*အမိမြေမှ အစိမ်းရောင် လှုပ်ရှားမှု သတင်း (Go Green)*
ညီညာသော လက်များဖြင့် ဒို့ရဲ့ အမိမြေကို စိမ်းလန်းစိုပြေအောင် သစ်ပင်စိုက်ကြပါစို့ message လေးများဖြင့် စတင်၍ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ မရမ်းရွာတွင် ဓမ္မိကာရုံ စာသင်တိုက်မှ ဆရာတော် ဦးဇ၀နတိက္ခက ကြီးမှူးပြီး ရွာသားများနှင့် အတူ စတင်၍ ဆောင်ရွက်နေပါသည်။ အခုလို သစ်ပင်လေးများ စိုက်ဖြစ်အောင် လှူဒါန်းသော၊ အကြံပေးသော၊ စိတ်ပါဝင်စားကြသော ညီအစ်ကိုမောင်နှမ အပေါင်းတို့ ကိုကျေးဇူးတင်ပါသည်။ဂျူလိုင် ( 20-7-10 ) ရက် မှာစ၍ မရမ်းရွာမှာစတင်ကာ အပင် 440 ပင်စစိုက်ပါတယ်။
1/ သပြေပင် 42 ပင်၊
2/ ကျွန်း 90 ပင် ၊
3/ မလေးရှားပိတောက် 308 ပင် ၊
စိုက်တဲ့လူက 44 ယောက် ၊ ကူညီတဲ့လူက 15 ယောက် ၊ ကြီးကြပ်ဘုန်းကြီး 3 ပါး ၊ကြီးကြပ်လူ 4 ယောက်၊ ရွာမှကြီးကြပ်သူ 2 ယောက် တို့ဖြင့်စုစည်းပြီး စိုက်ပျိုးခဲ့ကြပါသည်။
(21-7-10) စိုက်သော သစ်ပင်စာရင်း
1/ သစ်မာ(စစ်ပင်) 10 ပင်
2/ မဲဇလီ 45 ပင်
3/ ကုက္ကိုလ် 36 ပင်
4/ ပျဉ်းမ 36 ပင်
5/ ဇမ္ဗုသပြေ 8 ပင်
6/ မလေးရှားပိတောက် 315 ပင်
စိုက်သူ 45 ယောက်
ကြီးကြပ် 10 ယောက်
အကူ 10 ယောက်
ဒီနေ့ထိ စုစုပေါင်းအပင် 890 စိုက်ပျိုးပြီး ဖြစ်ပါသည်။
(22-7-10) စိုက်သောသစ်ပင်စာရင်း
1/ သစ်မာ(စစ်ပင်) 144 ပင်
2/ သီဟိုရ်ပင် 336 ပင်
စိုက်သူ 48 ယောက်
ကြီးကြပ် 5 ယောက်
အကူ 10 ယောက်
ဒီနေ့ထိ စုစုပေါင်းအပင် 1370 ပင် စိုက်ပျိုးပြီး ဖြစ်ပါသည်။
(23-7-10) စိုက်သော သစ်ပင်စာရင်း
1/ သစ်မာ(စစ်ပင်) 15 ပင်
2/ ဇမ္ဗုသပြေ 36 ပင်
3/ မလေးရှားပိတောက် 84 ပင်
စိုက်သူ 9 ယောက်
ဒီနေ့ထိ စုစုပေါင်းအပင် 1505 ပင် စိုက်ပျိုးပြီး ဖြစ်ပါသည်။ အသေးစိတ် သိလို၍ တိုက်ရိုက်ဆက်သွယ် လှူဒါန်းချင်ပါက ဆရာတော် ဦးဇ၀နတိက္ခ ဓမ္မိကာရုံ စာသင်တိုက် ဖုန်း-၀၉ ၈၆၄၀၅၁၅၊ ၀၁-၀၂ ၆၅၀၅၀ (or) ဒေါ်တင်အေး ဖုန်း ၀၉-၅၁၅၀၆၆၉ သို့ဆက်သွယ် လှူဒါန်းနိုင်ပါသည်။









http://myanmargreen.blogspot.com/ ဘလော့ဂ်မှ ကူးယူပါသည်။~~~~~~~~~~~~~~~~~
အော် ကွမ်းခြံကုန်း ဆိုတဲ့ အသံကြားတော့ ပြန်သတိရမိတယ်။ မေ့လို့လည်း ဘယ်ရပါ့မလဲလေ.. ကျွန်တော့်ရဲ့ ဇာတိမြေကိုး.. မှတ်မိသေးတယ်.. ဒီလာခါနီး ဇာတိမြေကို တစ်ခေါက်ပြန်တော့ တစ်လမ်းလုံး နာဂစ်ဒါဏ်ကြောင့် အလဲလဲ အပြိုပြို ဖြစ်နေတဲ့ သစ်ပင်တွေ.. တန်းစီလို့..။ သစ်ပင်တွေမှ မဟုတ်ပါဘူး.. ကံအကြောင်း မသင့်စွာနဲ့ နာဂစ်နောက် ပါသွားတဲ့ အသက်တွေကလည်း နည်းမှ မနည်းပဲ.. မိသားစုလိုက် အုံလိုက်ကျင်းလိုက် ပါသွားသူတွေ၊ တကွဲတပြား ဖြစ်သွားသူတွေ.. အိုး အများကြီးပါပဲ.. ကျွန်တော့် အမေတောင် ကံကောင်း ထောက်မစွာနဲ့ ကျန်ခဲ့တာ မဟုတ်လား..
အော် ခုတော့ သစ်ပင်တွေ စိုက်နေကြတယ် ကြားတော့ ၀မ်းသာကြည်နူးစွာ မျက်ရည်စို့မိတယ်.. ကွမ်းခြံမြေရယ်.. ခင်ဗျားက ကျွန်တော်နဲ့ အနေဝေးလို့ ကျွန်တော်ပြန်တဲ့ အချိန်တွေဆို ခပ်စိမ်းစိမ်း ဆက်ဆံပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ မေ့ချင်ယောင်သာ ဆောင်လို့ရမယ်.. တကယ်မေ့ပြစ်ဖို့တော့ မဖြစ်နိုင်သေးပါဘူး.. သတိတရနဲ့တောင် ခင်ဗျားအတွက် ကဗျာတစ်ပုဒ် စပ်ခဲ့ဖူးပါသေးတယ်.. နားဆင်ကြည့်ပါဦး ကွမ်းခြံမြေရေ..
ကွမ်းခြံမြေ သာတဲ့ကွန်းဆီသို့
ခွန်းသံခြွေ စာဖွဲ့လွမ်းမယ်လို့
တမ်းတကာ မျှော်မိပါပေါ့
လွမ်းသစွာ ပျော်စိတ်ရယ်က
ယိုဖိတ်ကာကြွယ်။
တစ်ခေတ်ကို တစ်ခါပြောင်းမယ်လို့
အပြစ်ဆိုစရာ မရှိအောင်ပ
သတိဆောင် ရိုးသားစိတ်တွေနဲ့
ကတိဆောင် ကြိုးစားကြမယ်
(တို့မြို့) တိုးပွားဖို့ရွယ်။
ယနေ့မှာက နယ်မြို့အဝေးရောက်နေလည်း
မမေ့ပါဗျ ကယ်ဖို့အတွေးရယ်က
တစ်နေ့တစ်ခါမက ပေါ်လို့လာပါပေါ့
ကျော်စေမယ် ကမ္ဘာတစ်ဝှမ်းကိုလ
သြော်.. အဆွေရယ် စာဖွဲ့တမ်းတယ်
(ကျွန်တော်လေ)
လွမ်းတသသ။ ။
လေးစားစွာဖြင့်
ဖိုးသား
8/12/2010, THU:, 6:30:09 PM



0 comments:
Post a Comment