* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, June 30, 2011

ဥပုသ္အမ်ိဳးမ်ိဳး

ဥပုသ်သည် အချူပ်အားဖြင့် အရိယာ (မြတ်သော) ဥပုသ် ၊ ဂေါပါလ (နွားကျောင်းသားစောင့်နည်း) ဥပုသ်ဟု ၂မျိုး ရှိ၏။ ထိုတွင် အရိယာပုသ်သည် ဗြဟ္မ ဥပုသ် ၊ ဓမ္မဥပုသ် စသည်ဖြင့် အမျိုးမျိုးရှိ၏။

၁။ ဗြဟ္မဥပုသ် ။ ။ ဘုရားရှင်သည် “ဗြဟ္မ” မည်တော်မူ၏။ ရှစ်ပါးသီလ ယူပြီးလျှင် ထိုဗြဟ္မမည်သော ဘုရားရှင်ကို အာရုံပြုနေခြင်းကို “ဗြဟ္မဥပုသ်”ဟု ခေါ်၏။ အလွတ်အာရုံ မပြုတက်လျှင် ဘုရားဂုဏ်တော်ဖွင့်ကို ရွတ်ဖတ်ကြည့်ရှုနေရာ၏။

၂။ ဓမ္မဥပုသ် ။ ။ ဥပုသ် သီလကို ခံယူပြီးလျှင် တရားတော်၏ ဂုဏ်တော်တစ်ပါးပါးကို အာရုံပြု၍လည်းကောင်း ၊ တရားဂုဏ်တော် အဖွင့်ကို ကြည့်ရှု ရွတ်ဖတ်၍လည်းကောင်း နေခြင်းကို “ဓမ္မဥပုသ်” ဟု ခေါ်သည်။

၃။ သံဃာ့ဥပုသ် ။ ။ ဥပုသ်သီလကို ခံယူပြီးလျှင် သံဃာ့ဂုဏ်တော် တစ်ပါးပါးကို အာရုံပြု၍လည်းကောင်း ၊ သံဃာ့ဂုဏ်တော်အဖွင့်ကို ကြည့်ရှု ရွတ်ဖတ်၍လည်းကောင်း နေခြင်းကို “သံဃာ့ဥပုသ်” ဟုခေါ်သည်။

၎။ သီလဥပုသ် ။ ။ သီလယူပြီးလျှင် မိမိသီလ၏ မကျိုးမပေါက် မပြောက် မကျားပုံကို အာရုံပြု၍ ၀မ်းမြောက်စွာ နေထိုင်ခြင်းကို “သီလဥပုသ်” ဟု ခေါ်သည်။

မကျိုး = ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် အစသိက္ခာပုဒ်သော် လည်းကောင်း ၊ အဆုံးသိက္ခာပုဒ်သော် လည်းကောင်း ပျက်စီးလျှင် “ဥပုသ်ကျိုး” သည် မည်၏။ ထိုသို့ မပျက်စီးလျှင် ဥပုသ်မကျိုး မပြတ်သည် မည်၏။

မပေါက် = အ၀တ်၌ အလယ်က ပေါက်သကဲ့သို့ သိက္ခာပုဒ်တို့တွင် အလယ်က တစ်ပါးပါးပျက်လျှင် “ပေါက်သည်” ဟု ခေါ်၏။ ထိုသို့ မပျက်လျှင် “မပေါက်” သည်မည်၏။

မပြောက် = ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် အလယ်၌ တစ်ပါးလည်းမက ၊ အစဉ်အတိုင်း တစ်ဆက်တည်းလည်း မဟုတ်ဘဲ နွား၌ ၀ါစေ့ ပြောက်သကဲ့သို့ အဒိန္တွာဒါန နှင့် မုသာဝါဒ သော်လည်းကောင်း ၊ ဗြဟ္မစရိယ နှင့် သုရာမေရယ သော်လည်းကောင်း ဤသို့ ပြောက်ကျားပြောက်ကျား ပျက်သည်ကို “ပြောက်သည်” ဟု ခေါ်၏။

မကျား = ရှစ်ပါးသော သိက္ခာပုဒ်တို့တွင် ပါဏာတိပါတ နှင့် အဒိန္တွာဒါန ဆက်၍လည်းကောင်း ၊ အဗြဟ္မစရိယနှင့် မုသာဝါဒ ဆက်၍လည်းကောင်း ၊ ဤသို့ နှစ်ပါး သုံးပါး ဆက်၍ ပျက်သည်ကို နွားကြောင်နွားကျားကဲ့သို့ “အကျားထင်သော ဥပုသ်” ဟု ခေါ်၏။

ဤသို့သော နည်းဖြင့် မိမိဥပုသ်၏ မကျိုးမပေါက် မပြောက် မကျားပုံကို အာရုံပြု၍ ၀မ်းမြောက်ဝမ်းသာ ဖြစ်နေခြင်းကိုပင် “သီလဥပုသ်” ဟု ခေါ်သည်။

၅။ နတ်ဥပုသ် ။ ။ သီလယူပြီးလျှင် နတ်တို့ကို ပမာတင်၍ မိမိသန္တာန်၌ရှိသော သဒ္ဓါ သီလ စသော သူတော်ကောင်း တရားများကို အောက်မေ့ ဆင်ခြင်လျက် ကြည်လင် ၀မ်းမြောက်နေခြင်းကို “နတ်ဥပုသ်” ဟု ခေါ်သည်။

ဆင်ခြင်ပုံ ။ ။ “နတ်ပြည် ဗြဟ္မာပြည်တို့၌ ရှိကြသော နတ် ဗြဟ္မာတို့သည် လူ့ပြည်တုန်းက သဒ္ဓါ သီလ သုတ စာဂ ပညာ ဟီရိသြတ္တပ္ပ ဟူသော သူတော်ကောင်းတရားတို့နှင့် ပြည့်စုံကြသောကြောင့် ဘ၀အသစ်ကူးသောအခါ နတ်ပြည် ဗြဟ္မာ့ပြည်၌ ချမ်းသာစွာ ဖြစ်ကြရသည်။ ထိုသူတော်ကောင်း ဥစ္စာများသည် ငါ့မှာလည်း ရှိ၏ ၊ ဗုဒ္ဓမြတ်စွာ၏ တရားတော်နှင့် အညီ မိဘဆရာတို့၏ အဆုံးအမကြောင့် ဤသို့ သူတော်ကောင်းဖြစ်ရခြင်းသည် နောင်ရေးနောင်တာ သံသရာအတွက် စိတ်ချဖွယ်ရာ လွန်စွာ လူဖြစ်ရကျိုး နပ်ပါပေစွတကား” ဟု ကိုယ့်ဂုဏ်တွေကို အာရုံပြုကာ ၀မ်းမြောက်စွာ ဆင်ခြင်ရာ၏။

ဥပုသ်အကျိုး ။ ။ ဤသို့ ကျနစွာ စောင့်သုံးအပ်သော အရိယဥပုသ်မျိုး၏ အကျိုးမှာ ဇမ္ဗူဒိပ်တစ်ကျွန်းကို အုပ်စိုးရသော မင်းမိဖုရားအဖြစ်မျိုးထက် ကြီးကျယ် ခမ်းနားသည်ဟု ဟောတော်မူ၏။ မှန်၏။ မင်းမိဖုရားအဖြစ်ဖြင့် ဇမ္ဗူဒိပ်ကျွန်းကို အုပ်စိုးရခြင်းမှာ လူ့စည်းစိမ်မျှသာ ဖြစ်၍ နတ်စည်းစိမ်ကို ထောက်လျှင် အောက်ကျနောက်ကျ သေးနုပ်လှသေး၏။ ထိုစည်းစိမ်လည်း တစ်ဘ၀သာ။ ကျနစွာ စောင့်ထန်းအပ်သော ဥပုသ်၏အကျိုးကား လူမင်း ၊ နတ်မင်း စည်းစိမ် အကြိမ်အများပင်တည်း။ ထို့ကြောင့် ကောင်းမွန်စွာ စောင့်ထိန်းအပ်သော ဥပုသ်၏အကျိုးကို “ဇမ္ဗူဒိပ် တစ်ကျွန်းလုံး အုပ်စိုးရခြင်းထက်ပင် သာ၏” ဟု ဟောတော်မူပေသည်။

ကောင်းစွာစောင့်မှ အကျိုးရ ။ ။ ဥပုသ်စောင့်ရာ၌ ရှစ်ပါးသီလကို စောင့်ရုံမျှဖြင့် အကျိုးများသင့်သလောက် မများသေးပါ။ သီလကို စောင့်ထိန်းပြီးနောက် မိမိစိတ်ကို စင်ကြယ် သန့်ရှင်းနေအောင် အားထုတ်နိုင်မှသာ အကျိုးရ များပါသည်။ဥပမာ – ဦးခေါင်းကို တန်ဆာဆင်လိုသော အမျိုးသမီးသည် ဆံပင်ကို စင်ကြယ်အောင် ခေါင်းလျှော်ရ၏။ ခေါင်းမလျှော်ဘဲ ဖြီးလိမ်းပြင်ဆင်လျှင် အနံ့မကောင်း။ ထို့အတူ သီလတန်ဆာဖြင့် ဆင်ထားသူသည် မိမိ၏ စိတ်ကို လောဘ (တဏှာရာဂ) ဒေါသ – မာန်မာန -က္ကုသာ – မစ္ဆရိယ စသော ကိလေသာ အညစ်အကြေးတို့မှ စင်ကြယ်အောင် ဗြဟ္မ ဥပုသ်ကို ဖြစ်စေ ၊ ဓမ္မဥပုသ် စသည်တို့တွင် တစ်မျိုးမျိုးကိုဖြစ်စေ စောင့်သုံးနိုင်မှသာ ရသင့်သမျှ အကျိုးကို အပြည့်အစုံ ရနိုင်ပါသည်။

အရှင်ဇနကာဘိဝံသ (ရတနာ့ဂုဏ်ရည်) မှ ကောက်နှုတ်ဖော်ပြပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP