* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, January 20, 2011

အမႈိက္ထဲမွေရႊ



တစ်မျိုးမျိုးသော အလုပ်ကိစ္စမရှိရင် ဘုရားကိုအမှတ်ရနေပါ။ ဘုရားရှင်၏ဂုဏ်တော်တွေကို အမှတ်ရနေပါ၊ အခါမရွေးအမှတ်ရနေရင် ကောင်းပါတယ်။ ဒီလိုဘုရားအာရုံယူနေတော့ သတ္တိတွေ အလိုလို ထက်မြက်လာပါတယ်။

စိတ်တွေဟာ ဘုရားအာရုံအမြဲယူနေရတော့ တည်ကြည်မှု့(သမာဓိ)ကို ရလာပါတယ်၊ ဒီလို တည်ကြည်လာတော့ ရဲရင့်ထက်မြတ်တဲ့သတ္တိကောင်းတွေ ပေါ်လာရတာပဲ၊ သွားလာရာ မှာ ဘုရားအာရုံနဲ့သွားရင် ကြမ်းတမ်းတာမရှိပါဘူး။

အထက်ပါစကားကတော့ တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်မှ ဖြစ်ပါတယ်။ တောင်မြို့ဆရာတော်ဘုရားကြီးက တပည့်တော်အလုပ်များလို့ ကျောင်းကန် ဘုရားကိုတောင် မရောက်ဖြစ်ဘူးဘုရာ့ ဘုရားနှင့်ဝေးနေပါတယ်။ စားဝတ်နေရေးအတွက် ရှာဖွေနေရတော့ လူ့ဘ၀ဆိုတာမလွယ်ကူလှပါဘူးဟုသော ဆင်ခြေပေးသည့် ဗုဒ္ဓဘာသာဝင် တွေအတွက် ရည်ရွယ်ခဲ့သည်ဟုထင်ပါသည်။ ဟုတ်လည်းဟုတ်ပါသည် အချို့သောပုဂ္ဂိုလ် များကတော့ အဲလိုဆင်ခြေတွေနဲ့ပေးပြီးနေကြတာကို စာရေးသူကိုယ်တိုင်လည်းတွေ့ဖူး ကြားဖူးနေဆဲပါ။

တကယ်တော့ အဲဒါသူတို့ဗုဒ္ဓဘာသာမှာရှိတဲ့ အနှစ်သာရကိုမသိကြလို့ပါ။ လူ့ဘ၀ ဆိုတာက တော့ စား၊ ၀တ်၊ နေ၊ ရေးဆိုတဲ့ အရေးတွေများလှတာပါမှန်ပါတယ်။ သို့ပေမယ့် ထိုအရေး တွေနဲ့ပဲ အချိန်ကုန်သွားကြတော့မလားဆိုတာလည်း မေးခွန်းထုတ်စရာ ကောင်း ပါတယ်။ တကယ့်အနှစ်ဆိုတာ အကာအတွင်းမှာပဲနေတာပါ၊ အကာသာခွါယူသွားမယ်ဆိုရင် တော့ တကယ့်အနှစ်ရဲ့အရသာသတ္တိကိုတော့ မသိပဲရှိနေမှာပါပဲ။ ထို့အတူ လူ့ဘ၀ရဲ့ အရေးတွေကို ပဲအာရုံစိုက်ကာ နေသွားမယ်ဆိုရင် အချိန်ကောင်းအတွင်းမှာကိုပဲ မိမိတို့ ရသင့် ရထိုက်တဲ့ အနှစ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရခြင်း၏ ကံကောင်းမှု့တွေဟာ အလိုလို ဆုံးရှုံး သွားရတော့မှာပါ။

ပါပသ္မိံရမတိမနော.. မိမိစိတ်ဟာ မကောင်းမှု့မှာပဲ မွေ့လျော်တက်ပါတယ်ဆိုသော စကားကို ထောက်ဆခြင်းအားဖြင့် စိတ်ဟာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ်မှာပဲ ပျော်မွေ့ နေတက်ပါတယ်။ အဲဒါကြောင့် ကျောင်းကန်ဘုရားသွားမှသာ ကုသိုလ်ဖြစ်တာမဟုတ်ပါဘူး မိမိကသာ ယူတတ်ဖို့ပဲလိုတာပါ။ စီးပွားပျက်ခံ၊ အလုပ်ပျက်ခံပြီး လုပ်မှ ရစကောင်းတဲ့ ကုသိုလ်မဟုတ်ပါ။ အကုသိုလ်ဖြစ်မည့်အချိန်တွေကို ကုသိုလ်ဖြစ်အောင် လုပ်တက်နေဖို့ပါပဲ။

ဝန်ထမ်းများ သို့မဟုတ် အရောင်းအ၀ယ်သမားများသည် မိမိတို့ဆိုင်ဌာနသို့ တစ်နေ့လျှင် နာရီဝက်၊ တစ်နာရီ အချိန်ပေးသွားလာနေရသည်။ ထိုသို့သွားလာရသောအချိန်လေးမှာပင် ဘုရားရှင်၏ဂုဏ်တော်များကို ပွားများလိုက်မယ်ဆိုလျှင် အနှစ်ကိုရယူနိုင်မည်ဖြစ်သည်။

အရေးတွေများသည့် လူ့ဘ၀၏ လောဘ၊ ဒေါသ၊ မောဟတည်းဟူသော အမှိုက်ထုပ်ထဲမှာ ပျော်မနေပဲ ဘုရားကျောင်းကန်မသွားရပဲ ရသည့်ဘာဝနာကုသိုလ်ဆည်းပူးယူသင့်သည်။ မိမိစိတ်ထဲက ပွားများလိုက်သည့် နာရီဝက်၊ တစ်နာရီအချိန်သည် မိမိအတွက် ရွှေအချိန်တွေပဲ ဖြစ်နေမည်သာ။ အချို့သော သူများက ဘုရားကျောင်းကန်သွားမှ၊ ဘုရားခန်းရှေ့မှာ ပွားများ နေမှပို၍ ထိရောက်သည်ဟု ထင်နေကြသည်။ ထိုသို့အချိန်ပေးနိုင်မယ်ဆိုလျှင်တော့ သာ၍ ကောင်းပါသည်။ အခုက အရေးတွေ အကြောင်းပြလျှက် နေနေကြသည့် ပုဂ္ဂိုလ်များ အတွက် ဆိုလိုခြင်းဖြစ်သည်။

လိုအပ်လျှင် ယူသွားနိုင်ဖို့ အောက်တွင် ဘုရားဂုဏ်တော် ပါဠိနှင့် အဓိပ္ပါယ်ကို ဖော်ပြပေး လိုက်ပါသည်။
၁။ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာခပ်သိမ်း ကင်းပြတ်ငြိမ်းသဖြင့် လူနတ်ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သည့် အရဟံဂုဏ်။

၂။ သင်္ခါရ၊ ၀ိကာရ၊ လက္ခဏ၊ နိဗ္ဗာန်၊ ပညတ်ဟူသောညေဓမ်တရားငါးပါးကို အကုန် သိမြင် သော သမ္မာသမ္ဗုဒ္ဓဂုဏ်။

၃။ အသိ၊ အကျင့်နှစ်ပါးနှင့် ပြည့်စုံသော ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်။

၎။ ကောင်းသော အကျိုးရှိသောစကားကို ဆိုတော်မူတတ်သည့် သုဂတဂုဏ်။

၅။ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကဟုဆိုအပ်သော လောကသုံးပါးကို သိမြင်တော်မူသည့် လောက၀ိဒူဂုဏ်။

၆။ ဆုံးမထိုက်သူကို ဆုံးမရာ၌ အတုမရှိ၊ ပြိုင်ဘက်မရှိသော အနုတ္တရောပုရိသ ဓမ္မ သာရထိ ဂုဏ်။

၇။ လူ၊နတ်၊ ဗြဟ္မာသတ္တ၀ါအားလုံးတို့၏ ဆရာဖြစ်ထိုက်သော သတ္ထာဒေ၀မနုဿာနဂုဏ်။

၈။ သစ္စာလေးပါးကိုသိမြင်သော ဗုဒ္ဓဂုဏ်။

၉။ ဣဿရိယ၊ ဓမ္မ၊ ယသ၊ သရီ၊ ကာမ၊ ပထတ္ထဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံသော ဘဂ၀ါ ဂုဏ်တော်။
စသော အဓိပ္ပါယ်များကို မိမိပွားများသည့် ဘာဝနာကို သိထားရမည်မှာလည်း အရေးကြီးပါ သည်။


အမှိုက်ထဲမှ ရွှေကို အရယူနိုင်ကြပါစေ……….

ကိုရင်လေး

၁၉.၁.၂၀၁၁

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP