* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, January 20, 2011

ကံကောင်းခြင်းလက်ဆောင်

သစ္စာရောင်ခြည်အရှင်
(၂၃-၂-၂၀၀၂) နေ့စွဲဖြင့် ခလရ (၂၂၉) တပ်ရင်းမှုး ဒု-ဗိုလ်မှုးကြီး တင်သိန်းထံမှ စာတစ်စောင်ရောက်ရှိလာပါသည်။ ၄င်းစာတွင် တွီးထွေကျေးရွာသူ၊ ကျေးရွာသားများ၏ ဗုဒ္ဓဘာသာခံယူပွဲကို (၂၈-၂-၂၀၀၂) နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ (၂၇-၂-၂၀၀၂)နေ့ ကြွရောက်ပါရန် ပင့်ဖိတ်သောစာဖြစ်သည်။
စာရေးသူသည် နာဂတောင်တန်းမြေသို့ သာသနာပြုခရီးကြွရောက်ချိန်မစ၍ ယခုကဲ့သို့ ပွဲမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသည့်အတွက် သွားရမည့်လမ်းခရီးကို ကျေးရွာလူကြီးများထံ မေးကြည့်သောအခါ
တစ်ရက်ခရီးပင်သွားရသည်ဟု ပြောကြသည်။ တောင်ပေါ်သားများတစ်ရက်သွားရ သည့်ခရီးကို စာရေး သူအနေနဲ့ ဘယ်နှစ်ရက်သွားရမည်မှန်းမသိ။ တွီးထွေရွာသည် လခြမ်းရွာနှင့် နီးသည်ဟုလည်းပြောကြ
သည်။ လခြမ်းကျေးရွာတွင် သာသနာပြုတာဝန်ထမ်းဆောင်နေသော ရဟန်းတော် ဦးပညာဝိဒူမှာ ရန်ကုန် ပရိယတ္တိသာသနာ့တက္ကသိုလ်ထွက်ဖြစ်၍ စာရေးသူ၏ သီတင်းသုံဖော်ပင်ဖြစ်သည်။ သို့ဖြစ်၍ လခြမ်းရွာသို့လည်း မရောက်ဖူးသေးသောကြောင့် လခြမ်းရွာမှာ တစ်ညအိပ်ပြီးမှ တွီးတေထွရွာသို့ ခရီးဆက်သွားမည်ဟု အစီအစဉ်ရေးဆွဲလိုက်ပါသည်။
စာရေးသူသည် သပိတ်ကိုလွဲ၊ ရေးပူးကိုထမ်း၊ လမ်းတွင် ဘုဉ်းပေးမည့် နေ့ဆွမ်းကို ဖတ်နဲ့ထုပ်ယူကာ ရွာကမီးကင်း အထမ်းသမားနှစ်ယောက်နှင့်အတူ (၂၅-၂-၂၀၀၂)နေ့ နံနက် (၇)နာရီတွင် စတင်ထွက်ခွါခဲ့ပါတော့သည်။ အံ့ပေါ်ရွာမှ လခြမ်းရွာနှင့် တွီးထွေရွာသို့ သွားသည့်လမ်းမှာ လမ်းတစ်လမ်းတည်းဖြစ်ပြီး ရွာ၏တောင်ခြေနားသို့ ရောက်မှလမ်းခွဲသွားသည်ဟု အထမ်းသမားနှစ်ယောက်
က ပြောပြကြ၏။ လခြမ်းရွာနှင့် တွီးထွေရွာသို့ သွားသည့်လမ်းမှာ အံ့ပေါ်တောင်ခြေအောက်မှသာရှိ၍ အံ့ပေါ်ရွာမှ တောင်အောက်သို့ တစ်နာရီသာသာ ဆင်းရသည်။
ထိုတောင်အောက်တွင်စမ်းရေများတသွင်သွင်စီးဆင်းနေသောတပ်ရံချောင်းခေါ်ချောင်းငယ်လေးတစ်ချောင်း
ကို တွေ့ရသည်။ ထိုချောင်း၏ ဘေးနှစ်ဖက် ဝဲယာတွင် မြေကွက်လပ်များရှိသည်။ ထိုမြေကွက်လပ်ပေါ်တွင်
ပေါက်နေကြသော လက်ပံပင်များမှာ ပင်လုံးကျွတ်အောင်ပွင့်နေကြပြီး နွေဦးကာလ၏ ရာသီသဘာဝ အလှကို ဖော်ကျူးနေသလိုပင်။ ကျေးငှက်၊ ဆက်ရက်၊ သာလိကာများကလည်း မြည်တွန်ဟစ်ကြွေးလျက် မြူးထူးပျော်ရွှင်စွာဖြင့် ပန်းဝတ်ရည်များကို စုပ်ယူသောက်သုံးနေကြသည်။ နွေဦးကာလ လေရူးများ၏ တိုးဝှေ့တိုက်ခတ်မှုကြောင့် လက်ပံပွင့်များ လေထဲတွင်လွင့်ပျံနေသည်ကို တွေ့ရသောအခါ မွေးရပ်မြေကို သတိရမိပါ၏။
တပ်ရံချောင်းကလေးကို ဖြတ်ပြီးကြိုးတံတားလေးတစ်ခုထိုးထား၍ ထိုတံလေးပေါ်မှ ဖြတ်ကျော်သွားရသည်။
တပ်ရံချောင်းကလေးသည် မော်ဖွန်တောင်တန်းကြီးနှင့် အံ့ပေါ်တောင်တန်ကြီးများနှစ်ခုကြားတွင် စမ်းရေများ တသွင်သွင်စီးဆင်းနေသော ချောင်းကလေးဖြစ်ပါ၏။ ထိုချောင်းကလေးထဲမှ ကျောက်ဆောင်ကျောက်သားများနှင့် တသွင်သွင်စီးဆင်းနေသော စမ်းရေအလှတို့ကလည်း စာရေးသူအားညှို့ယူဆွဲဆောင်နေပါသည်။ ရှုခင်းပသာဒများက စုံလင်နေသောကြောင့် သဘာဝအလှမြင်ကွင်းကြီးကို ကြည်နုးဆွတ်ပျံ့ဖွယ်မြင်တွေ့ခံစားရသည်။
ချောင်းကလေး၏ ဘေးနှစ်ဖက်ဝဲယာတွင် မြေကွက်လပ်များကို တွေ့ရသည့်အခါတွင်လည်း မြေပြန့်ဒေသသို့ ရောက်သွားသလိုမျိုး ထပ်မံခံစားရပြန်သည်။ ထိုမြေကွက်လပ်ပေါ်တွင် အံ့ပေါ်ကျေးရွာသားများ၏ လယ်ကွက်တစ်ချို့တစ်ဝက်ကို တွေ့ရသည်။ သူတို့ခမျာလည်း လယ်ယာလုပ်ငန်းကို ပေါက်ပြားနှင့်ပေါက်ပြီးမှသာ လုပ်ကိုင်ရသည့်တွက် လယ်ကွက်များကိုများများစားစား မလုပ်နိုင်ကြသေးပါ။
လခြမ်းရွာနှင် တွီးထွေရွာသို့ ထိုမြေကွက်လပ်များမှ ဖြတ်ကျော်သွားရ၏၊ လမ်းတစ်ဝက်အရောက်အတွင် ဗိုလ်တဲတစ်ခု၌ ခဏနားကြသည်။ အထမ်းသမားများက ဖက်ဖြင့်ထုပ်ယူလာသော ဆွမ်းကိုကပ်ကြသဖြင့် ဆွမ်းဘုဉ်းပေးလိုက်၏။ ဆွမ်းဘုဉ်ပေးပြီး၍ တဖြည်းဖြည်းခြေလျင်သွားလိုက်သည်မှာ လခြမ်းရွာတည်ရှိရာ လခြမ်းတောင်ခြေအောက်သို့ ရောက်ရှိခဲ့ပါသည်။ နာဂတောင်တန်းဒေသတွင် တောင်အောက်သို့ ရောက်ပြီဆိုလျင် တောင်ပေါ်သို့တက်ရတော့မည်မှာ မြေကြီးလက်ခတ်မလွဲပါ။
လခြမ်းတောင်သည် ပေပေါင်းသုံးထောင်ကျော်လောက်မြင့်မည်ထင်သည်။ တောင်ပေါ်သို့တက်သည့်အခါ လေးလေးပင်ပင် ဝန်မပါဘဲ တက်ရသောစာရေးသူက မောပန်းနေလောက် အထမ်းသမားနှစ်ယောက်ကတော့ပြုံးလို့ရယ်လို့ စကားတသောသောဖြင့် စာရေးသူမောပန်းနေမှန်းသိတော့
အထမ်းသမားတစ်ယောက်က မြန်မာစကား မပီတပီဖြင့် ပြောလေသည်။
“ခေါ်ဇို့ပူ၊ မောရင် နားလေ၊ ရွာရောက်ဖို့ နည်းနည်းတက်ရအုံးမှာ” “ဘာလေးဗျ၊ ခေါ်ဇို့ပူဆိုတာ ”ဟု စရေးသူကမေးတော့ မြန်မာစကား နားလည်လိုက်ပုံများ-စာရေးသူကို လက်ညှိုးထိုးပြီး “ခေါ်ဇို့ပူက ခေါ်ဇို့ပူလေ” လို့ပြောလိုက်သည်။ စာရေးသူက သဘောပေါက်လိုက်ပါသည်။ ဘုန်းကြီးကို ကြမင်းပူတင်မက “ခေါ်ဇို့ပူ”လုလည်းနောက်တစ်မျိုး ခေါ်ကြသေးသည်ကိုး။ နာဂတောင်တန်းဒေသရောက်မှ
ငယ်ငယ်က ဥပဇ္ဈာယ်ဆရာတော်ပေးခဲ့သော ဘွဲ့မည်နာမပျောက်ပြီး “ကြမင်းပူနှင့် ခေါ်ဇို့ပူ” နာမည်နှစ်မျိုးရရှိနေလေပြီတကား။ ခေါ်ဇို့ပူဟုခေါ်သည်မှာ “ခေါင်းတုံး”ဟုပင်ခေါ်သည်ဟု ရွာပြန်ရောက်မှသိရသည်။ ညနေ-၅-နာရီလောက်မှာလခြမ်းရွာသို့ ရောက်ရှိသွားပါသည်။
(ဆက်လက်ပေါ်ပြပါမည်)
စာရေးသူ-သစ္စာရောင်ခြည်
(၃-၁-၂၀၁၁)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP