* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, January 20, 2011

Virgin Mother Ma Ma Phyu - ပ်ိဳပ်ိဳေမ မမျဖဴ

အမေနေ့မှာ “အမေစာတစ်ပုဒ်” ဖတ်နေရင်း အမေ့ကို အထူး သတိရမိပါတယ်။ အမေ့ကို သတိရရင်း အမေပြောပြဖူးတဲ့ အပျိုလုပ်ချင်တဲ့ အမေတစ်ယောက်အကြောင်း သတိရမိပါတယ်။ ခုတော့ အဲဒီ ပျိုပျိုမေ ခေတ်ပေါ်ရောဂါဆိုးနဲ့ ကွယ်လွန်သွားရှာပါပြီ။ သူ့အကြောင်း ပြောပြတဲ့ အမေကတော့ ကျန်းမာနေတုန်းပါ။ အဲဒီ ပျိုပျိုမေ့ အကြောင်း အမေပြောပြတဲ့ နေ့တုန်းက . . . . .။

ကောင်းကောင်း မှတ်မိသေးတယ်။ အဲ့ဒီနေ့က ဦးကျော်မွှေးက လိုက်ရိုက်လို့ ပြေးလိုက်ရတာ မောနေတာပဲ။ ကြောက်လည်း ကြောက်တာပေါ့။ အစတော့ သူငယ်ချင်းတစ်သိုက် တခွိခွိနဲ့ ပျော်လိုက်ကြတာ။ ဦးကျော်မွှေးကြီး တကယ်ဒေါသထွက်ပြီး တကယ်တုတ်နဲ့ လိုက်ရိုက်တော့မှ သူငယ်ချင်းတစ်သိုက် တစ်ကွဲတစ်ပြားစီ ပြေးကြရတယ်။ ကံကောင်းတယ် ပြောရမယ်။ ပြေးရင်းလွှားရင်း အိမ်ပြန်ရောက်တော့ အိမ်ရှေ့တလင်းထဲမှာ ဆေးလိပ်လိပ်နေတဲ့ အမေ့ကို တန်းတွေ့ရတယ်။ အမေ့ရင်ခွင်ထဲ ပြေးဝင်ပြီး ပုန်းနေလိုက်တယ်။ အကြောက် သက်သာသွားတာပေါ့။ ကြောက်လို့သာ ကြောက်နေတာ။ ဦးကျော်မွှေးက အိမ်ထိ လိုက်လာတာ မဟုတ်ပါဘူး။

“ဟဲ့ ဘာဖြစ်လာတာလဲ။”

အမေ စိုးရိမ်နေတယ်ဆိုတာကို သိလိုက်တယ်။ ဒါပေမယ့် ရုတ်တရက် ကြောက်နေသေးလို့ မောနေသေးလို့ အမေ့ကို ဘာမှ ပြန်မပြောနိုင်ဘူး။ ရင်ထဲက တဒိတ်ဒိတ်နဲ့။ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့။ အမေ့နဲ့ မျက်လုံးချင်းဆိုင် ကြည့်နေလိုက်တယ်။ ခဏနေမှ အမေ့ကို ပြန်ပြောနိုင်တယ်။

“ဦးကျော်မွှေးကို ကိုရင်မွှေးလို့ခေါ်ကြတာ။ သူက တုတ်နဲ့လိုက်ရိုက်လို့။”

ဒီတော့မှ အမေ ရယ်နိုင်တော့တယ်။

“ဟား ဟား ဟား။ ကျော်မွှေးရယ် ကလေးတွေနဲ့ တုပြီးတော့။”

ဦးကျော်မွှေးက သူ့ကို ကိုရင်မွှေးလို့ ခေါ်ရင် မကြိုက်ဘူး။ မကြိုက်မှန်းသိတော့ ကလေးတွေက သူ့ကို စကြတယ်။ တွံတေးသိန်းတန်ကို ကိုရင်သိန်းတန်လို့ခေါ်တာ ကက်ဆက်တိတ်ခွေ ဇာတ်လမ်းထဲမှာ ကြားနေကျ။ တောဓလေ့ပေါ့။ တောဆိုပေမယ့် ရွာမှာတော့ တစ်ယောက်ယောက်ကို ကိုရင်လို့ ခေါ်လေ့ မရှိကြဘူး။ ဦးကျော်မွှေးကိုပဲ ကိုရင်မွှေးလို့ ခေါ်ကြတာ။ လူကြီးတွေက သူ့ကို ကိုရင်မွှေးလို့ခေါ်ရင် ဘာမှမဖြစ်တဲ့ ဦးကျော်မွှေး။ ကလေးတွေက သူ့ကို ကိုရင်မွှေးလို့ခေါ်ရင်တော့ တကယ့်ကို စိတ်ဆိုးတယ်။

အမေ့ရင်ခွင်ထဲမှာ အမောဖြေရင်း အမေ့ကို မေးကြည့်တော့ အမေက ဆေးလိပ်လိပ်ရင်း ပြောပြပါတယ်။

“လူကြီးတွေလည်း သူ့ကို ကိုရင်မွှေး ခေါ်ကြတာပဲ။ လူကြီးတွေကျတော့ စိတ်မဆိုးဘဲ ကလေးတွေကျမှ ဘာဖြစ်လို့ စိတ်ဆိုးရတာလဲ။”

“ခေါ်တာ မကြိုက်လို့ပေါ့။ လူကြီးတွေကျတော့ သူ့ကို နိုင်တဲ့ လူတွေချည်းပဲ။ လူကြီးတွေကို ဘာမှ မပြောရဲတော့ ကလေးတွေကို ပို မဲတာပေါ့။”

“ကိုရင်ခေါ်တာများ။ နေပါအုံး။ သူ့ကို ဘာလို့ ကိုရင်မွှေး ခေါ်ကြတာလဲ။”

“သူ့မိန်းမ ဖြူဖွေး သိတယ်မဟုတ်လား။ ဇာတ်မင်းသမီး။ အငြိမ့်မင်းသမီး။ သူက မင်းသမီး လုပ်ချင်ပေမယ့် ကျော်မွှေးက သဘောမတူဘူး။ မလုပ်စေချင်ဘူး။ ပြောမရလို့သာ လွှတ်ထားလိုက်ရတာ။ အငြိမ့်ဆရာက ပြောတာပေါ့။ မင်းသမီးဆိုတာ အပျိုမှ။ မင်းသမီးက အိမ်ထောင်သည်ဆိုရင် ကိုယ့်အငြိမ့်ကို လူကြိုက်နည်းမယ်တဲ့။ ဖြူဖွေးက မင်းသမီးလုပ်ချင်တယ်။ အပျိုလေးလို နေချင်တယ်။ ဒါ့မို့ သူ့သားသမီးတွေ သူ့ကို အမေလို့ မခေါ်ရဘူး။ အစ်မလို့ခေါ်ဖို့ သင်ပေးထားတယ်။ တွေ့တယ် မဟုတ်လား။ သူ့သားသမီးတွေ နှုတ်ကျိုးနေကြတယ်။ သားငါးယောက် သမီးနှစ်ယောက် အကုန်လုံး ဖြူဖွေးကို မမဖြူလို့ပဲ ခေါ်ကြတာ။ ကျော်မွှေးက လူရိုး လူအေး။ ရိုးလွန်းတော့ အတာပေါ့။ သူ့ မိန်းမကို မထိန်းနိုင်ဘူး။ သူ့ကို ဘေးက စကြတယ်။ မထူးပါဘူး မင့်မိန်းမ လွတ်လွတ်လပ်လပ် ကလို့ရအောင် မင်းလည်း ဘုန်းကြီးဝတ်လိုက်တော့ တဲ့။ ကျော်မွှေးက လူဆိုတော့ ဘုန်းကြီးလို့ ခေါ်ရတာ ဘယ်ကောင်းပါ့မလဲ။ ဒါ့မို့ သူ့ကို ကိုရင်မွှေးလို့ ခေါ်ကြတာ။ ဖြူဖွေးရဲ့ လင်မဟုတ်ဘူးဆိုတဲ့ သဘောပေါ့။ သူကတော့ သူ့ကို အဲ့လိုခေါ်တာ ဘယ်ကြိုက်ပါ့မလဲ။ မိန်းမလည်း မနိုင်။ ကိုရင်ခေါ်တဲ့သူတွေကိုလည်း မနိုင်။ ကလေးတွေကျတော့ နိုင်တာပေါ့။ အားနာစရာ ကောင်းပါတယ်။ နောက် သူ့ကို ကိုရင်မွှေး မခေါ်နဲ့။”

“ဟုတ်။”

အမေနေ့ဆုတောင်း
“အမေ နှင့် အခြားအမေများ ကျန်းမာကြပါစေ။”
“သားသမီးတိုင်း စိတ်တိုင်းကျ အမေခေါ်ခွင့် ရကြပါစေ။”
“မမဖြူ နှင့် အခြားပျိုပျိုမေများ၊ ဦးကျော်မွှေး နှင့် အခြား . . . . .။”

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP