* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 13, 2010

( ၂ ) မဟာဇနကဇာတ်တော်ကြီး

တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ၀ိ၊ ဝေ-ဟူသော
စကားကြီးဆယ်လုံးသည် ဗုဒ္ဓမြတ်စွာ၏ ဘ၀ဖြစ်စဉ် ဇာတ်တော်ဆယ်ဘွဲ့ကို ဖော်ပြသည့်
အတိုကောက်များ ဖြစ်ကြသည်။
ဒုတိယစကားလုံးဖြစ်သည့် (ဇ) ဟူသည်မှာ မဟာဇနက-မင်းသား၏ ဘ၀အကြောင်းကို ဆိုလိုသည်။


ရှေးအခါက မိတ္ထီလာပြည်တွင် စိုးစံသည့် အရိဋ္ဌဇနကမင်းနှင့် ညီတော် အိမ်ရှေ့စံမင်းသား ပေါလဇနကတို့သည် တပါးနှင့်တပါး အထင်အမြင်လွဲမှားကြပြီး စစ်ထိုးကြလေသည်။ ထိုစစ်ပွဲတွင် နောင်တော်ဘုရင်ကြီး ကျဆုံးလေသောကြောင့် ကိုယ်ဝန်အရင့်အမာရှိသော မိဖုရားသည် ဆင်းရဲသူမယောင်ဆောင်ပြီး ထွက်ပြေးလေရာ ကာလစမ္ပါနဂိုပြည်သို့ ရောက်သွား၏။

မြို့ပြင်ဇရပ်တခုတွင် ရပ်နားနေခိုက် ဒိသာပါမောက္ခဆရာကြီးနှင့် ဆုံမိ၍ အကျိုးအကြောင်းပြောပြသဖြင့် ပါမောက္ခကြီးက ကြင်နာသနားစိတ်ဝင်ကာ အိမ်တွင်နေထိုင်ရန် လက်ခံထားလိုက်လေသည်။ များမကြာမီ မိဖုရားကြီးတွင် သားတော်တပါး ဖွားမြင်လေရာ မဟာဇနကဟု အမည်ခေါ်တွင်စေလေသည်။
ကျောင်းနေစဉ် အခြားကျောင်းသားတချို့က မင်းသားလေးအား မုဆိုးမသား-ဟု မကြာခဏ လှောင်ပြောင်ကြရာ မခံမရပ်နိုင်ဖြစ်သဖြင့် မယ်တော်မိဖုရားကြီးအား မေးလေရာ သားတော်မှာ ငယ်ရွယ်သူဖြစ်နေသေး၍ ပထမသော် လှည့်ပတ်ပြောဆိုထားသော်လည်း အချိန်အရွယ်ရောက်လာသောအခါ၌ကား ဖြစ်ရပ်ကုန်စင် ဖွင့်ဟပြောလိုက်လေသည်။

ထိုနေ့မှစ၍ မဟာဇနကမင်းသားလေးသည် မိမိ၏ဘ၀မှန်ကို သိရှိပြီး ထီးစိတ်နန်းစိတ် ဇာတိမာန်ပေါ်လာကာ ဖခမည်းတော်၏ ထီးနန်းကို မတရားသိမ်းပိုက်ထားသော ဦးရီးတော်ပေါလဇနကကို စစ်ခင်းတိုက်ခိုက်ပြီး ထီးမွေနန်းမွေကို ပြန်ရအောင်လုပ်ရမည်ဟု ကြံစည်ကာ မယ်တော်ပါလာခဲ့သောပစ္စည်းများကိုယူ၍ တိုးပွားအောင်ပြုလုပ်ရန် သင်္ဘောကုန်သည်များနှင့် အတူ ထွက်သွားလေသည်။

မင်းသားလေးလိုက်ပါသွားသော သင်္ဘောသည် ပင်လယ်သမုဒ္ဒရာထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ် သောကြောင့် အက်ကွဲ ရေ၀င်ပြီး တဖြည်းဖြည်း နစ်လေရာ အခြားသောကုန်သည်များသည် ကြောက်အားလန့်အားဖြင့် ရေထဲသို့ ခုန်ချကြလေသည်။

သတိကြီးသော မဟာဇနကမင်းသားကား စိတ်အေးအေးထားကာ အားအင်ပြည့်စေမည့် ထောပတ်များကို စား၏။ အင်္ကျီပုဆိုးများကိုလည်း ရေလုံစေရန် ထောပတ်များဖြင့် လူးလိုက်၏။ ထို့နောက် ဘုရား တရား သံဃာ မိဘ ဆရာသမားများကို ရည်စူး၍ ကန်တော့တိုင်တည်ပြီး သီလဆောက်တည်လိုက်သည်။ ထိုသို့ပြုလုပ်ပြီးမှ-
ရွက်တိုင်ထိပ်ဖျားသို့တက်သွားကာ ငါးမန်း ငါးတန်များ လွတ်ရာဖက်သို့ ရှိသမျှအားယူလျက် ခုန်ချလိုက်၏။

ဇွဲ လုံ့လ ၀ီရိယ ကြီးစွာဖြင့် နေ့ရောညပါ မနေမနား ကူးခတ်ရာ ရေမျောပါလာသော အစားအစာတွေ့လျှင်ပင် နေ့လွဲညစာဖြစ်နေက သီလအပျက်မခံဘဲ စိတ်တင်းကာ မစားဘဲနေလေသည်။
မဟာဇနကသည် ယောက်ျားတို့ဇွဲ သေကာမှလျှော့မည်-ဟု ဇွဲကြီးစွာဖြင့် ကူးခတ်ရင်း ခုနစ်ရက်မြောက်သော နေ့၌ သမုဒ္ဒရာပင်လယ်ပြင်တွင် ဒုက္ခကြုံနေသော သူတော်ကောင်းများကို ကူညီရန် တာဝန်ရှိသော မဏိမေခလာနတ်သမီးက ပွေ့ချီကာ မိတ္ထီလာပြည် ဥယျာဉ်တွင်းရှိ ကျောက်ဖျာထက်၌ သိပ်ထားပြီး အ၀တ်ခြုံထားခဲ့၏။

(ထိုနေ့သည်ကား) မိတ္ထီလာပြည်နန်းတွင်း၌ ပေါလဇနကမင်းကြီး နတ်ရွာစံပြီး ခုနစ်ရက်မြောက်သောနေ့ဖြစ်၏။ ထီးမွေနန်းမွေခံရန် သားတော်မရှိသဖြင့် ဖုဿရထားလွှတ်ရန် စီစဉ်နေကြသည်။
ဖုဿရထားသည် ရွှေနန်းတော်ကို လက်ယာရစ် သုံးပတ်ပတ်၍ မြို့တွင်းသို့လှည့်ပြီးလျှင် မမျှော်လင့်ဘဲ မြို့တံခါးမှ မြို့ပြင်သို့ ထွက်သွားသဖြင့် တာဝန်ကျသော မှူးမတ်ခြွေရံများမှာ ရင်တမမဖြင့် ပြေးလိုက်ရတော့သည်။

ဥယျာဉ်တော်အတွင်းရှိ မဟာဇနကမင်းသား အိပ်ပျော်နေသော ကျောက်ဖျာသို့ ဖုဿရထားဆိုက်ရာ ထိုက်တန်သူမင်းသား ဟုတ်-မဟုတ် စမ်းသပ်လို၍-
တူရိယာပညာရှင်များ တပြိုင်နက်တီးမှုတ်၍ ပြိုင်တူထွက်ပေါ်လာသော တူရိယာသံများကြောင့် နိုးလာသော်လည်း မင်းသွေးပင်ဖြစ်သဖြင့် မဟာဇနကမင်းသားမှာ တုန်လှုပ်ခြင်းမရှိဘဲ မျက်စိဖွင့်ကြည့်ကာ ပရိသတ်ကြီးကို မြင်သော်လည်း စိတ်အေးလက်အေးနှင့်ပင် နံတောင်းတဖက်သို့သာ ပြောင်းအိပ်လိုက်သည်။

ပုရောဟိတ်ပုဏ္ဏားများက အ၀တ်လပ်နေသော ခြေဖ၀ါးကိုကြည့်ကာ ခြေခဏာဖတ်ကြပြီး ဘုန်းလက်ရုံး ဉာဏ်ပညာနှင့် ပြည့်စုံသော မင်းယောက်ျားပင် ဧကန်ဖြစ်ရမည်-ဟုဆိုကာ မင်းမြောက်တန်ဆာငါးပါး ဆက်ကပ်ဝတ်ဆင်စေလျက် မင်းခမ်းမင်းနားဖြင့် ခေါ်သွားကြလေသည်။

ထို့နောက် ၀တ္တရားရှိသည့်အတိုင်း ပေါလဇနကမင်းကြီး၏ သမီးတော်ထံ အကြောင်းစုံကို လျှောက်တင်စေလေရာ-
သမီးတော်က မင်းလောင်းဆိုသူကို အကဲခတ်လို၍ ထိုသူအား အဆောင်တော်သို့ လာတွေ့ရန် အကြောင်းကြားလေသည်။

အထိန်းတော်က ထိုသို့ အကြိမ်ကြိမ်အကြောင်းကြား လျှောက်တင်သည်ကို မဟာဇနကသည် မကြားလေဟန်ဆောင်ကာ မှူးမတ်များနှင့် စကားပြောမြဲသာ ပြောနေလိုက်သည်။
အထိန်းတော်ကြီးပြန်သွား၍ အတန်ကြာမှသာ မိမိအလိုအတိုင်း ရွှေနန်းဆောင်များသို့ လျှောက်ကြည့်လေဟန်ဖြင့် သွားရာ သမီးတော်သီဝလိဒေ၀ီအဆောင်နား ရောက်လျှင်-
လာရောက်ဦးညွတ်သော သီလ၀ိဒေ၀ီအား ရွှေလက်တော်တွဲ၍ ရွှေပလ္လင်ထက်တွင် ထိုင်လိုက်စဉ် ဦးရီးတော်ပေါလဇနကမင်းကြီး၏ အလိုတော်ကျ မှူးကြီးမတ်ရာများ တင်လျှောက်သော ပြဿနာများကို ဖြေဆိုနိုင်သဖြင့် သမီးတော် သီဝလိဒေ၀ီနှင့် ရွှေဂဟေဆက်၍ နန်းတက်ပွဲသဘင် ဆင်ယင်လေသည်။

မင်းအဖြစ်သို့ရောက်လျှင် ကာလစမ္ပာနဂိုပြည်သို့ရောက်နေသော မယ်တော်မိဖုရားကြီးအား၎င်း၊ ဒိသာပါမောက္ခကြီးအား၎င်း၊ မိတ္ထီလာပြည်သို့ပင့်ကာ သူကောင်းပြု၍ တရိုတသေ ကိုးကွယ်ထားလေသည်။
မဟာဇနကမင်းနှင့် သီဝလိဒေ၀ီမိဖုရားတို့သည် သားတော်တပါးရသောအခါ ၀မ်းမြောက်ဝမ်းသာရှိကြ၍ မြပုခက်တင်ကာ ဒီဃာဝုမင်းသား-ဟု ခေါ်တွင်စေသည်။
ဒီဃာဝုမင်းသားလေး အတတ်ပညာစုံ၍ အသက် ၁၆-နှစ် ပြည့်သောအခါ သူ့ကိုအိမ်ရှေ့မင်းအရာ အပ်နှင်းလေတော့သည်။

တနေ့ မဟာဇနကမင်းကြီးသည် သားတော်ကိုခေါ်ကာ ဥယျာဉ်နန်းသို့ စံမြန်းရန်သွားစဉ် အ၀င်ဝ၌ အသီးများ ပြွတ်သိပ်စွာ သီးနေသော သရက်ပင်ကိုတွေ့ရာ မင်းကြီးနှင့် အိမ်ရှေ့မင်းသားပါ ဆွတ်ခူးစားသောက်ပြီးဖြစ်သဖြင့် နောက်မှပါလာသော ခြွေရံသင်းပင်းများကလည်း ခူးခွင့်ရပြီဖြစ်ရာ သူ့ထက်ငါ ပျော်ရွှင်စွာ ဆွတ်ယူစားသောက်ကြကုန်၏။

သစ်ခက်တဲနန်းတွင် တနေကုန်စံမြန်းပြီးမှ ညနေဘက်၌ ပြန်လာရာ ဥယျာဉ်ဝရှိ ပြွတ်သိပ်စွာသီးနေသော သရက်ပင်မှာ အခက်အလက်များ ကျိုးပဲ့ပျက်စီးနေသည်ကိုတွေ့၍ အကျိုးအကြောင်းကိုမေးလေရာ အသီးရှိသည့်အတွက် ထိုကဲ့သို့ဖြစ်ရကြောင်း ဘေးနားက အပင်ကား အသီးမရှိသည့်အတွက် ထိုကဲ့သို့ မဖြစ်ရကြောင်း လျှောက်တင်ကြလေသည်။

ထိုအချိန်မှစ၍ မင်းကြီးသည် ငါတို့၏ မင်းစည်းစိမ်ကား အသီးပြွတ်စွာသီးနေသော သရက်ပင်နှင့် တူလေစွတကား၊ ရန်သူများနှင့် နေ့စဉ်ဆက်ဆံနေရသော ဘ၀မျိုး ဖြစ်တော့သည်တကား။ ရန်သူနှင့်ကင်းသော အဖြစ်ကား ရသေ့ရဟန်းဘ၀ပင်တည်း။ အသီးလုံးဝမသီးသော သရက်ပင်နှင့်တူ၏။
ငါလည်း သက်တော်ကြီးလေပြီ၊ ထို့ကြောင့် အသက်အရွယ် နုပျိုသေးသော သားတော်ကို ရွှေနန်းစည်းစိမ် အပ်နှင်းကာ ရသေ့ဝတ်လဲ၍ တောထွက်အံ့ဟု မိန့်တော်မူကာ မကြာမီ တောထွက်သွားလေတော့သတည်း။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP