တဘ၀စံဖို့
Friday, 13 August 2010 05:31 |
Written by Administrator | PDF | | Print | | E-mail
မြန်မာလူမျိုးတို့သည် မိမိတို့၏ သားယေက်ျားလေးများအရွယ် ရောက်လာသောအခါ ထိုသား ရတနာတို့ကို ရှင်ပြုပေးကြ(သာသနာ့ဘောင်သို့ သွတ်သွင်းပေးကြ)၏။ မိမိတို့ကိုယ်တိုင်လည်း သာသနာ့ဒါယကာ၊ သာသနာ့ဒါယိကာမများအဖြစ် ကျေကျေနပ်နပ် ကြည်ကြည်နူးနူးပင် ခံယူကြ၏။ ယင်းမှာ ရှေးဘိုးဘွား အစဉ်အဆက် ကတည်းက လက်ဆင့်ကမ်း ထိန်းသိမ်းစောင့် ရှောက်လာသည့် နှစ်သက်မြတ်နိုးစရာ ယဉ်ကျေးမှုပင် ဖြစ်၏။
ရှင်ပြုထိုက်သောအရွယ်
သာသနာတော်၌ ရှင်ပြုခြင်းနှင့် ပတ်သက်၍ စောစောပိုင်းကာလက အသက်ကန့်သတ်ချက် မရှိခဲ့ပေ။ ထိုကြောင့် ရာဟုလာ မင်းသားလေးသည် အသက်(၇)နှစ် အရွယ်၌ပင် ရှင်သာမဏေအဖြစ်သို့ ရောက်လာခဲ့၏။ နောက်ပိုင်း၌မူ (၁၅)နှစ်အရွယ်ဟု ရှင်ပြုရမည့်အရွယ်ကို ဘုရားရှင်က ကန့်သတ် ပေးခဲ့၏။ ၄င်းနောက် ခြွင်းချက်အနေခြင့်(၁၅)နှစ်မပြည့်သေးသော်လည်း ကျီး ခြောက်နိုင်သူဖြစ်လျှင် ရှင်ပြုခွင့်ပေးခဲ့လေ၏။ ထို့ကြောင့် ရှင်ပြုမည့် သူသည် အောက်ထစ်ဆုံး ကျီးငှက်တို့ကို ခြောက်လှန့်နိုင်သူ ဖြစ်ရမည် ဖြစ်၏။ ရှေးမြန်မာကြီးတို့ကမူ သက်န်းကိုလည်းနိုင်၊ ကျင့်ဝတ်ကိုလည်း ကောင်းစွာထိန်းသိမ်းနိုင်သည့်(၁၃)နှစ်(၁၄)နှစ်အရွယ် သူငယ်တို့ကို ရှင်ပြုပေးကြလေ၏။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့အတွက် ရှင်ပြုခြင်းသည် အသက်တမျှ အရေးကြီးသော ကိစ္စ ဖြစ်၏။ ထို့ကြောင့် ရှေးယခင်က ရှင်ပြုချိန်ရောက်ခါနီးတွင် ရှင်လောင်းအား ပြင်စရာ၊ ကျက်မှတ် စရာရှိသည်များကို ကြိုတင်ပြင်ဆင် ကျက်မှန်ရန် ဘုန်းတော်ကြီးကျောင်းများသို့ တစ်လကိုးသီတင်း ပို့လွှတ်ထားကြ၏။ (သို့မဟုတ်) တက်သိသူတို့အထံ၌ နေ့စဉ် သင်အံလေ့ကျင့်စေ၏။ အခြေခံကျင့်ဝတ်မရသူများကို ရှင်ပြုမပေးကြပေ။
ထိုတွင် အခြေခံကျင့်ဝတ် မသင်ရသေးသော သားကို ရှင်ပြုပေးရန် လျှောက်ထားလာသည့် ဒကာအား “ ဟေ့ ဒကာ၊ အချိန်မရဘူးလား၊ အချိန်မရရင် မင့်သားပြန်ခေါ်သွားပါ။ ဒါမျိုး ငါ လက်မခံ နိုင်ဘူး”ဟု မိန့်ကြားခဲ့သော ပထမ ခရမ်းကိုင်းကုန်းဆရာတော်ကြီး၏ စကားမှာ အလွန်မှတ် စရာ ကောင်းလှ၏။ ယခုအခါ၌မသ ရှင်ပြုသည့်ကိစ္စကို ထိုမျှလောက် အလေးမထားကြတော့ပေ။ ၀မ်းနည်းစရာ၊ စိတ်မကောင်းစရာပင် ဖြစ်၏။
ရှင်ပြုခြင်းသည် အမှန်အားဖြင့် လောဘ၊ ဒေါသ၊ မောဟ အပေါင်းမှ လွတ်မြောက်ပြီး နိဗ္ဗာန် ရောက်ရန်အတွက် အခြေပြုပြင်ဆင်ခြင်းပင် ဖြစ်၏။ အယုတ်အားဖြင့် ပြောရလျှင် ရှင်အဖြစ် ရဟန်း အဖြစ်နှင့် တစ်သက်လုံး မနေနိုင်သည့်သူတို့အား ဘ၀နေနည်း ထိုင်နည်းကို စနစ်တကျ သင်ပေးခြင်း ပင်ဖြစ်၏။ ထိုကြောင့် လေးလေးနက်နက် ထားသင့်၏။
ယခုတော့ ထိုသို့မဟုတ်။ ကြိုတင်ပြင်ဆင်ခြင်းလည်း မရှိ။ တစ်ဖန် ရှင်ပြုပြီး သုံးလေးရက်ခန့်ရှိ လျှင် ကွန်ပြုတာသင်တန်းတက်ရန်၊ ကျူရှင်တက်ရန် စသော အဆိုပြုချက်များဖြင့် လူထွက်စေ ပြန်၏။
မည်သည့်အတွက် ရှင်ပြုပေးခဲ့တာလဲ။ အခိုက်အတန့် ရှင့်ဘ၀လေးသည် ကျူရှင်လောက်ပင် တန်ဖိုး မရှိတော့ဘူးလားဟု မေးလျှင် ရှင်ဒါယကာ၊ ရှင့် ဒါယိကာမတို့ မည်သို့ ဖြေမည်နည်။
ကမ္ဘာပေါ်တွင် အယဉ်ကျေးဆုံး လူကြီးလူကောင်း အပီသဆုံး ပုဂ္ဂိုလ်တို့မှာ ဘုရားရှင်၏ ကျင့်ဝတ် စည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်ကြသော ရဟန်း သာမဏေတို့ပင်ဖြစ်၏။ အသိဉာဏ် မရင့်ကျက်သေး၍ ဣနြေ္ဒစောင့်ထိန်းမှုနည်းပါးကြသော ရဟန်းသာမဏေတို့မှအပ ဘုရားရှင်၏ ကျင့်ဝတ်စည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်ကြသော ရဟန်းသာမဏေတို့၏ အနေအထိုင်၊ အသွင်အပြင်၊ အမူအရာ၊ အပြောအဆို၊ စိတ်နေစိတ်ထား တို့ကား အားလုံး အထက်တန်းစားပင်။
မြန်မာတို့၏ လူနေမှုဘ၀သည်လည်း အများအားဖြင့် ဗုဒ္ဓဘာသာနှင့် ဆက်နွယ်နေသည်သာ ဖြစ်၏။ ထို့ကြောင့် ရှင့်ဒါယက၊ ရှင်ဒါယိကာမတို့အနေဖြင့် မိမိတို့ ရင်သွေးရတနာတို့ကို ပို၍ ယဉ်ကျေးလာအောင်၊ လူတော်လူကောင်းလေးများ ဖြစ်လာအောင်၊ ဘ၀မှာ စနစ်တကျ နေတတ် ထိုင်တတ်သွားအောင် သင်ပေးနိုင်စွမ်းရှိသော ရဟန်းသံဃာများထံ တစ်လကိုးသီတင်းခန့်တော့ အပ်နှံသင့်ပေ၏။
ဗုဒ္ဓဘာသာကပေးသော နေနည်းထိုင်နည်းစနစ်မှာ အခြား နိုင်ငံများနှင့် မတူပေ။ အေးချမ်း၏။ တည်ငြိမ်၏။ အဆင့်မြင့်မားလှ၏။ ဤနေရာ၌ နီပေါနိုင်ငံ၏ နေနည်းထိုင်နည်းပေးသော စနစ်ကလေး ကို ချိန်ထိုးကြည့်နိုင်ရန် ပြဆိုပါဦးမည်။
အမှောင်ခန်းက နီပေါသူ
နီပေါနိုင်ငံရှိ လူကြီးသူမတို့သည် မိမိတို့၏ သမီးငယ်လေးများ အသက်(၁၂)နှစ်ပြည့်လျှင် မြေအောက်ခန်းစသည့် အလုံပိတ်ထားသော အမှောင်ခန်းထဲ ထည့်သွင်းကြလေ၏။ မည်မျှပင် ငြင်း ငြင်း၊ မည်မျှပင် ငိုငို ထိုအမှောင်ခန်းထဲ ဆွဲပို့ကြသည်သာ ဖြစ်၏။ ထိုမိန်းကလေးနှင့်အတူ နောက်ဖေး သွားဖို့အတွက် နောက်ဖေး သွားစရာခွက်နှင့် စားဖို့သောက်ဖို့အတွက် စားစရာ သောက်စရာ တို့ကို လည်း တပါတည်း ထည့်ပေးလိုက်ကြ၏။
ထိုမိန်းကလေးကို အမှောင်ခန်းထဲ၌ (၇)ရက်တိတိ ထားလေ၏။ (၇)ရက်အတွင်း ထိုအမှောင် ခန်းထဲသို့ မည်သူမျှပင် မ၀င်ရပေ။ မည်သည့်အခြေအနေသို့ဆိုက်ဆိုက် (၇)ရက်ပြည့်မှသာ ထိုမိန်း ကလေးကို အပြင်သို့ ထုတ်လေ၏။ အချို့မှာမူ ကြောက်လန့်ပြီး သေဆုံးလေ၏။ မသေဘဲ ပြန်ထွက် လာနိုင်သော မိန်းကလေးကို “ မင်း အပျိုဖော်ဝင်ပြီ၊ မင်း အပျိုဖြစ် ပြီ”စသည်ဖြင့် ၀ိုင်းဝန်းပြောဆို ကြ၏။ ထိုအခါရောက်မှာ လူရာသွင်း၏။ ထိုမိန်းကလေးက အိမ်ထောင် ပြုလိုလျှင် အိမ်ထောင်ပြုပေး ကြ၏။ ထိုဓလော့သည် ယခုထိတိုင် ရှိနေသေး၏။ အလွန်အံ့သြစရာပင်။
အခြားနိုင်ငံများ၌လည်း သူ့ဟန်နှင့်သူ နေနည်းထိုင်နည်း စနစ်များကို ပေးကြသည်သာ ဖြစ်၏။ နီပေါနိုင်ငံကဲ့သို့ ဆန်းပြားသော နေနည်းထိုင်နည်းပေးသော စနစ်ကို ကျင့်သုံးသည့်နိုင်ငံတို့သည် လည်း အများအပြားပင်၊ ဥပမာအားဖြင့် အာဖရိကနိုင်ငံများပင်ဖြစ်၏။
ဗုဒ္ဓဘာသာသည် ထိုကဲ့သို့ အမျိုးမျိုးဆန်းပြားသည့်ကြားမှ ခန့်ငြားတည်ငြိမ်စွာ ဘ၀နေနည်း ထိုင်နည်းကို ပေးခြင်းဖြစ်၏။ ရှင်မပြုခင်ရော၊ ရှင်ပြုပြီးပါ စနစ်တတကျ သင်ကြားပေးခြင်းလည်း ဖြစ်၏။
ကြီးကောင်ဝင်လာပြီး စိတ်ရူးပေါက်လာတတ်သည့် (၁၃)နှစ်(၁၄)နှစ်အရွယ် ကလေးသူငယ် များကို ဖမ်းထိန်းကာ မည်ကဲ့သို့ဝတ်၊ မည်ကဲ့သို့နေ၊ မည်ကဲ့သို့ပြော၊ မည်ကဲ့သို့ ဆက်ဆံ၊ မည်ကဲ့သို့ သွား၊ မည်ကဲ့သို့စား၊ မည်ကဲ့သို့လုပ် အစရှိသည်ဖြင့် တစ်ဘ၀လုံး အတွက် ကျကျနနကို ပုံသွန်း လောင်းပေးခြင်း ဖြစ်၏။ ဤမျှကောင်းသော ပုံသွန်းလောင်းမှုစနစ်သည် ကမ္ဘာ ပေါ်တွင် ဗုဒ္ဓဘာသာ တစ်ခုတည်းသာ ရှိ၏။ ထို့ကြောင့် ရှင်သာမဏေဖြင့် အလေ့အကျင့် (Training) ကောင်းကောင်း ရခဲ့သော ကလေးသည် အသွားအလာ၊ အနေအထိုင်၊ အပြုအမူ၊ အပြောအဆို၊ အစား အသောက် အစရှိသည်တို့၌ အထက်တန်းကျ၊ အဆင့်အတန်းမြင့်မားနေမည်သာ ဖြစ်၏။ `
သို့ဖြစ်၍ ရှင်ဒါယက၊ ရှင်ဒါယိကာမတို့သည် “ရှင်ဖြစ် ပြီးရော” ဟု ပေါ့ပေါ့ဆဆ သဘော မထားသင့်ပေ။ မိမိတို့၏ ရင်သွေးရတနာကလေးများ လူယဉ်ကျေးလေးများ ဖြစ်လာအောင်၊ လူတော် လူကောင်းလေးများ ဖြစ်လာအောင် ကျကျနန ရှင်ပြုပေးသင့်၏။ ပြောရလျှင် တစ်ဘ၀ စံဖို့အတွက် တစ်လ ကိုးသီတင်းမျှတော့ အနာခံသင့်၏။ သို့မှသာ မိမိတို့ကိုယ်တိုင်လည်း ပီပြင်သော သာသနာ့ ဒါယကာ၊ သာသနာ့ဒါယိကာများ ဖြစ်ကြမည် ဖြစ်၏။ မိမိတို့၏ ရင်သွေးရတနာလေးများလည်း ရှင်အဖြစ်ကို တန်ဖိုးရှိရှိ ရရှိကာ ယဉ်ကျေးတည်ငြိမ်သော လူကြီးလူကောင်း တစ်ယောက် ဖြစ်လာ မည်ဖြစ်၏။
အရှင်ကောဏ္ဍည(သာသနာ့တက္ကသိုလ်)

0 comments:
Post a Comment