* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, June 30, 2011

ရာထူးခန့်အပ်ထားခြင်းကိစ္စ သတင်းစာရှင်းလင်းပွဲ

"ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ တနေ့တခြား၊ ဒီရေအလားကဲ့သို့၊ တိုးပွါးစည်ပင်ပါစေသတည်း"
အလှူအတန်းတွေမှာ မိမိရဲ့ ဆရာတော်က ဒကာ၊ ဒကာမတွေကို ပေးလေ့ရှိတဲ့ ဆုပေးထဲက တစ်ပိုင်းတစ်စရယ်ပါ။ ရာထူးတွေ တိုးပွါးပါစေပေါ့လေ။ ရာထူးကို လူသားတွေအားလုံး မက်မက်မောမောရှိခဲ့ကြလို့လည်း အနာနဲ့ဆေးတည့်ကြသလို ဒီဆုပေးနဲ့ လူတွေဟာ တည့်လာကြတဲ့ အစဉ်လာရှိခဲ့ကြတာဖြစ်မယ်။ ရာထူးတွေတတ်ပါစေ၊ ဂုဏ်တွေတိုးပွါးပါစေလို့ ဆုပေးလိုက်ရင်လည်း လူတွေရဲ့မျက်နှာမှာ ဖြစ်သော်ရှိ၊ မဖြစ်သော်ရှိ ပြုံးရောင်လေးတွေ သမ်းလို့။

ရာထူးက လူတွေကို ပျော်ရွှင်အောင်လည်း လုပ်တတ်တယ်၊ ရူးသွားအောင်လည်း လုပ်တတ်တယ်။ သူ့ကိုရတဲ့သူဘက်က ပြုံးရယ်နိုင်ပေမယ့်၊ မရတဲ့သူအဖို့ကျတော့ ရာထူးကို အကြောင်းပြုပြီး ကျေကွဲကြရတယ်။ အမုန်းတွေပွါးကြရတယ်၊ အကုသိုလ်တွေ တစ်စပြီးတစ်စ တိုးပွါးလာကြရတယ်။ ခေတ်တွေ၊ တစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလဲလာကြတဲ့အခါမှာ ရာထူးကို တော်လှန်နိုင်တဲ့ ခေတ်ဆိုတာ မရှိခဲ့ပါဘူး။ အိန္ဒိယနိုင်ငံမှာ ပြည်နယ်ဝန်ကြီးရာထူးရဖို့အတွက် ကိုယ့်ဦးလေး အရင်းခေါက်ခေါက်ရဲ့ ၀န်ကြီးရာထူး ကိုတောင် မှ အသည်းအသန် ပြန်လုခဲ့ဖူးတဲ့ တူတော်မောင်မျိုးကြုံခဲ့ဖူးတယ်။ ဒါတောင် ဦးလေးက တူတော်မောင့်မှာ အဖေမရှိတော့အတွက် သားအဖြစ်နဲ့လည်း မွေးစားထားသေးဆိုပဲ။ ဦးလေးလည်း ရွေးကောက်ပွဲအပြီးမှာ တူတော်မောင့် လုပ်ရပ်ကြောင့်ပဲ ဘ၀ကူးသွားရရှာတယ်။

လူတွေသာ ရာထူးကို မက်မောကြတာ မဟုတ်ပါဘူး၊ ပုထုဇဉ်ရဟန်းတွေလည်း မက်မောကြတာပါပဲ။ ရာထူးလေး နှစ်ကျပ်ခွဲသားလောက် မက်လုံးပေးလိုက်ရင် ဘနဖူးကိုပင် ဒူးနဲ့ တက်တိုက်ရဲတဲ့ ရဟန်းတွေ ရှိကြသေးတာပါ။ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူတာ တစ်နှစ်သားလောက်ပဲ ရှိသေးတဲ့အချိန်ပါ။ မြို့ရွာအနှံ့ပြားကိုလည်း မရောက်သေးပါဘူး၊ တရားတော်တွေကိုလည်း များများစားစား မဟောရသေးပါဘူး။ သူ့သာသနာမှာ ရဟန်းဦးရေ စာရင်းကောက်ကြည့်လိုက်ရင်လည်း တစ်ထောင်ကျော်လောက်သာ ရှိပါသေးတယ်။ အဲဒီရဟန်းတစ်ထောင်ကျော်ထဲမှာ ပုထုဇဉ်ရဟန်းတွေလည်းပါဝင်ပါတယ်။

ရာဇဂြိုလ်ပြည် ဗိမ္မိသာရမင်းကြီး ဆောက်လုပ်လှုဒါန်းတဲ့ ဝေဠုဝန်ကျောင်းတော်ကြီးကို အလှုခံပြီးစ သုံးရက်မြောက်တဲ့နေ့မှာ နောက်လိုက်တပည့် နှစ်ရာငါးဆယ်ခြံရံပြီးတော့ ဥပတိဿနဲ့ ကောလိတဆိုတဲ့ ပရဗိုဇ်နှစ်ဦး မြတ်စွားဘုရားထံရောက်လာတယ်။ ပြီးတော့ ရဟန်းပြုခွင့်တောင်းတယ်၊ ဘုရားရှင်ကလည်း ဧဟိဘိက္ခု ရဟန်းပြုပေးလိုက်တယ်၊ တရားပါဟောလိုက်တာ ရဟန္တာပါ ဖြစ်သွားကြတယ်။ သူတို့နှစ်ပါးကို သံဃာအစည်းဝေးကို ခေါ်ပြီး သံဃာအစည်းဝေးမှာ ဥပတိဿကို အရှင်သာရိပုတ္တရာ ဘွဲ့အမည်နဲ့ သူ့ရဲ့ လက်ယာတော်ရံအဖြစ်၊ ကောလိတကို အရှင်မဟာမောဂ္ဂလာန်ဘွဲ့အမည်နဲ့ သူ့ရဲ့ လက်ဝဲတော်ရံအဖြစ် ခန့်အပ်ထားလိုက်ပြီဖြစ်ကြောင်း ကြေငြာလိုက်တယ်။ အဲဒီအချိန်မှာ ကျန်တဲ့ သံဃာပရိသတ်က မကျေမနပ်ဖြစ်ကုန်ကြတယ်။ သူတို့အတွေးက အဲဒီရာထူးကို သာသနာထဲကို အရင်ရောက်တဲ့ ရဟန်းတွေထဲကပဲ ဖြစ်သင့်တယ်၊ နောက်မှ ရောက်လာတဲ့လူက မဖြစ်သင့်ဘူးလို့ ယူဆကြတယ်။ သာမန်ဆိုရင်တော့ ဒီလိုပဲတွေးသင့်တာပေါ့လေ။ အဲဒီအချိန်မှာ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်တို့ထက် သာသနာထဲကို အရင်ရောက်နေတဲ့ စားရင်းက ဒီလိုပါ။

ပဉ္စ၀ဂ္ဂီရဟန်းငါးပါး၊
အရှင်ယသနဲ့အခြားရဟန်းများ ငါးဆယ့်ငါးပါး။
ဘဒ္ဒ၀ဂ္ဂီရဟန်းများ သုံးဆယ်။
ဥရုဝေလနဲ့ ရဟန်းများ တစ်ထောင်။
စုစုပေါင်း တစ်ထောင်ကိုးဆယ်ပါ။
အဲဒီရဟန်းတွေထဲကပဲ လက်ယာရံ၊ လက်ဝဲရံရာထူးကို ခန့်အပ်သင့်တယ်ပေါ့။ အခုတော့ ဘုရားရှင်က မျက်နှာလိုက်တယ်ပေါ့လေ။

အဲဒီရာထူးကိစ္စ ရဟန်းတွေရဲ့ကြားမှာ လှိုင်းပွက်သလို ဂယက်ရိုက်နေတာကို ဘုရားရှင်သိတော်မူသွားတယ်။ ချက်ချင်းပဲ ရားထူးခန့်အပ်ခြင်းကိစ္စ ရှင်းလင်းပွဲ အစည်းဝေးကြီး ကျင်းပလိုက်တယ်၊ အဲဒီအစည်းဝေးပွဲကို ရဟန်းတွေအားလုံးကိုလည်း တက်ရောက်စေခဲ့တယ်။ ရဟန်းတွေအားလုံး သံသယရှင်းသွားအောင်လည်း ဒီလိုရှင်းပြတော်မူခဲ့ပါတယ်။

“အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်တို့ကို ငါဘုရားရဲ့ လက်ယာရံ၊ လက်ဝဲတော်ရံအဖြစ်ခန့်အပ်ခဲ့တာ ချစ်သားတို့ အားလုံး သိခဲ့ပြီးသားဖြစ်တယ်။ အခုလို ခန့်အပ်လိုက်တာဟာ ရဟန်းတို့ ထင်သလို မျက်နှာလိုက်ပြီးတော့ ခန့်အပ်လိုက်ခြင်း မဟုတ်ပေဘူး။ ရှေးရှေးသော အတိတ်ဘ၀က သူတို့ တောင်းခဲ့ကြတဲ့ဆု၊ သူတို့ပြုခဲ့ကြတဲ့ ပါရမီအတိုင်းသာ ငါဘုရား ပေးတော်မူခဲ့ခြင်းဖြစ်ပေတယ်” ဒီလို ဘုရားရှင် မိန့်တော်မူလိုက်တဲ့အခါမှာ ရဟန်းတွေအားလုံး ဘုရားရှင်ကို ရှိခိုးပြီးတောင်းပန်ကြတယ်။ ပြီးတော့ သူတို့ရဲ့ ရှေးဆုတောင်း၊ ရှေးပါရမီဆန္ဒကိုလည်း အားလုံးသိချင်နေကြတာမို့ ဘုရားရှင်ကို ဟောတော်မူပါဘုရားလို့ တပြိုင်နက် လျှောက်တင်လိုက်ကြတယ်။ ဒီတော့ ဘုရားရှင်က…..

“လွန်ခဲ့သော ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရအမည်နဲ့ ဘုရားရှင်ဟာ လောကမှာ ပွင့်ခဲ့တယ်။ အဲဒီဘုးရာလက်ထက်မှာ ချစ်သားတို့ ပေးသင့်တယ်ဆိုတဲ့ ပဉ္စ၀ဂ္ဂီစာရင်းဝင် အရှင်ကောဏ္ဍညဟာ လယ်များစွာပိုင်တဲ့ လယ်ပိုင်ရှင်သူဌေးကြီးဖြစ်ခဲ့တယ်။ အဲဒီသူဌေးကြီးက ရဟန်းတစ်ပါးကို ဧတဒဂ်ဘွဲ့ပေးတာ မြင်တဲ့အခါ အားကျစိတ်တွေဝင်လာတယ်။ ပြီးတော့ သူ့လယ်ခင်းထဲက ထွက်တဲ့စပါးတွေထဲက အဦးဆုံးဖြစ်ပေ့ဆိုတဲ့ဟာမှန်သမျှ အကုန်လှူတယ်။ ဥပမာ ရိပ်တဲ့အခါမှာ ရိပ်ဦးအလှူ၊ နင်းနယ်တဲ့အခါ နယ်ဦးအလှူ၊ ရောင်းတဲ့အခါ ရောင်းဦးအလှူ၊ စားတဲ့အခါ စားဦးအလှူ စသဖြင့် အဦးဆုံးအလှူတွေကို ပေးပြီးတော့ သူဟာ နောက်ပွင့်မယ့် ဘုရားရှင်တို့ရဲ့ အထံမှာ တခြားသူတွေထက် ဦးဦးဖျားဖျား တရားအရသာကို နာရသူဖြစ်ရပါလို၏ ဆိုပြီးဆုတောင်းခဲ့ဖူးတယ်။ အခု သူဟာတရားဦးအရသာကို ခံစားရသူ ဖြစ်တယ်။

လွန်ခဲ့သော တသင်္ချေနဲ့ ကမ္ဘာတစ်သိန်းထက်မှာ အရှင်သာရိပုတ္တရာက ဗြဟ္မဏမဟာသာလမျိုးမှာဖြစ်တယ်။ အမည်က သရဒလို့ခေါ်တယ်။ အရှင်မောဂ္ဂလာန်က အသည်မျိုးမှာ ဖြစ်တယ်။ အမည်က သီရိဝဍ္ဎနလို့ခေါ်တယ်။ သူတို့နှစ်ဦးက သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ အဲဒီအချိန်မှာ မနောမဒဿီအမည်ရတဲ့ ဘုရားပွင့်တယ်။ တနေ့တော့ သရဒက သံဝေဂရလို့ တောထွက်ပြီး ရသေ့ဝတ်တယ်။ သီရိဝဍ္ဎနကတော့ လူ့ဘောင်မှာပဲ ရှိနေတုန်းပါပဲ။

အဲဒီအချိန်မှာ မနေမဒဿီဘုရားရဲ့ လက်ယာရံမှာ အရှင်နိသဘဖြစ်ပြီးတော့၊ လက်ဝဲရံက အရှင်အနောမဖြစ်တယ်။ သရဒရသေ့က လက်ယာရံဖြစ်တဲ့ အရှင်နိသဘကို အားကျပြီးတော့ မြတ်စွာဘုရားကို ပန်းထီးနဲ့ ပူဇော်တယ်။ ပြီးတော့ ဒီလိုဆုတောင်းတယ်။ “ပန်းထီးကို လှူရတဲ့ ကောင်းမှုကံနှင့် အခြားခြားသော ကောင်းမှုကံအစုစုတိုကြောင့် အရှင်ဘုရားရဲ့ လက်ယာရံဖြစ်တဲ့ အရှင်နိသဘလို နောင်ပွင့်မယ် ဘုရားရှင်ရဲ့သာသနာမှာ လက်ယာရံ အဂ္ဂသာဝကဖြစ်ရပါလို၏”လို့ဆုတောင်းတယ်။ အဲဒီလိုဆုတောင်းတဲ့အခါ အနောမဒဿီဘုရားကလည်း ဘဒ္ဒကမ္ဘာမှာ ဂေါတမအမည်ရှိတဲ့ ဘုရားပွင့်လတ္တံ၊ အဲဒီအချိန်မှာ ဓမ္မသေနာပတိ သာရိပုတ္တရာ အမည်နဲ့ လက်ယာရံ အဂ္ဂသာဝကဖြစ်လိမ့်မယ်ဆိုပြီး ဗျာဒိတ်ပေးခြင်းခံခဲ့ရတယ်။

သရဒရသေ့က သူဗျာဒိတ်ပေးခြင်းခံရတဲ့အကြောင်း ချစ်သူငယ်ချင်း သီရိဝဍ္ဎနကို အသိပေးခဲ့တယ်။ ပြီးတော့ လက်ဝဲရံဆုကိုလည်းတောင်းလိုက်ပါလို့ အကြံပေးတိုက်တွန်းခဲ့တယ်။ ဒါနဲ့ သီရိဝဍ္ဎနလည်းပဲ ဘုရားအမှုးအရှိတဲ့ သံဃာတော်တွေကို တိစီဝရိတ်သင်္ကန်းလှူဒါန်းပြီး လက်ဝဲရံဆုကို ဆုတောင်းလိုက်တယ်။ ဘုရားရှင်ကလည်း သင့်ဆုတောင်းအတိုင်း ဂေါတမဘုရားရှင်လက်ထက်မှာ မဟာမောဂ္ဂလာန်အမည်နဲ့ လက်ဝဲရံ အဂ္ဂသာဝကြီးဖြစ်လတ္တံဆိုပြီး ဗျာဒိတ်ရလာခဲ့သူဖြစ်တယ်။
မြတ်စွာဘုရားရှင်က အတိတ်ကို အဲဒီလို တူးဆွပြလိုက်တော့မှ ရဟန်းတွေအားလုံး သံသယ ကင်းစင်သွားပါတော့တယ်။
မော်ကွန်းသစ်
9:56 pm. 28.6.2011

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP