*ဗောဇ္ဈင်တရား ခုနစ်ပါး(၄)*
စတုတ္ထမြောက် ဗောဇ္ဈင် တရားမှာ ပီတိသမ္ဗောဇ္ဈင် ဖြစ်သည်။ ပီတိသည် ၀ိပဿနာ အာရုံပေါ်တွင် အထူး စိတ်ဝင်စားမှု စူးစူးစိုက်စိုက် ဖြစ်လာသော အခါ ဖြစ်လာသော သဘောဖြစ်၏။ မျက်မှောက် ဖြစ်ပျက် နေသည်ကို ပျော်ရွှင် နှစ်သက်စွာ စိတ်ဝင်စား နေခြင်း ဖြစ်၏။ ၎င်းကို ခံတွင်းတွေ့မှု အားတက်မှု ပါသော ၀မ်းသာ ကြည်နူးခြင်း ဟုလည်း ဖော်ပြတတ် ကြ၏။ ဤပီတိကို ဥပမာ တင်စားသော အားဖြင့် ရက်ပေါင်းများစွာ ပူပြင်း ခြောက်သွေ့သော သဲကန္တာရ အတွင်း လျှောက်လှမ်း လာရသဖြင့် မောပန်း နွမ်းနယ်ကာ ညစ်ပတ် ပေရေလျက် အလွန် ရေငတ်နေသူ ကန္တာရ ခရီးသည်သည် မဝေးလှသော နေရာ၌ ကြည်လင်သော ရေအိုင်ကြီး တစ်အိုင်ကို မြင်တွေ့လိုက်ရ သဖြင့် ဖြစ်သော ထိုသူ၏ ၀မ်းမြောက်ခြင်း ပီတိနှင့် ခိုင်းနှိုင်း တင်ပြနိုင်၏။
ထိုသူသည် တိုရေ၌ မည်မျှ စိတ်ဝင်စား မည်နည်း။ ရေကို သောက်သုံး သန့်စင်ရသော အခါ သူ ဘယ်ရွေ့ဘယ်မျှ ၀မ်းမြောက် ရွှင်လန်းမည်နည်း။ ထို ၀မ်းမြောက်ခြင်း ပီတိသည် ပီတိ သမ္ဗောဇ္ဈင်နှင့် တူသည်ဟု ယူဆနိုင် ပါသည်။ ပီတိသည် သံယောဇဉ် ကင်းပြတ်သွားမှု၊ အတွယ်အတာ အနှောင်အဖွဲ့ ကင်းမဲ့သွားမှု၊ လွတ်မြောက်သွားမှု၊ အတ္တစွဲ ကင်းမဲ့သွားမှု၊ ဥပါဒါန် ကင်းရှင်းသွားမှုကြောင့် ဖြစ်သော စိတ်၏ အပြောကျယ် သွားခြင်း၊ အပြန့်ကျယ် သွားခြင်း သဘောပင်တည်း။
ဤ ပီတိ သမ္ဗောဇ္ဈင် ထူထောင်မှုသည် မြတ်စွာဘုရား ဗောဓိဉာဏ် အလို့ငှာ ပါရမီ ဆယ်ပါးကို ဖြည့်ဆည်းခဲ့ခြင်း၌ ထင်ဟပ်လျက် ရှိ၏။
ဒါနပါရမီကို ဆိုကြပါစို့။ ကူညီလိုသော စွန့်ကြဲလိုသော စိတ်ဆန္ဒတော်၏ စေ့ဆော်မှုသည် သတ္တ၀ါ ခပ်သိမ်းတို့၏ ဒုက္ခခပ်သိမ်းကို သက်သာရာ ရစေပါသည်။ ဗုဒ္ဓသည် အလှူခံပုဂ္ဂိုလ် အယုတ်အမြတ် မခွဲခြား၊ ဒါနကို ယေဘုယျ သဘောအား ဖြင့်သာ မခွဲခြားဘဲ ပြု၏။ သီလ ပါရမီတွင်လည်း ထို့အတူသာ ပြု၏။ သတ္တ၀ါ အားလုံးအတွက် အကြွင်းမဲ့ ဘေးကင်းစေတော် မူသည်။ သတ်ဖြတ် ညှင်းဆဲခြင်းမှ ကင်းစေတော် မူလေသည်။ နိက္ခမ ပါရမီတော်၊ ၀ီရိယ ပါရမီတော်၊ ပညာ ပါရမီတော်၊ ခန္တီ ပါရမီတော်၊ မေတ္တာ ပါရမီတော်၊ သစ္စာ ပါရမီတော်၊ အဓိဋ္ဌာန် ပါရမီတော်နှင့် ဥပေက္ခာ ပါရမီတော် စသော ပါရမီ ဆယ်ပါးကို သဗ္ဗညုတ ဉာဏ်အလို့ငှာ မြတ်စွာ ဘုရားသည် ပြီးပြည့်စုံအောင် အားထုတ်၍ ဆောင်ရွက်ခဲ့ရ လေသည်။
ဗုဒ္ဓ မြတ်စွာဘုရားသည် ပါရမီတော်ကြီး များကို ဖြည့်ဆည်းစဉ် အခါက ပြုမူ ကျင့်ကြံတော် မူခဲ့သလို ကျွန်ုပ်တို့လည်း ဗုဒ္ဓနည်းတူ ပြုမူ နေရသည်ဟု ဆင်ခြင် ပွားများသဖြင့် သဘောကျသော ကာလ ပီတိ သမ္ဗောဇ္ဈင်သည် ရှင်သန် ပွားများ လာပါလိမ့်မည်။ စွန့်ကြဲခြင်း အမှုကိစ္စအားလုံး၊ သည်းခံ ခွင့်လွှတ်သော အမှုကိစ္စ အားလုံး၊ သစ္စာ တည့်မှန်ခြင်းနှင့် စပ်သော အမှုကိစ္စ အားလုံးကို ကျွန်ုပ်တို့သည် ပြုမူသည့် အခါတိုင်း ဘုရားအဖြစ်ကို ရောက်အောင် အားထုတ်ခဲ့သော မြတ်စွာဘုရား၏ ပါရမီတော် ဖြည့်စဉ်က ပြုကျင့်ခဲ့သော နည်းတူ ပြုကျင့်နေခြင်း ဖြစ်သည်ဟု သဘော ကျရပါမည်။
မိမိတို့၏ ဖွံ့ဖြိုး တိုးတက်မှု၊ မိမိတို့ ပြုခဲ့သော ကုသိုလ် ကောင်းမှုများကို ပြန်လည် အောက်မေ့ခြင်း အားဖြင့်လည်း စိတ်မှာ ၀မ်းမြောက်ခြင်း ပီတီ ဖြစ်ပေါ်နိုင်ပါသည်။ တရားဓမ္မကို ဆင်ခြင် စဉ်းစားခြင်း၊ အရိယာ သစ္စာလေးပါး မြတ်တရားကို ဆင်ခြင်စဉ်းစား သုံးသပ် ပွားများခြင်း၊ အနိစ္စ လက္ခဏာကို ဖြစ်စေ၊ အနတ္တ လက္ခဏာကို ဖြစ်စေ ဆင်ခြင် စဉ်းစားခြင်းသည် လူတိုင်းအတွက် နေရာမရွေး အချိန်အခါမရွေး မှန်ကန်ပါသည်။ တရားတော်၏ မှန်ကန်ခြင်းသည် အတွေ့အကြုံ အရလည်း ထင်ရှားပါသည်။ “ဧဟိပဿိကော” လာလှည့် ရှုလှည့်ဟူသော တရားဂုဏ်တော်နှင့် အညီ အစမ်းသပ် ခံနိုင်သော တရားမျိုး ဖြစ်ပါသည်။ “သင် ယုံကြည်ရမည်” ဆိုသော တရားမျိုး မဟုတ်ချေ။ တရားဓမ္မနှင့် အညီ ပြုကျင့်ခြင်း အားဖြင့် ၀မ်းမြောက်ခြင်း ပီတိ သမ္ဗောဇ္ဈင်ကို ရှင်သန် ပွားများ စေနိုင်ပါသည်။ သစ္စာတရားတို့၌ စူးစမ်း ဆင်ခြင်ခြင်းဖြင့် စိတ်မှာ ပြင်းထန်သော ၀မ်းမြောက် ရွှင်လန်းခြင်း ဖြစ်ရပါသည်။
>>> ဆက်ရန်
>>> ဆရာဦးဆန်းလွင်နှင့် ဆရာဦးဟန်ဌေးတို့ ဘာသာ ပြန်ဆိုသော ဂိုးလ်စတိန်း၏ ကိုယ်တွေ့ ၀ိပဿနာ စာအုပ်မှ ကူးယူဖော်ပြ မျှဝေအပ် ပါတယ် ခင်ဗျာ...။
လေးစားစွာဖြင့်
ဖိုးသား

0 comments:
Post a Comment