* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, January 20, 2011

တရားဦး

ဘုရားဖြစ်ခါ၊ မိဂဒါသို့
စကြာရွှေဘွား၊ ဖြန့်ချီသွား၍
ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်
မဟီတသောင်း၊ တိုက်အပေါင်းမှ
ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား
ဝါဆိုလပြေ့(ပြည့်)၊ စနေနေ့ဝယ်
ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို
မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်
တရားနတ်စည် ရွမ်းတယ်ကို။

(မဟာသက္ကရာဇ် ၁၀၃-ခု ဝါဆိုလပြည့် စနေနေ့၌ ဓမ္မစကြာတရားတော်ကို ဟောတော်မူခဲ့သည်။)

(လယ်တီဆရာတော်ဘုရားကြီး၏ခုနစ်နေ့ဗုဒ္ဓဝင်ဘုရားရှိခိုးမှ)

+++++

ဓမ္မစကြာဒေသနာသည် ဘုရားရှင်အနန္တတို့၏ တရားဦး ဖြစ်၏။
အဘိဓမ္မာခုနစ်ကျမ်း၏ သည်းခြေ ဖြစ်၏။
ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင်၏ မိခင်ပမာ မာတိကာ ဖြစ်၏။
လေးဆယ့်ငါးဝါပတ်လုံး ဟောသမျှသည် သစ္စာလေးပါးမှ လွတ်သည် မရှိ။
နတ်ဗြဟ္မာတို့ ရှေးဦးစွာ မြိန်မြိန်ယှက်ယှက် ခံစားရသော ကနဦးတရား ဖြစ်၏။
ရွတ်ဖတ်သံကြားတိုင်း နတ်တို့နား၌ မရိုး။ ဝမ်းမြောက်စွာ မြတ်နိုးကုန်၏။
တနင်္ဂနွေစသော အခါခုနစ်နေ့တို့တွင်မူ စနေနေ့ကို မြေတုန်အောင် ထင်ရှားစေ၏။ စနေနေ့ကို ရိုသေစွာ အလေးပြုသူတို့အား ကောင်းကျိုးတိုးစေသော ဓမ္မစကြာသည် အလွန် ရခဲ၏။
ဘုရားရှင်တစ်ဆူပွင့်မှ တစ်ကြိမ်သာ ပေါ်လာ၏။
ထို့ကြောင့် ဤဓမ္မစကြာကို အဘယ်သို့သောသူ မရွတ်ဖတ်ချင်ဘဲ ရှိအံ့နည်း။
နေ့စဉ် ရွတ်ဖတ်ချင်မည်သာတည်း။

(ညောင်လေးပင်ဆရာတော်ဘုရားကြီး၏မဟာဓမ္မစကြာအရသာမှ)

+++++

... ဘုန်းကြီးတို့ မင်းကွန်းမှာ သီတင်းသုံးတော်မူသွားတဲ့ ချမ်းသာကြီးဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က မိန့်ကြားတော်မူဖူးတယ်။

“လူဆိုတာကွယ် .. တဲ့၊ ကျန်းမာချင်လို့ရှိရင်တဲ့ နေ့တိုင်း နေ့တိုင်း သွေးဆေးရှူပေးရတယ်တဲ့။
နှစ်ရက်တစ်ပတ် သုံးရက်တစ်ပတ် ဆေးဝါကြီးများ သောက်ပေးရတယ်။
ခုနစ်ရက်တစ်ပတ်လောက် ငန်းဆေးများလည်း သောက်ပေးရတယ် တဲ့။
အဲဒါလိုပဲတဲ့ ‘တစ်ထောင့်ငါးရာ ကိလေသာတည်းဟူသော အနာရောဂါ’ ကင်းချင်လို့ရှိရင်တဲ့ သွေးဆွေးနဲ့တူသော ဓမ္မစကြာကို နေ့တိုင်း နေ့တိုင်း ရွတ်ရတယ် နာရတယ်” တဲ့။

(အသံသွင်း) ကြိုးထဲ သွင်းထားပြီးတော့ပေါ့လေ ... နာလည်း နာကြပေါ့။



(မင်းကွန်းဆရာတော်ဘုရားကြီး၏ဓမ္မစကြာမှ)

++++++

“ဓမ္မစကြာ”ဟု ခေါ်သော တရားဦးဒေသနာမှာ အရေးကြီးလှသည်။
တရားရှင်ဖြစ်သော ပုဂ္ဂိုလ်၏ လောကကြီးနှင့်ပတ်သက်သော အယူအဆနှင့် သတွာအားလုံးတို့ အာသာပြင်းပြင်းဖြင့် တောင့်တနေကြသော ချမ်းသာစစ် ချမ်းသာမှန်ကို ရအောင် လုပ်ကိုင် ကျင့်ကြံနည်းကို ဤဒေသနာတွင် ဖော်ပြထားပေသည်။
လောက၌ အစိုးရသစ်သော်လည်းကောင်း၊ အဖွဲ့အစည်းသစ်သော်လည်းကောင်း ပေါ်ပေါက်လာလျှင် ၎င်းအစိုးရ သို့မဟုတ် အဖွဲ့အစည်းသစ်၏ ဝါဒလမ်းစဉ်ကို အများပြည်သူတို့ သိမြင် အကဲခတ်နိုင်ရန် ကြေညာရသလိုပင် “ကမ္ဘာလောက၌ ဗုဒ္ဓဘာသာခေါ်သော ဘာသာစစ် ဘာသာမှန်ကြီးတစ်ခု ပေါ်ပေါက်လာပြီ”ဟု ကြေညာဖို့ရန် ဤတရားဦးကို ထုတ်ဖော်ခြင်းပင် ဖြစ်လေသည်။
ထို့ကြောင့် ဗုဒ္ဓ၏ ဝါဒကို နားလည်လိုသောသူတို့သည် ဤတရားဦးကို ပိုင်နိုင်စွာ လေ့လာရပေမည်။

(အရှင်သီလာနန္ဒာဘိဝံသ ၏တရားဦးမှ)

+++++

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် စနေနေ့တွင် လောကချမ်းသာဆရာတော် မြန်မာပြည်သို့ ခေတ္တ ပြန်လည် ကြွရောက်သွားရာ ယခုအပတ် လောကချမ်းသာ စနေနေ့ ဓမ္မသင်တန်း၌ အရှင်စက္ကိန္ဒက မြတ်စွာဘုရားရှင်၏ တရားဦးဖြစ်သော “ဓမ္မစကြာ”ကို သင်ကြား ပို့ချပေး၏။



+++++

စနေနေ့ လောကချမ်းသာ ဆည်းဆာတရားပွဲကိုလည်း အရှင်စက္ကိန္ဒကပင် ညနေ ၄ နာရီခွဲ၌ ဟောကြားရာ ‘ကိလေသာပယ်နည်း ၅-မျိုး’အကြောင်းကို ဟောကြား ချီးမြှင့်၏။




ကိလေသာ ၃-မျိုး

‘လွန်ကျူး’,‘ဆူပွက်’၊ ‘မျိုးမပျက်’၊ သုံးချက် ကိလေသာ။

‘သီလ’,‘သမာ၊ ဓိ’ ‘ပညာ’၊ သတ်ရာ သုံးသိက္ခာ။

အနာနှင့်ဆေး၊ သင့်အောင်ပေး၊ ပျောက်ရေး မခက်ပါ။

(၁) ဝီတိက္ကမကိလေသာ

ကိုယ်နှုတ်တို့ဖြင့် ကျူးလွန်သော ကာယဒုစရိုက်၊ ဝစီဒုစရိုက်များ ဖြစ်၏။ ဤဝီတိက္ကမကိလေသာများ မပေါ်စေရန် သီလသိက္ခာဖြင့် ထိန်းသိမ်း ကာကွယ်ရ၏။

(၂) ပရိယုဋ္ဌာနကိလေသာ

ကိုယ်နှုတ်တို့ဖြင့် ကျူးလွန်သောအဆင့် မရောက်ဘဲ စိတ်နှလုံးတွင် ထကြွသောင်းကျန်း ပေါ်ပေါက်သော မနောကံ မနောဒုစရိုက်များ ဖြစ်၏။ အဘိဇ္ဈာ, ဗျာပါဒ, မိစ္ဆာဒိဋ္ဌိ ဟူသော လောဘ, ဒေါသ, မောဟ ဖြစ်ပေါ်လာခြင်းကို ဆိုလိုသည်။
ဤဆူပွက်မှု ပရိယုဋ္ဌာနကိလေသာများ မဖြစ်ပေါ်စေရန် သမာဓိသိက္ခာဖြင့် ထိန်းသိမ်း ကာကွယ်ရ၏။

(၃) အနုသယကိလေသာ

အကုသိုလ်ကိလေသာစိတ်များ ဖြစ်ပေါ်လာသော အဆင့်သို့ မရောက်မီ၊ ယင်းအကုသိုလ်ကိလေသာများ ဖြစ်ပေါ်နိုင်ခွင့် အခြေအနေသဘောကို ဆိုလို၏။
ဤအနုသယကိလေသာကို ပညာသိက္ခာဖြင့်သာ ထိန်းသိမ်း ကာကွယ်နိုင်၏။

ကိလေသာပယ်နည်း ၅-မျိုး

(၁) တဒင်္ဂပဟာန် = ကာမကုသိုလ်တရားစုဖြင့် ပြုဆဲခဏ၌ ပယ်ခြင်း။
(၂) ဝိက္ခမ္ဘနပဟာန် = မဟဂ္ဂုတ်ကုသိုလ်စုဖြင့် နည်းပါးအောင် ပြုခြင်း။
(၃) သမုစ္ဆေဒပဟာန် = မဂ်ကုသိုလ်စုဖြင့် အပြတ်ပယ်ခြင်း။
(၄) ပဋိပဿဒ္ဓိပဟာန် = ဖိုလ်တရားစုဖြင့် ငြိမ်းအေးမှု ပြုခြင်း။
(၅) နိဿရဏပဟာန် = ပရိနိဗ္ဗာနဓာတ်ဖြင့် ဖြတ်တောက် ထွက်မြောက်သွားခြင်း။

ကိလေသာမှ လွတ်မြောက်ခြင်း ၅-မျိုး

(၁) တဒင်္ဂဝိမုတ္တိ = ကာမကုသိုလ်ဖြင့် ကိလေသာမှ အခိုက်အတန့် လွတ်မြောက်ခြင်း။
(၂) ဝိက္ခမ္ဘနဝိမုတ္တိ = မဟဂ္ဂုတ်ကုသိုလ်ဖြင့် ဖယ်ခွာ လွတ်မြောက်ခြင်း။
(၃) သမုစ္ဆေဒဝိမုတ္တိ = မဂ်ကုသိုလ်ဖြင့် အကြွင်းမဲ့ ပယ်ဖြတ် လွတ်မြောက်ခြင်း။
(၄) ပဋိပဿဒ္ဓိဝိမုတ္တိ = ဖိုလ်စိတ်ဖြင့် အေးငြိမ်း လွတ်မြောက်ခြင်း။
(၅) နိဿရဏဝိမုတ္တိ = သံသရာမှ လွတ်မြောက်ခြင်း။

+++++

တရားပွဲပြီးသော် ၁၅ မိနစ်ခန့် တရားရှူမှတ်ကြပြီး ကောင်းမှုကုသိုလ် အဖို့အစုတို့ကို အားလုံးသော သတ္တဝါတို့အား အမျှပေးဝေကြလေသည်။

သာဓု ... သာဓု ... သာဓု။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP