Tuesday, August 18, 2009 ခိုးစေချင်တယ်.. လုစေချင်တယ်.. တိုက်စေချင်တယ်.. သတ်စေချင်တယ်..
ဓမ္မ၀ီရဂျာနယ်ကို ဖတ်နေရင်းနဲ့ ဒီခေါင်းစဉ်လေးကို တွေ့မိတာပါ။ ဖော်ပြတဲ့ အကြောင်းအရာလေးကို ခေါင်းစဉ်လေးနဲ့ ကိုက်အောင် ပုံဖော်ပြီး ပြောပေးသွားလို့လည်း ဒီခေါင်းစဉ်လေးကို ထပ်မံကူးယူပြီး ဖော်ပြပေးချင်တာပါ။ ခိုးစေချင်တယ်တဲ့.. ဘာကိုခိုးခိုင်းတာလည်း? သူများပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေကို သွားရောက်ခိုးခိုင်းတာ မဟုတ်ပါဘူးနော်။ နောက်တစ်ခုက လုစေချင်တယ်တဲ့.. ဓါးပြတိုက်ပြီး သူများပိုင်ငွေကြေးတွေကို လုယူစေချင်လို့ ဆိုလိုတာလည်း မဟုတ်ပြန်ပါဘူး။ တိုက်စေချင်တယ် နဲ့ သတ်စေချင်တယ် ဆိုတဲ့ စကားတွေဟာလည်း ဒီလိုပါပဲနော်။ သူများကို တိုက်ခိုက်စေချင်တာ.. သူများကို ညှင်းပန်းနှိတ်စက်ပြီး သတ်စေချင်တဲ့ သဘောမျိုးကို ဆိုလိုချင်တာ မဟုတ်ပြန်ပါဘူး။ ဒါဆိုရင် ဘာတွေကို ဆိုလိုတာလည်း?
ပထမဆုံး ခိုးစေချင်တယ်ဆိုတာကတော့ ဘုရားရှိခိုးစေချင်တာပါ။ ဘာလို့ ဘုရားကို ရှိခိုးစေချင်တာလည်းဆိုတော့ ကျေးဇူးရှိတဲ့ဘုရားရှင်ရဲ့ ကျေးဇူးကိုသိပြီး ကျေးဇူးဆပ်ရာ ရောက်စေချင်တဲ့ အတွက်ပါ။ လူအများစုဟာ သူများဘုရားရှိခိုးတယ်လို့သာ လိုက်ပြီးတော့ ရှိခိုးလိုက်တယ်.. ဘုရားဘာလို့ရှိခိုးတယ် ဆိုတာတော့ သေချာလေး မတွေးမိကြပါဘူး။ ဘုရားရှင်ကို ရှိခိုးတာဟာ ဘုရားရှင်ရဲ့ မေတ္တာတော် ကျေးဇူးတော် ဂုဏ်တော်အနန္တကို ရည်မှန်းပြီး သက်တော်ထင်ရှားအလား ဦးခိုက်ပူဇော်တာပါ။ ဘုရားရှင်ဆုံးမခဲ့တဲ့ တရားတွေ.. ဘုရားရှင်ရဲ့ တရားတော်တွေကို အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ ဘုရားတပည့်သား သံဃာတော်တွေရဲ့ ဂုဏ်တော် ကျေးဇူးတော်တွေကို တန်ဖိုးထား အမြတ်တနိုးထားတဲ့အနေနဲ့ ရှိခိုးပူဇော်တာပါ။ နောက်ပြီး ဘုရားရှင်ရဲ့ အဆုံးအမတွေဟာ ကိလေသာဘေး၊ စိတ်ဆင်းရဲခြင်းဘေး၊ ကိုယ်ဆင်းရဲခြင်းဘေး၊ အပါယ်ဘေးတို့ကို ကျရောက်ခြင်းမရှိစေပဲနဲ့ မသေရာ အမြတ်နိဗ္ဗာန်ကို ခေါ်ဆောင်ပေးနိုင်စွမ်း ရှိတဲ့အတွက်လည်း ဘုရားရှင်ရဲ့ ကျေးဇူးတော်ကို ရှိခိုးပူဇော်တာပါ။ ဒီလိုမျိုး ဘုရားရှင်ရဲ့ကိလေသာကင်းစင်ပုံ၊ ကျေးဇူးအနန္တြကီးမားပုံတွေကို စိတ်ထဲကဦးညွတ်ရင်း ဂုဏ်တော်တွေကို အာရုံပြုပြီး ကျေးဇူးတော်တွေကို ရှိခိုးစေချင်တဲ့ သဘောပါ။
ဒုတိယတစ်ခုက လုစေချင်တယ် တဲ့။ ဘာကိုလုရမှာလည်း? ရခဲလှတဲ့ လူ့ဘ၀တိုတိုလေးမှာ အချိန်လုပြီးတော့ ကုသိုလ်ကိုလုပြီး လုပ်စေချင်တာပါ။ တနေ့တနေ့ ကုသိုလ်နဲ့ အကုသိုလ်ဘယ်ဟာ လုပ်တာများလည်းဆိုတာ ချိန်ကြည့်မယ်ဆိုရင် အကုသိုလ်က တဖက်သတ်ကြီး သာသွားပါလိမ့်မယ်။ ကုသိုလ်ကသာမယ့် သူတွေလည်း အနည်းစုရှိမှာပါ။ ဒီလို အကုသိုလ်တွေ တဖတ်သတ်ကြီး မဖြစ်စေချင်တဲ့အတွက် ကုသိုလ်ကို ရတဲ့အချိန် ရနိုင်တဲ့နေရာမှာ ရသလို လုပြီး လုပ်စေချင်တာပါ။ တချို့က ပြောကြပါတယ်.. ငါ့အတွက် တရားအလုပ်လုပ်ဖို့ အချိန်မရှိဘူး.. စားဝတ်နေရေးအတွက် လုံးပမ်းနေရတာ.. အချိန်မပေးနိုင်ဘူး ဆိုပြီးတော့ ကုသိုလ်ကိုမလုပဲ အကုသိုလ်တွေ လုနေကြတာ ရှိကြပါတယ်။ လောကီလူ့ဘောင်မှာ ရုန်းကန်လှုပ်ရှားနေတဲ့သူတွေမလို့ လောကီလူ့ဘောင်တွေကို ပြစ်ပယ်ပြီး တရားအလုပ်ကြီးပဲ လုပ်ဆောင်ဖို့ကို တအားကြီး မပြောလိုပါဘူး။ ဒါပေမယ့်.. ရရှိလာတဲ့ လူ့ဘ၀ အချိန်တိုလေးအတွင်းမှာ ရနိုင်သလောက် ကုသိုလ်တွေကို အချိန်ပေးပြီး ရသလောက်ယူဖို့ အချိန်ကို လုစေချင်တဲ့ သဘောလေးပါ။
နောက်တစ်ခုက တိုက်စေချင်တယ်တဲ့။ ဘာတွေတိုက်ရမှာလည်း? ပုထုဇဉ်တွေရဲ့ စိတ်ဟာ ကောင်းတဲ့ အလုပ်လုပ်ဖို့ ကိုယ့်ကိုကိုယ် ပြန်ပြီး အမြဲသတိပေးနေရတာပါ။ ဒါဘာလို့လည်းဆိုတော့ လူတွေရဲ့ စိတ်ဟာ မကောင်းတဲ့ နေရာမှာပဲ မွေ့လျော်ချင်တဲ့ အတွက်ကြောင့်ပါ.. အမြဲတမ်း ကောင်းတာ မလုပ်ချင်တာဟာ မကောင်းတဲ့ အကုသိုလ်စိတ်ဆိုးတွေရဲ့ တိုက်ခိုက်မှုကို အမြဲတမ်း ခံနေရလို့ပါ။ ကျွန်တော်တို့တွေ အမြဲတမ်း မကောင်းတဲ့ အကုသိုလ်တွေရဲ့ တိုက်ခိုက်ခြင်းကို နေ့စဉ်နဲ့အမျှ ခံနေရပြီးတော့ ကိုယ်ကရော ကောင်းတဲ့ ကုသိုလ်တရားတွေနဲ့ ဘယ်နှစ်ခါလောက် အကုသိုလ်တွေကို တိုက်ပြီးပြီလဲ? အမြဲတမ်း ကိုယ်ကအတိုက်ခံပြီး အမြဲအရှုံးပေးနေရတာပါနော်။ ဒါ့ကြောင့် ကိုယ့်ရဲ့ စိတ်ထဲကို ၀င်ရောက်လာမယ့် လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာ တရားတွေကို တနေ့ထက်တနေ့ နည်းနိုင်သမျှ နည်းအောင် တိုက်စေချင်တဲ့ သဘောလေးပါ။ ဒီလိုမျိုး အကုသိုလ်တွေ မဖြစ်အောင် ကုသိုလ်တရားတွေနဲ့ အမြဲတိုက်ပြီး ကုသိုလ်တရားတွေ များသထက် များလာအောင် အကုသိုလ်တွေကို အနိုင်ယူ တိုက်ထုတ်နေတာဟာလည်း တရားကျင့်နေတာပါပဲနော်။
နောက်ဆုံးအချက်ကတော့ သတ်စေချင်တယ်တဲ့။ ဘာကို သတ်စေချင်တာလည်းဆိုတော့ ကိလေသာတွေကို ပါယ်သတ်စေချင်တာပါ။ ကိလေသာဆိုတာ စိတ်ကိုပူလောင်စေတဲ့ သဘော၊ ညစ်နွမ်းစေတဲ့ သဘောပါ။ ဒီညစ်နွမ်းစေတဲ့ ကိလေသာကို အဖြစ်မခံပဲနဲ့ နေရာတိုင်းမှာ အချိန်တိုင်းမှာ စိတ်ကိုအညစ်အကြေးဖြစ်စေမယ့် ကိလေသာတရားတွေ ၀င်မလာအောင် တားနိုင်တာ.. တားနိုင်အောင် မိမိကိုယ်ကို ကျင့်ကြံတာဟာ ကိလေသာတွေကို ပါယ်သတ်နေတာပါနော်။ ဒါနကုသိုလ်က လောဘကိလေသာကို ပါယ်သတ်တယ်၊ သီလကုသိုလ်က ဒေါသကိလေသာကို ပါယ်သတ်တယ်၊ ဘာဝနာမေတ္တာကုသိုလ်ကတော့ မောဟကိလေသာနဲ့ ဒေါသကိလေသာကို ခပ်ကြာကြာ ပါယ်သတ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိလေသာတွေ များများပါယ်သတ်ချင်တယ် ဆိုရင်တော့ အချိန်တိုင်း နေရာတိုင်းမှာ ဒါနပြုပါ၊ သီလဆောက်တည်ပါ၊ မေတ္တာဘာဝနာ ပွားပါလို့ ပြောကြားလိုပါတယ်။ ဒီလို ဒါန၊ သီလ၊ ဘ၀နာ တရားတွေကို အမြဲလက်ကိုင်ထား ပွားများ ကျင့်ကြံနေတာဟာ ကိလေသာတွေကို ကြားမခိုအောင် ကျင့်ကြံအားထုတ်ပါယ်သတ်နေတာပါနော်။
ရရှိလာတဲ့ လူ့ဘ၀တိုတိုလေးမှာ အထက်ဖော်ပြပါ အချက်လေးချက်နဲ့ နေ့စဉ် လိုက်ပါလုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။ နေ့စဉ် ဘုရားရှိခိုးပါ.. နေ့စဉ် အချိန်ကိုလုပြီး ကုသိုလ်ကို များသထက်များအောင် လုပ်ဆောင်ပါ.. နေ့စဉ် ကိုယ့်ရဲ့ စိတ်အစဉ်မှာ ဖြစ်လာမယ့်.. ၀င်ရောက်လာမယ့် လောဘတွေ ဒေါသတွေ မောဟတွေကို ကုသိုလ်တရားတွေနဲ့ တိုက်ထုတ်ပြစ်ပါ.. နေ့စဉ် ကိုယ့်စိတ်ကိုပူလောင်စေမယ့် ပူပန်စေမယ့် ကိလေသာတရားတွေကို ၀င်ရောက်မလာနိုင်အောင် အမြစ်ပြတ် သတ်ပြစ်နိုင်အာင် ကြိုးစားစေလိုပါတယ်။ မိမိကိုယ်တိုင်လည်း ကြိုးစားလျက်ပါပဲ။ ဓမ္မမိတ်ဆွေအပေါင်းလည်း နေ့စဉ်နဲ့အမျှ ကုသိုလ်ကိုများအောင်စုပြီး ကောင်းမှုကိုများအောင်ကြံကာ မဂ်ဖိုလ် နိဗ္ဗာန်သို့ တက်လှမ်းနိုင်ကြပါစေ။ မေ့တော့မမေ့လိုက်ပါနဲ့နော်.. ခိုးပါ.. လုပါ.. တိုက်ပါ.. သတ်ပါ.. ဆိုတဲ့ စကားလေးကို… (အဓိပ္ပါယ်တော့ မလွဲစေချင်ပါဘူး) ။။။

0 comments:
Post a Comment