဆင် ဖြည့်စွက်ချက်များအရ မြို့နယ်ဝိနည်းဓိုရ်၊ ပြည်နယ်/တိုင်းဝိနည်းဓိုရ်များအဖြစ် ရှေးဦးစွာ ခွဲခြား၍ ရွေးချယ် သတ်မှတ်ပေးခဲ့သည်။


နိုင်ငံတော် ဝိနည်းဓိုရ်များ

ထိုမြို့နယ်ဝိနည်းဓိုရ်၊ ပြည်နယ်/တိုင်းဝိနည်းဓိုရ်များ၏ ဆုံးဖြတ်ချက်များကို မကျေနပ်၍ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ အယူခံ စောဒနာလွှာ တင်သွင်းလာသော ဝိနည်းဓမ္မကံမှုခင်းများ တိကျ မှန်ကန်စွာ ဆုံးဖြတ်နိုင်စေရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် အပါး ၃၀၀ ထဲမှ ဝိနိစ္ဆယဆုံးဖြတ်မှု၌ လိမ္မာကျွမ်းကျင်ခြင်း၊ သိက္ခာဝါကြီးရင့်ခြင်း ဂုဏ်တို့နှင့် ပြည့်စုံသော ဆရာတော်ကြီးများကို နိုင်ငံတော် ဝိနည်းဓိုရ်အဖြစ် ရွေးချယ် သတ်မှတ်ခဲ့ကြသည်။

ရွေးချယ်ထားသည့် ၎င်းနိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်ကြီးများထဲမှ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ အပရဂေါယာနကျောင်းဆောင်၌ လေးလတိုင်တိုင် သီတင်းသုံးနေထိုင်၍ တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံတော် ဝိနည်းဓိုရ်ဆရာတော်ကြီး ၁၅-ပါးကို ၅-ပါးလျှင် တစ်ဖွဲ့စီ ဖွဲ့စည်းထားပြီး ယင်း ဆရာတော်ကြီးများက ဝိနည်း ဓမ္မကံ အဓိကရုဏ်း မှုခင်းများကို ဆုံးဖြတ်တော်မူခဲ့ကြသည်။


နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်များ

“နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် အဓိကရုဏ်း လေးမျိုးတို့အနက် သာသနာတော် တစ်ရပ်လုံးနှင့် သက်ဆိုင်သော ဓမ္မ အဓမ္မစသော အငြင်းပွားသည့် မှုခင်းများကို ဆုံးဖြတ်နိုင်ရန်အလို့ငှာ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များထဲမှ သင့်လျော်သော အရေအတွက်ဖြင့် သီးခြား ဝိနည်းဓိုရ်အဖွဲ့ကို တိုက်ရိုက် ဖွဲ့စည်းပေးရမည်”ဟု ဝိနည်း ဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စာအုပ်၏ အခန်း (၆)၊ ပုဒ်မ (၅၇)၌ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်ဖွဲ့စည်းခြင်းနှင့် စပ်၍ စည်းမျဉ်းရေးဆွဲထားခဲ့ကြသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် နိုင်ငံတော် ဗဟိုဝန်ဆောင် ဆရာတော်ကြီးများကို ဆုံးဖြတ်ရမည့် ဝိနိစ္ဆယအားလျော်စွာ (၅)ပါးမှ (၇)ပါးအထိ ပါဝင်စေလျက် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်ဆရာတော်များအဖြစ် အဖွဲ့အမှတ် (၁)၊ အဖွဲ့အမှတ် (၂) စသည်ဖြင့် ဖွဲ့စည်း၍ လူသေလူဖြစ် ဝါဒါနုဝါဒဝိနိစ္ဆယ၊ ကျောက်သင်္ဘောဝါဒ၊ ကြောင်ပန်းတောရဝါဒ၊ ကျောက်ပုံတောရဝါဒ၊ မိုးညိုဆရာတော်ဝါဒ၊ ရေတာရှည်အရှင်မာလာဝရဝါဒ၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ ဦးထင်၏ ထွန်တုံးလက်ကျန်ဝါဒ၊ ဉာဏစာဂီဝါဒများကို ဗုဒ္ဓမြတ်စွာ ဟောတော်မူသော ထေရဝါဒ ပိဋကတော်များနှင့် ဆန့်ကျင်လျှင် “အဓမ္မဝါဒ”ဟုလည်းကောင်း၊ ယင်းဝါဒများကို ရေးသား ဟောပြောကြသူ၊ လိုက်နာ ကျင့်ကြံ ကြိုးကုတ် အားထုတ်ကြသူနှင့် လိုလား နှစ်သက်စွာ ထောက်ခံ အားပေးကြသူ ရဟန်း ရှင် လူများကို “အဓမ္မဝါဒီ”တို့သာ မည်ကုန်၏ဟုလည်းကောင်း ဆုံးဖြတ်စေခဲ့ကြသည်။ ဗုဒ္ဓမြတ်စွာ ဟောတော်မူသော ထေရဝါဒ ပိဋကတော်များနှင့် မဆန့်ကျင်လျှင်မူ “ဓမ္မဝါဒ”ဟု ဆုံးဖြတ်စေခဲ့ကြသည်။


လူသေလူဖြစ်ဝါဒီ ရှင်ဥက္ကဋ္ဌ

ဗုဒ္ဓသာသနာတော်သမိုင်းတလျှောက်တွင် အဓမ္မဝါဒီ (ထေရဝါဒပိဋကတော်များနှင့် ဆန့်ကျင်ပြီး အခြားသော အယူအဆများကို လက်ခံကျင့်သုံးနေသည့် ဗုဒ္ဓမြတ်စွာ၏ တပည့်အမည်ခံပုဂ္ဂိုလ်)များသည် ခေတ်ကာလမျိုးစုံ၌ တခါတရံ ပေါ်ပေါက်လာကြစမြဲပင် ဖြစ်ခဲ့၏။

ထိုသို့သော ခေတ်များ၌ ဆရာတော် သံဃာတော်များနှင့် အာဏာပိုင်အစိုးရမင်းများ၏ ဓမ္မစက် အာဏာစက်တို့ဖြင့် ဖြိုဖျက် နှိပ်ကွပ်သောကြောင့် အဓမ္မဝါဒီများ ပပျောက်ခဲ့ကြလေသည်။

မြန်မာနိုင်ငံတော်တွင် ဆဋ္ဌသံဂါယနာတင်ပြီးနောက်ပိုင်း ၁၉၅၄-၅ ခုနှစ်၌ တောင်တွင်းကြီးမြို့၊ နတ်မှီတောရကျောင်းတိုက်မှ ဆရာတော်ရှင်ဥက္ကဋ္ဌက “မနုနော အပစ္စံ၊ အကံသု ဝိဂ္ဂဟာ ပုရာ၊ တသ္မာ ပေါရာဏော မနု၊ မနုဝ ပုန ပစ္စတေ” ဟူသော ပါဠိဂါထာနှင့် “လူသေလျှင် လူမဖြစ် ဘာဖြစ်မှာတုန်း? ရွှေပျက်လျှင် မြေထွက်နွယ် အဝင်ပေမို့၊ တကယ်ပင် လူပြန်ဖြစ်တယ်ကွယ် လောကစံထုံး”ဟူသော ကဗျာကို မူထား၍ “လူသေလူဖြစ်” နာမည်ဖြင့် ကျမ်းစာအုပ်ကို ရေးသား ထုတ်ဝေခဲ့၏။

လူသေလူဖြစ်နာမည် တပ်ထားသော်လည်း ရှင်ဥက္ကဋ္ဌ၏ ဝါဒသည် ရုပ်ဝါဒ၊ ရှင်ဥက္ကဋ္ဌသည် ရုပ်ကြမ်းဝါဒီသာ ဖြစ်၏။

ထိုခေတ်က ရဟန်း ရှင်လူ ပြည်သူလူထုသည် ရှင်ဥက္ကဋ္ဌအား ကျမ်းစာအုပ်တွေ ရေးသား၍လည်းကောင်း၊ ပကာသနီယကံပြု၍လည်းကောင်း နည်းမျိုးစုံဖြင့် တုံ့ပြန် ခုခံခဲ့သော်လည်း အာဏာစက်နှင့် ဓမ္မစက် နှစ်မျိုးလုံး တညီတညွတ်တည်း မပါရှိခြင်း၊ နောက်လိုက် ရုပ်ကြမ်းဝါဒီများက အင်အားကောင်းခြင်းကြောင့် ရှင်ဥက္ကဋ္ဌတို့လူစု ပေါ်ပြူလာဖြစ်ပြီး မိုးကောင်းခဲ့ကြသည်။


ရှင်ဥက္ကဋ္ဌ၏ ပညာအရည်အချင်း

ဆရာတော်ရှင်ဥက္ကဋ္ဌသည် ကိုရင်ကြီးအရွယ်မှ စပြီး ရဟန်ငယ်အရွယ်အထိ မန္တလေးမြို့ အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်ဂိုဏ်း၊ ဗဟိုဌာန)၊ ရွှေကျင်နိကာယ ဒုတိယမြောက် သာသနာပိုင်၊ မဟာဝိသုဒ္ဓါရာမ ဆရာတော်ဘုရားကြီးအထံတော်တွင် နေထိုင်ခဲ့ပြီး၊ ယင်း ဆရာတော်ဘုရားကြီးနှင့် အဘယာရာမဆရာတော် အရှင်အဂ္ဂဓမ္မာဘိဝံသတို့၏ထံမှာ စာပေ ပရိယတ်များကို သင်ကြားခဲ့ဖူးသည်။

အရှင်အာဒိစ္စဝံသ (နောင်တွင် - ဆရာကြီးဦးအောင်မြတ်ထွတ်) စသည့် အခြားသော ဆရာတော်များ၏အထံမှာလည်း လောကုတ္တရာပညာရပ်များကို သင်ကြားခဲ့ပြီး လောကီ အင်္ဂလိပ်စာများကိုပါ သင်ကြားခဲ့၏။

ထို့နောက် အိန္ဒိယနိုင်ငံသို့ ကြွ၍ အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသော ဘာသန္တရစာပေများကို သင်ကြားခဲ့၏။

အိန္ဒိယနိုင်ငံမှ ပြန်ကြွလာပြီးနောက် ဆရာတော်ရှင်ဥက္ကဋ္ဌသည် သာသနာ့ဘောင်မှာ ရဟန်းဝတ်ဖြင့် နေသော်လည်း ဗုဒ္ဓဘာသာကို အကြွင်းမဲ့ မယုံကြည်တော့ချေ။ သူ၏ ဆရာဖြစ်သော အရှင်အာဒိစ္စဝံသက ပိဋကသုံးပုံ နိကာယ်ငါးရပ် ပါဠိအဋ္ဌကထာ ဋီကာများတွင် ပါဠိတော်များကို ဘုရားဟောဟု လက်ခံ ယူဆခဲ့သော်လည်း ရှင်ဥက္ကဋ္ဌကမူ အဋ္ဌကထာ ဋီကာများတင်မက ပါဠိတော်များကိုပင် ဘုရားဟောဟု လက်မခံတော့ပါ။

ထေရဝါဒဗုဒ္ဓဘာသာဝင်များက ဘုရားဟော ပါဠိတော်ဟု ယုံကြည် လက်ခံထားသည့် ကျမ်းစာများက ဆဋ္ဌသံဂါယနာမူအားဖြင့် အုပ်ရေ ၄၀ ရှိရာ ရှင်ဥက္ကဋ္ဌက ဓမ္မစကြာ၊ အနတ္တလက္ခသုတ်နှင့် ပဋိစ္စသမုပ္ပါဒ် ပါဠိတော်တို့ကိုသာ (စာမျက်နှာအားဖြင့် ၃၀ လောက်ကိုသာ) ဗုဒ္ဓဝစနပါဠိ (ဘုရားဟောပါဠိတော်)ဟု လက်ခံ ယူဆခဲ့၏။

ထိုသို့ လက်ခံသော်လည်း အားလုံးကို လက်မခံဘဲ သူ့အယူအဆနှင့် ကိုက်ညီသော စကားရပ်အချို့ကိုသာ လက်ခံပြီး၊ သူ့ အယူအဆနှင့် မကိုက်ညီလျှင် ဘုရားဟော မဟုတ်၊ ကုလားဟောဟုလည်းကောင်း၊ ဗြဟ္မဏဟောဟုလည်းကောင်း၊ ဟိန္ဒူဝါဒဟုလည်းကောင်း ရေးသား ဟောပြော၍ အားလုံးကို ပစ်ပယ်ခဲ့သည်။


ရှင်ဥက္ကဋ္ဌ၏ စွမ်းရည်

ရှင်ဥက္ကဋ္ဌသည် အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသော ဘာသန္တရစာပေများကိုလည်း ကျွမ်းကျင် တတ်မြောက်ထားသဖြင့် အနောက်နိုင်ငံဖြစ် ဒါဝင်ဝါဒကို လက်ခံ ယုံကြည်ပြီး လူသေလူဖြစ်စာအုပ်ကို ရေးသား ထုတ်ဝေခဲ့ခြင်း ဖြစ်၏။

ဒါဝင်ဝါဒအရ လူသည် အီဗော်လူးရှင်းဖြစ်စဉ်နှင့်အညီ မျောက်သတ္တဝါမှတဆင့် နောက်ဆုံးအဆင့်သို့ ရောက်နေသော သတ္တဝါတစ်မျိုး ဖြစ်သည်။ လူထက် နောက်တဆင့် တိုးတက် ဖြစ်စရာ မရှိတော့။ လူအဆင့်မှ ပြန်ပြီး လျှောကျရန်လည်း မဖြစ်နိုင်တော့ဟု ဆို၏။

ရှင်ဥက္ကဋ္ဌက ထိုအချက်တို့ကို အခြေခံပြီး အကယ်၍ လူသေပြီးနောက် ဖြစ်ဦးမည်ဆိုလျှင် လူပင် ပြန်ဖြစ်ရမည်ဟု ဆိုပေသည်။ “အကယ်၍”ဟု ဆိုသဖြင့် လူသေပြီးနောက် ဘာမှ မဖြစ်ဘဲလည်း နေချင် နေရပေမည်ဟု ဆိုရာရောက်ပေသည်။

ဒါဝင်ဝါဒကို မူတည်ပြီး ရွှေသည် အန္တိမဓာတ် ဖြစ်နေ၍ ရွှေပျက်လျှင် ရွှေသာ ပြန်ဖြစ်သည်။ ထို့ကြောင့် သတ္တဝါလောကတွင် အန္တိမနောက်ဆုံးအဆင့်သို့ ရောက်နေသော လူသည်လည်း အခြား ပြောင်းလဲဖြစ်စရာ မလိုဘဲ လူသာ ပြန်ဖြစ်ရမည်ဟု ဆို၏။

တဖန် မန်ကျည်းပင်မျိုးမှ တမာပင် ပေါက်ရိုး မရှိ။ မန်ကျည်းပင်သာ ပေါက်ရသည်။ ထိုနည်းတူစွာ လူမျိုးမှ လူပဲ ပြန်ဖြစ်ရမည်ဟု ရွှေနှင့် မန်ကျည်းပင်တည်းဟူသော သက်မဲ့ရုပ်ဝတ္ထုပစ္စည်းတို့ကို လူတည်းဟူသော သက်ရှိသတ္တဝါနှင့် ထပ်တူပြု၍ ရေးသားခဲ့၏။

ပိဋကစာပေသက်သက်ကို ကျွမ်းကျင်သော ဆရာတော် သံဃာတော်များအား အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသော ဘာသန္တရစာပေ အထောက်အထား သာဓကတွေကို ပြ၍လည်းကောင်း၊ ပိဋကစာပေ မကျွမ်းကျင်သော လူဝတ်ကြောင် ပုဂ္ဂိုလ်များအား ပိဋကစာပေ အထောက်အထားတွေကို ပြ၍လည်းကောင်း မိမိဝါဒကို ယုံကြည် လက်ခံအောင် သမားဂုဏ်မျိုးစုံ ပြသခဲ့၏။


ရုပ်ကြမ်းဝါဒီ ရှင်ဥက္ကဋ္ဌ

ရှင်ဥက္ကဋ္ဌသည် လူသေလူဖြစ်ဝါဒကို တည်ထောင်သော်လည်း ယင်းလူသေလူဖြစ်ဝါဒက ဒုတိယ ဦးစားပေး ဝါဒသာ ဖြစ်၍ သူ၏ ပထမ ဦးစားပေး ဝါဒက “ဒိဋ္ဌ ဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠဓမ္မော သန္ဒိဋ္ဌိကော အကာလိကော” စသော ပါဠိတော် အချို့အဝက်ကို အထောက်အထား ပြုပြီး ‘ပုခက်နှင့် ခေါင်းကြား’ ဟူသော ပစ္စုပ္ပန်တစ်ဘဝသာ ဖြစ်၏။

ထုံးအိုးထဲမှာ လက်ကို နှိုက်လျှင် နောက်တစ်ချိန် နောက်တစ်ရက် မဆိုင်းဘဲ လက်သည် ချက်ချင်း လက်ငင်း ဖြူသွားသကဲ့သို့လည်းကောင်း၊ ငရုတ်သီးစားလျှင် နောက်တစ်ချိန် နောက်တစ်ရက် မဆိုင်းဘဲ ချက်ချင်း လက်ငင်း စပ်သကဲ့သို့လည်းကောင်း၊ ယခု ဘဝမှာ ပြုလုပ်သော ကောင်းမှု မကောင်းမှုသည်လည်း (နောက်ဘဝ မရှိသောကြောင့်) ယခု ဘဝမှာပဲ အကျိုးပေးမည်၊ နောက်ဘဝကို စောင့်ဆိုင်းစရာ မလိုဟု ပစ္စုပ္ပန် တစ်ဘဝကိုသာ လက်ခံ၏။

စက္ခု=(မျက်စိ)၊ သောတ=(နား)၊ ဃာန=(နှာ)၊ ဇိဝှါ=(လျှာ)၊ ကာယ=(ကိုယ်) ငါးပါးကိုသာ ဆုပ်ကိုင်ထားပြီး ပကတိ မျက်စိဖြင့် မမြင်နိုင်၊ နားဖြင့် မကြားနိုင်၊ ကိုယ်ဖြင့် မတွေ့ထိနိုင်သော ရုပ်လွန်သဘာဝ ဖြစ်နေသည့် တမလွန်ဘဝကို လက်မခံဘဲ လက်ရှိ ပစ္စုပ္ပန်ဘဝကိုသာ လက်ခံသဖြင့် ရှင်ဥက္ကဋ္ဌသည် တကယ့် ရုပ်ကြမ်းဝါဒီကြီးပင် ဖြစ်၏။


လူသေလူဖြစ် ဝါဒနုဝါဒ ဝိနိစ္ဆယ

ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းကြီး ပေါ်ပေါက်လာသည့်အခါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ၁၃၄၃ ခုနှစ် နယုန်လပြည့်ကျော် ၉ ရက် (၂၆-ဇွန်-၁၉၈၁)နေ့တွင် လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယအတွက် နိုင်ငံတော် ဗဟိုဝန်ဆောင် ဆရာတော်ကြီး အပါး ၃၀၀ ထဲမှ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)ကို အောက်ဖော်ပြပါ ဆရာတော်များဖြင့် ဖွဲ့စည်းပြီး တာဝန် ပေးအပ်တော်မူခဲ့ကြသည်။

၁။ ဘဒ္ဒန္တဃောသိတာဘိဝံသ၊ ဃောသိတာရာမတိုက်၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်း။ (သဘာပတိ)
[ယခု - အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ပျံလွန်]

၂။ ဘဒ္ဒန္တဇဝနာဘိဝံသ၊ ဇဝနာဘိဝံသာရုံကျောင်းတိုက်၊ ကြို့ပင်ကောက်မြို့၊ ပဲခူးတိုင်း။ (အဖွဲ့ဝင်)
[အဂ္ဂမဟာပဏ္ဍိတ]

၃။ ဘဒ္ဒန္တဓမ္မာဘိဝရ၊ ကံတွင်းဆုတောင်းပြည့်ကျောင်းတိုက်၊ ပြည်မြို့၊ ပဲခူးတိုင်း။ (အဖွဲ့ဝင်)
[ယခု - အဂ္ဂမဟာပဏ္ဍိတ]

၎။ ဘဒ္ဒန္တကုမာရ၊ မဟာဝိသုတာရာမတိုက်၊ မကွေးမြို့၊ မကွေးတိုင်း။ (အဖွဲ့ဝင်)
[ယခု - အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အကျိုးတော်ဆောင်ချုပ်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့]

၅။ ဘဒ္ဒန္တဉာနိက၊ ပဇ္ဇောတာရုံကျောင်းတိုက်၊ မြောင်းမြမြို့၊ ဧရာဝတီတိုင်း။ (အဖွဲ့ဝင်)
[နောင် - အဂ္ဂမဟာပဏ္ဍိတ၊ ပျံလွန်]

နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့သည် စောဒက (တရားလို) ဆရာတော် လေးပါးတို့က တင်သွင်းသည့် သာမညစောဒနာလွှာ ၂၁ ချက်ကို (၃၀-ဇွန်-၁၉၈၁)နေ့တွင်လည်းကောင်း၊ ဝိသေသစောဒနာလွှာ ၂၁ ချက်ကို (၄-ဇူလိုင်-၁၉၈၁)နေ့တွင်လည်းကောင်း ကြားနာပြီး၊ စုဒိတက (တရားခံ) ပုဂ္ဂိုလ် သုံးဦးတို့က ပြန်လည် တင်သွင်းသည့် သောဓနာ (ချေပလွှာ)များကို ၁၉၈၁ ခုနှစ် ဇူလိုင်လ ၈ ရက်၊ ၉ ရက်နေ့များတွင် ကြားနာခဲ့ကြသည်။

တဖန် ယင်း စောဒနာ၊ သောဓနာ စာမူများနှင့်တကွ သက်ဆိုင်ရာ စာအုပ်စာတမ်း၊ တိတ်ခွေ၊ ဓာတ်ပုံများကို (၉-ဇူလိုင်-၁၉၈၁)နေ့ ညနေမှ စ၍ နေ့စဉ်နေ့တိုင်း ကြည့်ရှု နားထောင် သုံးသပ်ကြလျက် ဂန္ထန္တရစာပေများ အပါအဝင် ဆိုင်ရာ ပိဋကတ်တော်များနှင့် ညှိနှိုင်း တိုက်ဆိုင်ပြီး လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ စာတမ်းကို ရေးသားခဲ့ကြသည်။

ထို့နောက် နိုင်ငံတော် သီးခြားဝိနည်းဓိုရ် ဆရာတော်များသည် ၁၃၄၃ ခု သီတင်းကျွတ်လပြည့်ကျော် (၁၁, ၁၂, ၁၃, ၁၄)ရက်များနှင့် တန်ဆောင်မုန်းလဆန်း (၁, ၂)ရက် (၁၉၈၁ ခု အောက်တိုဘာလ ၂၄ ရက်မှ ၂၉ ရက်)၊ ခြောက်ရက်တိုင်တိုင် စောဒက စုဒိတကပုဂ္ဂိုလ်များ၏ ရှေ့မှောက်မှာ ဆုံးဖြတ်ချက်ကို ဖတ်ကြား ချမှတ်ခဲ့ကြသည်။

ယင်းရက်များတွင် မြို့နယ်စုံမှ လာရောက် နားထောင်ကြသော ရဟန်း ရှင် လူ ပရိတ်သတ်တို့မှာ ဘုရားပွဲတော်ကြီးပမာ များပြားလှ၏။

လူသေလူဖြစ်ဝါဒသည် ပိဋကစာပေ၊ သိပ္ပံပညာရပ်၊ အနောက်တိုင်းအယူအဆ၊ ဘာသန္တရစာပေ စသည်တို့ဖြင့် ဆယ့်နှစ်မျိုးဂျင်းသုတ်ကဲ့သို့ ပေါင်းစပ် စုစည်းထားသောကြောင့် ယင်းလူသေလူဖြစ်ဝိနိစ္ဆယသည် အခြားသော ကျောက်သင်္ဘော၊ ကြောင်ပန်း၊ ကျောက်ပုံတောရ စသည့် ဝိနိစ္ဆယပေါင်း မြောက်မြားစွာတို့ထက် ကျယ်ဝန်း နက်နဲပြီး အခက်ခဲဆုံး ဖြစ်၏။

ပါဠိပိဋကစာပေ၊ မြန်မာစာပေ သက်သက် ကျွမ်းကျင်ရုံမျှဖြင့် လူသေလူဖြစ်ဝါဒကို ဆုံးဖြတ်နိုင်ရန် မလွယ်ကူပါ။
ထို့ကြောင့် လူသေလူဖြစ်ဝါဒကို ပထမဆုံး မဆုံးဖြတ်ဘဲ ကျောက်သင်္ဘောဝါဒကို ဆုံးဖြတ်ပြီးနောက် ဒုတိယမြောက်မှ လူသေလူဖြစ်ဝါဒကို ဝိနိစ္ဆယချခဲ့ကြရသည်။


ဝိနည်းဓိုရ်ဆရာတော်ကြီးများ၏ စွမ်းအင်

ဝိနည်းဓိုရ်ဆရာတော်ကြီးများသည် သာသနာလောက၌ အထက်တန်းကျသော သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ၊ ပါဠိပါရဂူဘွဲ့များ ရရှိပြီး စာသင်သား ရာကျော်ရှိသည့် စာသင်တိုက်ကြီးများ၏ ဦးစီး ပဓာနနာယကချုပ် ဆရာတော်ကြီးများ ဖြစ်ကြ၏။

၎င်းငါးပါးတွင် မြောင်းမြဆရာတော် ဘဒ္ဒန္တဉာနိကသည် ပါဠိပိဋကတင်မက အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ၊ ဘင်္ဂါလီ၊ နာဂရီ စသည့် ဘာသန္တရစာပေများပါ ကျွမ်းကျင် တတ်မြောက်၏။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီယူနီဗာစီတီမှ သက္ကတဂုဏ်ထူးဖြင့် ဘီအေဘွဲ့ကို ရရှိခဲ့၏။

မြောင်းမြဆရာတော်ဘုရား၏ အရည်အချင်းကို သိမြင်သဖြင့် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများက ဝိနည်းဓိုရ်အဖွဲ့တွင် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သာသနာရေးဦးစီးဌာနမှ ထုတ်ဝေသော စာမျက်နှာ တစ်ထောင်ကျော်ရှိ လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယကျမ်းစာအုပ်တွင် ဆရာတော်ဘုရား၏ ဓာတ်ပုံအောက်၌ “ဘာသန္တရ စွယ်စုံ တတ်ကျွမ်းတော်မူသော မြောင်းမြမြို့ ပဇ္ဇောတာရုံဆရာတော် ဦးဉာနိက သုံးသပ်ချက်ကို ဖတ်ကြားနေပုံ”ဟု ဘာသန္တရ စွယ်စုံ တတ်ကျွမ်းတော်မူပုံကို အထူးပြု၍ ဂုဏ်ပြု ရေးသားခဲ့သည်။

မြောင်းမြဆရာတော်ဘုရားသည် စုဒိတကပုဂ္ဂိုလ်တို့၏ သိပ္ပံပညာရပ်၊ အနောက်တိုင်း အယူအဆ၊ ဘာသန္တရစာပေနှင့် စပ်ဆိုင်သော ချေပလွှာများကို တစ်ပါးတည်း ဒိုင်ခံပြီး ဖြေရှင်းခဲ့၏။

လူသေလူဖြစ် ဝိနိစ္ဆယဆိုသော်လည်း သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်က ထုတ်ဝေသော စာစောင်များနှင့် ရွှေအဘိဓမ္မာဝါဒဆိုင်ရာ စာစောင်များ၏ ဝါဒရေးရာတို့ကိုပါ ဖြေရှင်း ဆုံးဖြတ်ရသောကြောင့် ကျမ်းစာအုပ်ကို နာမည်တပ်သောအခါ “လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ”ဟု အမည်ပေးခဲ့၏။

ထို့ပြင် အခြားသော ကျောက်သင်္ဘောဝိနိစ္ဆယ၊ ကျောက်ပုံတောရဝိနိစ္ဆယ စသော ဝိနိစ္ဆယကျမ်းများကိုမူ ထေရဝါဒ စွယ်စုံကျမ်းဟု အမည်မတပ်ဘဲ ဝိနည်းဓိုရ်ဆရာတော်ကြီးများ၏ ဆုံးဖြတ်ချက်သည် နိကာယ်ငါးရပ် ပိဋတ်သုံးသွယ်မှ ကျယ်ပြန့်သော ဗုဒ္ဓဝါဒ ဓမ္မဥဿုံ စုံစုံလင်လင် ရှိလှသဖြင့် လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယကျမ်းကိုသာ ၎င်းကျမ်းစာအမည်၏ အောက်တွင် “ထေရဝါဒစွယ်စုံကျမ်း”ဟု အထူးပြု၍ ကျမ်းစာနာမည်ကို မှည့်ခေါ်ခဲ့ကြ၏။


ကျမ်းစာအုပ်၏ စာမျက်နှာ

ယင်းဝိနိစ္ဆယတွင် စောဒကဆရာတော်လေးပါးက စောဒနာလွှာ ၂၁ ချက် တင်သော်လည်း စုဒိတကဆရာတော် ဦှးဆန္ဒာဓိက၊ နတ်မှီတောရကျောင်း၊ တောင်တွင်းကြီးမြို့က စောဒနာလွှာ အမှတ် (၅, ၁၁, ၁၄, ၂၁)ကိုသာ ဖြေရှင်း၍ သခင်မြတ်ဆိုင်က စောဒနာလွှာ အမှတ် (၈, ၂၀, ၂၁)တို့ကို မဖြေရှင်းဘဲ ကျန်သည့် စောဒနာလွှာ ၁၈ ချက်ကိုသာ ဖြေရှင်းသည်။

ဦးခင်ဟန်က သမ္မာဒိဋ္ဌိသုတေသနအဖွဲ့ချုပ်ကိုယ်စား စောဒနာလွှာ အမှတ် (၂, ၄, ၇, ၁၁, ၁၂, ၁၅, ၁၈, ၂၀, ၂၁)တို့ကို မဖြေရှင်းဘဲ ကျန်သည့် စောဒနာလွှာ (၁၁)ချက်ကိုသာ ဖြေရှင်းသည်။

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယကျမ်းသည် စာမျက်နှာပေါင်း (၁၁၁၂)ရှိရာ စောဒကများက တင်သွင်းသော စောဒနာလွှာ (၂၁)ချက်မှာ စာမျက်နှာပေါင်း (၂၁၅)မျှ ရှိ၍ စုဒိတကပုဂ္ဂိုလ် သုံးဦးက သောဓနာလွှာ မျိုးစုံကို စာမျက်နှာပေါင်း (၁၄၈)မျှ တင်သွင်းကြသည်။

ဝိနည်းဓိုရ်ဆရာတော်ကြီးများက စာမျက်နှာ (၇၄၉)ကျော်ကို ရေးသားပြီး သုံးသပ် ဖြေရှင်းတော်မူခဲ့ကြသည်။


လူသေလူဖြစ်ဝါဒသည် အဓမ္မဝါဒသာ ဖြစ်

ဝိနည်းဓိုရ်ဆရာတော်ကြီးများသည် ၁၃၄၃ ခု သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက် (၂၄-အောက်တိုဘာ-၁၉၈၁)နေ့မှ တန်ဆောင်မုန်းလဆန်း ၂ ရက် (၂၉-အောက်တိုဘာ-၁၉၈၁)နေ့အထိ ခြောက်ရက်တိုင်တိုင် စောဒက စုဒိတက ပုဂ္ဂိုလ်များ၏ ရှေ့မှောက်တွင် စောဒနာ သောဓနာလွှာများကို အပြီးသတ် ဆုံးဖြတ် စစ်ဆေးခဲ့ကြ၏။

ဆရာတော်ကြီးများ၏ နောက်ဆုံး သုံးသပ်ချက်ကို အမြွက်မျှ ဖော်ပြလိုက်ပါသည်။

“ယင်း လူသေလူဖြစ် ဝါဒါနုဝါဒ (လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ ၎င်း၏ နောက်လိုက်ဖြစ်သော သခင်မြတ်ဆိုင်၊ သမ္မာဒိဋ္ဌိသုတေသီ စသူတို့၏ ဝါဒ)သည် ထေရဝါဒ ပိဋကတ်တော်လာ သာသနဓမ္မ အာဂမယုတ္တိများနှင့်လည်းကောင်း၊ လေးနက် ကျယ်ပြန့်သော သဘာဝယုတ္တိများနှင့်လည်းကောင်း မလျော်ကန်အောင် ဖောက်ပြန် ယွင်းကွက် ဆန့်ကျင်ဘက်ဖြစ်သော အဓမ္မဝါဒသာ ဖြစ်သည်ဟု နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂) ဝိနည်းဓိုရ်ဆရာတော်များ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂) ရုံးတော်သို့ သက်သေခံ တင်ပြထားသော လူသေလူဖြစ် ဝါဒါနုဝါဒဆိုင်ရာ စာအုပ်စာတမ်း စာစောင် တိတ်ခွေများနှင့်တကွ ရုံးတော်သို့ သက်သေခံပစ္စည်းအဖြစ် ရောက်မလာသော ထိုဝါဒဆိုင်ရာ စာအုပ်စာတမ်း စာစောင် တိတ်ခွေနှင့် ကျောက်စာ စသည်၌ ပါရှိသော ရေးသားချက်များသည်လည်း ထေရဝါဒ ပိဋကတ်တော်လာ သာသနဓမ္မနှင့် ဆန့်ကျင်ဘက်များ ဖြစ်၍ ထိုစာအုပ်စာတမ်း စာစောင် တိတ်ခွေ ကျောက်စာ စသည်တို့သည် အဓမ္မဝါဒကို ဖော်ပြရာဖြစ်သောကြောင့် အဓမ္မပစ္စည်းများ ဖြစ်ကြောင်း နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂) ဝိနည်းဓိုရ်ဆရာတော်များ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။

ထိုလူသေလူဖြစ် ဝါဒါနုဝါဒ (လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသီ စသူတို့၏ ဝါဒ စသည်)ကို ရေးသား ဟောပြော ဖြန့်ဝေကြသော သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည်လည်းကောင်း၊ ထိုလူသေလူဖြစ် ဝါဒါနုဝါဒကို လိုက်နာ၍ ပြုလုပ်ကြသော သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည်လည်းကောင်း၊ ထိုလူသေလူဖြစ် ဝါဒါနုဝါဒကို လိုလား နှစ်သက်စွာ ထောက်ခံ အားပေးကြသူ သင်္ကန်းဝတ်နှင့် လူဝတ်ကြောင်တို့သည်လည်းကောင်း အဓမ္မဝါဒီများသာ ဖြစ်ကြကုန်၏” ဟူ၍ နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂) ဝိနည်းဓိုရ်ဆရာတော်များ အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်တော်မူကြသည်။


အဓမ္မဝါဒ စွန့်လွှတ်ကြောင်း ပဋိညာဉ်ပြု

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂)က လူသေလူဖြစ် ဦးဥက္ကဋ္ဌဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့ကို အဓမ္မဝါဒဟူ၍ ဝိနိစ္ဆယ ချမှတ်ခဲ့ပြီး ဖြစ်ရာ ၎င်းဝါဒများကို မစိစစ်မီက ပဋိညာဉ်ပြုခဲ့သည့်အတိုင်း စုဒိတကဖြစ်သော ဆရာတော်ဦးဇဝန ဦးဆောင်သော သံဃာတော် လေးပါးနှင့် သခင်မြတ်ဆိုင် ဦးဆောင်သော ပုဂ္ဂိုလ် ၉ ဦးတို့က အဓမ္မဝါဒများကို စွန့်လွှတ်ကြောင်း၊ နောင် အနာဂတ်ကာလ၌လည်း ယင်းဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း စသည့် အမှုများကို ကိုယ်တိုင်လည်း မပြုလုပ်၊ အခြားသူများအားလည်း ပြုလုပ်စေမည် မဟုတ်ကြောင်း၊ မိမိတို့ ဝါဒဆိုင်ရာ စာအုပ်စာတမ်း စသည်တို့ကိုပါ ဖျက်ဆီးခြင်း၊ အပ်နှံခြင်းများကို ပြုလုပ်မည် ဖြစ်ကြောင်းနှင့် ၎င်းအဓမ္မဝါဒနှင့် ပတ်သက်၍ သုံးစွဲခဲ့သော အသင်းအဖွဲ့ အမည်များ၊ အသင်းအဖွဲ့ စသည်တို့ကိုလည်း ဖျက်သိမ်းမည် ဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ရှေ့မှောက်၌ အသီးသီး ပဋိညာဉ် လက်မှတ် ရေးထိုးခဲ့ကြသည်။


နိုင်ငံတော် အစိုးရက အာဏာစက်ဖြင့် ကူညီ ဆောင်ရွက်

နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ် (၂) ဝိနည်းဓိုရ်ဆရာတော်များက ၁၉၈၁ ခု အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့ကို အဓမ္မဝါဒဟု ဆုံးဖြတ်ချက် ချမှတ်ပြီးနောက် နိုင်ငံတော်အစိုးရက ၁၃၄၃ ခုနှစ် တန်ဆောင်မုန်းလဆန်း ၃ ရက် (၁၉၈၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်) နေ့စွဲဖြင့် အမိန့်ကြော်ငြာစာ အမှတ် ၂/၈၁ ကို (ထိုစဉ်က) ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်ချုပ်စိန်လွင်က လက်မှတ်ရေးထိုး၍ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်း ဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၃ အရလည်းကောင်း၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ပုဒ်မ ၆ အရလည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရလည်းကောင်း ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ဝါဒ၊ သို့မဟုတ် ရွှေအဘိဓမ္မာဝါဒကို ဟောပြောခြင်း၊ သင်ကြား ပို့ချခြင်း၊ စာအုပ်အဖြစ် ရိုပ်နှိပ် ဖြန့်ချိခြင်း၊ ကူးယူ ဖြန့်ချိခြင်းနှင့် အသံဖမ်းတိတ်ခွေများဖြင့် အသံသွင်းခြင်း၊ ဖြန့်ချိခြင်းတို့ကို တားမြစ် ပိတ်ပင်ပြီး ၁၉၆၄ ခုနှစ် အမျိုးသား စည်းလုံး ညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေ ပုဒ်မ ၅ အရ ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ဝါဒ၊ သို့မဟုတ် ရွှေအဘိဓမ္မာဝါဒ ပြန့်ပွားရေးအတွက် ဆောင်ရွက်လျက်ရှိသော အသင်း အဖွဲ့အစည်းများကို ဖျက်သိမ်းလိုက်သည်ဟု အာဏာစက်ဖြင့် ကူညီ ဆောင်ရွက်ပေးခဲ့သည်။


ဘာကြောင့် ဝိနိစ္ဆယရုံးသို့ ရောက်လာကြပါသလဲ

မြန်မာနိုင်ငံမှာ ရှိနေသော ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူဝါဒီများနှင့် ကွန်မြူနစ်ဝါဒီများက နိုင်ငံတော် သီးခြား ဝိနိစ္ဆယခုံရုံးသို့ ရောက်မလာကြဘဲ ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ဝါဒနှင့် ရွှေအဘိဓမ္မာဝါဒကို ယုံကြည် လက်ခံကြသော ဦးဆန္ဒာဓိက၊ သခင်မြတ်ဆိုင် စသည့် စုဒိတက (တရားခံ)များသည် ဗုဒ္ဓမြတ်စွာ၏ ဝါဒနှင့် ဆန့်ကျင်ဖက်ဖြစ်သော လူသေလူဖြစ်ဝါဒနှင့် ရုပ်ကြမ်းဝါဒများကို လက်ခံ ယုံကြည်ရုံမျှဖြင့် အဘယ်ကြောင့် နိုင်ငံတော် သီးခြား ဝိနိစ္ဆယခုံရုံးသို့ ရောက်လာကြပါသနည်း?

ယင်း စုဒိတက (တရားခံ)များသည် မိမိတို့ ယုံကြည် လက်ခံထားသော လူသေလူဖြစ်ဝါဒနှင့် ရုပ်ဝါဒအတွက် လမ်းရှင်းပေးလိုသည့်အနေဖြင့် ဘီစီ ၆၂၃ ခုနှစ်ခန့်က စတင် ပေါ်ပေါက်လာခဲ့သည့် ဗုဒ္ဓဝါဒနှင့် နှစ်ပေါင်း ၂၅၀၀ ကျော် ကာလတိုင်တိုင် အများ ပြည်သူ ရဟန်း ရှင်လူ သန်းပေါင်းများစွာတို့၏ ကိုးကွယ် အားထားရာဖြစ်သော ပိဋကကျမ်းဂန်များ၊ ပိဋကဆောင် ရဟန်းသံဃာများကို ဖျက်ဆီးရန် ကြိုးစား အားထုတ်ခြင်း၊ သူတပါးတို့၏ ယုံကြည် ကိုးစားချက်ကို ထိပါး စော်ကားခြင်းတို့ကြောင့် နိုင်ငံတော် သီးခြား ဝိနိစ္ဆယခုံရုံးသို့ ရောက်လာကြရသည်။


ကျေးဇူးတော်ရှင် ဘာသန္တရဆေက မြောင်းမြဆရာတော်ဘုရားကြီး

ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးသည် ရှင်ဥက္ကဋ္ဌက ကိုးကား၍ ရေးသားထားသော အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စာပေများကို ကျမ်းစာ အထောက်အထား ပြလျက် တစ်ပိုဒ်ချင်း ဖြေရှင်း သုံးသပ်ပြီး ဆုံးဖြတ်ချက် ချခဲ့၏။

ဘာသန္တရစာပေ များစွာပါရှိသည့် စောဒနာ သောဓနာလွှာတို့ကို တာဝန်ယူ၍ ဆုံးဖြတ်ရာတွင် ပညာရှင်များက လေးစားပြီး လက်ဖျားခါရလောက်အောင် ကျွမ်းကျင် ပိုင်နိုင်လှ၏။

စုဒိတကပုဂ္ဂိုလ်များကိုယ်တိုင် ဆရာတော်ဘုရားက မေးမြန်းသော အင်္ဂလိပ်ကျမ်းစာတို့ကို လုံးဝ မကြားဖူး၊ မဖတ်ဖူးကြောင်းကို ဝန်ခံစကား လျှောက်ထားခဲ့ကြရ၏။

ဆရာတော်ဘုရားကဲ့သို့ ဘာသန္တရစွယ်စုံ မကျွမ်းကျင် မတတ်မြောက်လျှင် ဘာသန္တရစာပေများနှင့် စပ်ဆိုင်သော ၎င်းစောဒနာ သောဓနာလွှာတို့ကို လုံးဝ ဖြေရှင်း ဆုံးဖြတ်နိုင်မည် မဟုတ်ပါ။

နိုင်ငံတော်အစိုးရကလည်း အာဏာစက်ဖြင့် ကူညီ ဆောင်ရွက်ပေးမှုကြောင့် ပိုမို ထိရောက် အောင်မြင်ခဲ့၏။

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယကြီး အောင်မြင်စွာ ပြီးဆုံးမှု၌ ကျေးဇူးရှင် မြောင်းမြဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာနိက၏ စွမ်းအားသည် အံ့မခန်း ကြီးမားလှသည်ဖြစ်ရာ ၁၉၉၇ ခုနှစ် ဇွန်လ ၈ ရက်နေ့က ဘဝနတ်ထံ စံလွန်တော်မူခဲ့သော အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရင် မြောင်းမြ ပဇ္ဇောတာရုံ ဆရာအရှင်၏ ဘာသန္တရဆေက ပဉ္စနိကာယ ပိဋကတ္တယပါရဂူ ဘာသန္တရဝိဒူ ဖြစ်ပုံကို ဖော်ပြရာဖြစ်သော ဤ“လူသေလူဖြစ် ဝိနိစ္ဆယကျမ်းကြီး”ဆောင်းပါးဖြင့် ဆရာမြတ် ထေရ်သခင် ကျေးဇူးရှင်အား ဦးနှိမ်ရိုကျိုး လက်စုံမိုးလျက် အကြိမ်ကြိမ် ရှိခိုးကော်ရော် ပူဇော်အပ်ပါသည်။

နောင်ရိုးဇာနည်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP