* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 13, 2010

ဝါတွင်းကာလ လူတို့ အဖို့  သိထားသင့်သည်မှာ

ဝါဆိုလ ၀ါဆိုခြင်း ဆောင်းပါးထဲမှာ ၀ါတွင်းကာလ ရဟန်းတော်များ ကိုယ့်ကျောင်းမှာ ၀ါတွင်း သုံးလပတ်လုံး နေရမယ် လို့  ပညတ်ချက်နဲ့ ၊ ပုရိမ၀ါ ပစ္ဆိမ ၀ါ ခွဲခြားပြကာ အဆုံးသတ်ပြီး ထားခဲ့ ပါတယ်။

ဒါကြောင့်မို့  တစ်ချို့ လူတွေမှာ ၀ါတွင်း ရဟန်းတော်တွေ ဘယ်မှ မကြွကောင်းလို့  ထင်မှားဖွယ် ရှိပါတယ်။ ထင်သွားတတ်ပါတယ်။ စီဘောက်ထဲမှာ ဒကာမ တစ်ယောက်က သူ့ သိချင်တာကို ဒီလိုလေး မေးပါတော့တယ်။

shinlay: တပည့်တော်မေးချင်တာက တပည့်တော်တို့ နေတဲ့နေရာကို ဘုန်းကြီးပင့်လိုပါတယ်။ ၀ါတွင်းဖြစ်နေပါသဖြင့် ပင့်လို့ ရပါသလား- ဘုရား။
6 Aug 10, 08:45 PM

ဟုတ်တော့လည်း ဟုတ်တယ်။ မေးသင့်ပါတယ်။ ၀ါတွင်း ပင့်လိုသူရှိက မကြွခဲ့ဘူးဆိုရင်တော့ ဘယ်ကောင်း ပါ့မလဲနော်။ လှူချင်တဲ့သူလည်း အလှူ ကုသိုလ်လျော့၊ ရဟန်းဘက်က ကြည့်က လည်း လာဘ်လာဘ လျော့၊ ရိုးရိုးလေး စဉ်းစားကြည့်တာပါ။

ဒါပေမယ့် ရဟန်းတော်များဟာ မြတ်စွာဘုရားက ၀ါတွင်းကာလ ဘယ်မှ မကြွရဘူး ဆိုတာနဲ့  မြတ်စွာဘုရားလက်ထက်က ရဟန်းတော်များက မြတ်စွာဘုရား စကား နားထောင်ကြပါတယ်။
( ဗူးဆို ၊ မရုံ မသီးဘူးပေါ့လေ။)

အဲဒီလို နားထောင်ခဲ့လို့  တစ်နေ့  မှာ ဒီလိုလေး ပြဿနာ အသေးစားဖြစ်ခဲ့ဘူးတယ်။ ကောသလ နယ်က သာသနာ့ ဒါယကာကြီး ဥဒေနဟာ သံဃိက ကျောင်းကို ဆောက်လုပ်ပြီးချိန်မှာ ပေါ့။ သံဃဒါန လုပ်လိုတယ်။ တရားလည်း နာချင် တယ်။ ရဟန်းတော်များကို ဖူးတွေ့ ကြည်ညိုချင် တယ် ဆိုတဲ့ စိတ်ပေါ်လာတယ်။

ဒါနဲ့ ပဲ သူရဲ့  ယူယုံတော် တစ်ယောက်ကို သံဃာ သွားပင့်ခိုင်းပါတယ်။ အဲဒီ လူယုံတော်ကို ရဟန်းတော်များက ပြတ်ပြတ်သားသားပဲ ညင်းဆိုလိုက်ပါတယ်။ ငါတို့  ပုရိမ၀ါ ၊ ပစ္ဆိမ၀ါ ၀ါဆိုပြီး သုံးလ မနေပဲ ဘယ်မှ ဟိုဟို ဒီဒီ မသွားဖို့  မြတ်စွာဘုရား ပညတ်ထား တာမို့  ၀ါမကျွတ်သေးပဲနဲ့ တော့ မလိုက်နိုင်ပါဘူး၊ မလာနိုင်ပါဘူး။

အဲ.. တကယ်လို့  အရေးတကြီး လုပ်ချင်သပ ဆိုရင်တော့ အဲဒီကျောင်းမှာ အမြဲနေ ကျောင်း မှာနေ တဲ့ ကိုယ်တော်တွေနဲ့  ပဲ ဖြစ်အောင် ကုသိုလ် လုပ်လိုက်ပါလို့  ပြောလိုက်ပါတယ်။

( သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော- မြတ်စွာဘုရား ပြောဟောတော်မူသည့် အတိုင်း ကျင့်ကြံလိုက်နာကြတဲ့ သံဃာတွေပါတကား၊ အဉ္ဖလီကရဏီယော- လက်အုပ်ချီမိုး ရှိခိုး ထိုက်တော် မူကြတဲ့ သံဃာတော်တို့ ပါတကား။)


ကျောင်းဒကာကြီး ဥဒေန သံဃာတွေအပေါ် စိတ်ကွပ် သွားတယ်။ ငါလို ဒါယကာ ၊ သံဃာ့အကျိုး ဆောင်၊ သံဃာကို ပြုစုပျိုးထောင် ပေးနေတဲ့သူကြီး ဆိုတဲ့ ငါ့ရဲ့  စေတနာ မှ မထောက်ထားကြဘူး။ ပင့်တာတောင်မှ မကြွရောက် လာကြပဲကိုး..တဲ့။

အဲဒီလို သူ့ အလိုမကျတာနဲ့  ကဲ့ရဲ့ ပြောဆိုမှုဟာ တစ်ဆင့်စကား တစ်ဆင့်နားနဲ့  နေ့ ချင်း ညချင်း ဆိုသလို ဘုရားရှင်ထံထိ ရောက်ရှိလာပါတယ်။

အဲဒါနဲ့  ပဲ ဘုရားရှင်က ဒီလိုဆိုရင် ခြွင်းချက် ထည့်ပြီး ပညတ်တော်မူပါတယ်။ ဒီလို ဒကာမျိုးလို ဒါနလုပ်လို့ ပဲဖြစ်ဖြစ်၊ တရားနာလိုလို့ ပဲဖြစ်ဖြစ်၊ သံဃာတော်တွေကို ဖူးတွေ့ လို လို့  ပင့်တာပဲ ဖြစ်ဖြစ် ( ၇ ) ရက် အတွင်း သွားကောင်းတယ်။ သွားကြပေါ့။
(၇) ရက်ထက်တော့ မကျော်ကြစေနဲ့ ။
ပြန်လာရမယ် ကိုယ့်ဝါဆိုကျောင်းကိုတဲ့။

ဒါတင် မကသေးဘူး၊ အကြောင်းတွေက အမျိုးမျိုးပေါ်လာပြန်လို့ လည်း ဘုရားရှင်က ပညတ် တော်မူ ခဲ့ပါ သေးတယ်။

ခြွင်းချက်တွေကတော့ သီတင်းသုံးဘော် တရားကျင့်ဖေါ်ကျင့်ဖက် ရဟန်း၊ ရဟန်းမ၊ ကိုရင် ၊ ကိုရင်မ ၊ သိက္ခမာန်၊ များနဲ့  ကျေးဇူး ကြီးမားလှတဲ့ အမေ ၊ အဖေ ဆိုတဲ့ သူတွေ နေမကောင်းဘူး ဆိုရင် လည်း သိတာနဲ့ သွားကောင်းတယ်။ သူတို့  အပင့် စောင့်စရာ မလိုဘူး။ ( ၇ ) အတွင်းတော့ ပြန် လာပေါ့ တဲ့။

သွားဖို့  ရည်ရွယ်ချက်ကတော့ ဂိလာနနဲ့ သင့်လျော်တဲ့ အစားသောက်ရှာပေးမယ်၊ ကိုယ်တိုင် မပြု စုနိုင်ရင် ဂိလာနကို ပြုစုပေးတဲ့ သူအတွက် စားစရာ ရှာပေးမယ်၊ ဆေးရှာပေးမယ်၊ မေးလည်းမေး ၊ ပြုစုလည်း ပြုစုဖို့ အတွက်ပေါ့။

ဒါပေမယ့် ညီမရင်း၊ အကိုရင်း ၊ ဆွေမျိုး တွေကိုတော့ သူတို့ ပင့်မှ သွားလို့ ရမယ်။ သူတို့  ဖျားတာ နာတာ သိရုံနဲ့  သွားလို့  မရပါဘူး။ အမေ ၊ အဖေကတော့ ကျေးဇူး အထူးများတာမို့  သိတာနဲ့ ပဲ မပင့်ပေမယ့် သွားနိုင်တာပါ။

အခြား အကြောင်းတွေကလည်း ရှိပြန်သေးတယ်။ ၀ါတွင်းကာလ သူရဲသဘက် နှိပ်စက်လို့ ဖြစ်ဖြစ်၊ တောကျောင်းဖြစ်နေလို့ ကင်းမြွေပေါလို့  ဖြစ်ဖြစ်၊ သားရဲ တိရ စ္ဆာန် နှိပ်စက်လို့ ဖြစ်ဖြစ်၊ ဆွမ်းမမျှ မ၀လို့ ပဲဖြစ်ဖြစ်၊ ကောင်းတဲ့ ရှယ် အစားသောက်မဘုဉ်းရလို့ပဲ ဖြစ်ဖြစ် စတဲ့ စတဲ့ အကြောင်းများစွာလည်း ရှိပြန်တယ်။

အန္တရာယ် တစ်မျိုးမျိုး၊ ပြဿနာ တစ်မျိုးမျိုး အကြောင်းပြချက် ခိုင်လုံရင် သွားလို့ ရပါတယ်။

အထူးအနေနဲ့  အပေါ်က ပြောခဲ့တဲ့ ကျောင်းဒကာကြီးဥဒေန လိုမျိုး ဒါနဉ္စ ဒါတုံ- အလှူ လုပ်လို ၊ ဓမ္မဉ္စ သောတုံ - တရား နာလို ၊ ဘိက္ခူစ ပဿိတုံ - ရဟန်းသံဃာဖူးတွေ့ လို ဆိုတဲ့ တုံသုံးတုံ ၊ လို သုံးလို အကြောင်း ပြချက် ရှိရင်တော့ ဘုရားရှင် အလိုတော်ကျ အနုပညတ် ခြွင်းချက်ထဲ ပါတာမို့  ၀ါတွင်းကာလမှာ ၇ ရက်အတွင်း သွားလို့  လာလို့  ရပါကြောင်း ၀ါတွင်းကာလ လူတို့ အဖို့  သိသင့်တာကို ရေးသားလိုက်ပါတော့တယ်။


မှတ်ချက်။ ။ဝိနည်း မဟာဝါ ပါဠိတော်မှ လူများအဖို့ နားလည်အောင် ရေးသားထားပါသည်။



မြတ်ရောင်နီ
( ၁၂ ၊ ၀၈၊ ၂၀၁၀ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP