ကမ္ဘာကိုစွန့်ခွာဖို့စီစဉ်ကြမလား
ကမ္ဘာ့အနာဂတ်နှင့် ပတ်သက်ပြီး သာမန်လူတစ်ယောက်က အမြင်တစ်ခုခု ပြောလာလျှင် သိပ်ပြီးတုန်လှုပ်မိမည် မဟုတ်။ သို့သော် ကမ္ဘာ့အကျော်ကြားဆုံး ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Big Think ပေါ်မှာ ကမ္ဘာကိုစွန့်ခွာမှုအစီအစဉ်တွေ စတင်ဖို့ (ထပ်မံ) ပြောဆိုခဲ့တယ်။
"ကျွန်ုပ်ရဲ့ ယုံကြည်မှုကတော့ လူသားမျိုးနွယ်ရဲ့ ရှည်ကြာတဲ့အနာဂတ်ဟာ အာကာသထဲမှာပဲ ဖြစ်ရမယ်။ ကမ္ဘာမြေပေါ်မှာ နောက်ထပ် နှစ်ရာစုနှစ် များစွာအတွင်း ၊ ထားပါတော့ နောက်ထပ် နှစ်ထောင်ပေါင်း သန်းပေါင်းများစွာအတွင်း ဖြစ်ပေါ်မယ့် ကပ်ရောဂါတွေကို ရှောင်ရှားဖို့ ခက်လိမ့်မယ်။ လူသားမျိုးနွယ်ဟာ သူ့ရဲ့ သားဥတွေ အားလုံးကို ခြင်းတစ်ခြင်းထဲ ဒါမှမဟုတ် ဂြိုဟ်တစ်ခုထဲ စုပြုံပြီး မထည့်သင့်ဘူး။ ကျွန်ုပ်တို့ ၀န်တာတွေကို ဖြန့်ကျက်ပြီးတဲ့အထိ ဆွဲခြင်းကြီး လွတ်မကျပါစေနဲ့လို့ မျှော်လင့်မိတာပါပဲ။
လူသားမျိုးနွယ်စုအတွက် အန္တရာယ်ကြီးကြီးမားမားတွေကို ကျွန်ုပ်မြင်မိတယ်။ အတိတ်တုန်းကလည်း ဒီမျိုးနွယ်စုရဲ့ ဆက်လက် ရှင်သန်ရပ်တည်ရေးကို အမေးပုစ္ဆာထုတ်ရမလိုဖြစ်ခဲ့တဲ့ အချက်တွေအတော်များများ ရှိခဲ့တယ်။
လူသားမျိုးနွယ်စုအတွက် အန္တရာယ်ကြီးကြီးမားမားတွေကို ကျွန်ုပ်မြင်မိတယ်။ အတိတ်တုန်းကလည်း ဒီမျိုးနွယ်စုရဲ့ ဆက်လက် ရှင်သန်ရပ်တည်ရေးကို အမေးပုစ္ဆာထုတ်ရမလိုဖြစ်ခဲ့တဲ့ အချက်တွေအတော်များများ ရှိခဲ့တယ်။
၁၉၆၃ မှာ ဖြစ်ခဲ့တဲ့ ကျူးဘားအရေးအခင်း (Cuban missile crisis) ဟာ ခုနခြိမ်းခြောက်မှုတွေထဲက တစ်ခုပဲ ဖြစ်တယ်။ ဒီလိုအရေးအခင်းမျိုး ဖြစ်နိုင်မယ့် အကြိမ်အရေအတွက်ဟာ အနာဂတ်မှာ ပိုမိုများပြားလာမယ့် သဘောရှိတယ်။ အဲဒီလိုအရေးအခင်းတွေ အားလုံးကို သတိကြီးကြီးမားမားထားပြီး စဉ်းစားဆင်ခြင်ပြီး အားလုံးကို အောင်မြင်အောင် ဆွေးနွေးညှိနှိုင်းနိုင်ဖို့ လိုပါလိမ့်မယ်။ ဒါပေမယ့် ကျွန်ုပ်ဟာ အကောင်းမြင်သမား ဖြစ်ပါတယ်။ တကယ်လို့ ကျွန်ုပ်တို့ဟာ နောက်ထပ် ရာစုနှစ် ၂ ခုအတွင်းဖြစ်ပေါ်မယ့် ကပ်ဘေးကြီးတွေကို ရှောင်ရှားနိုင်ရင် ကျွန်ုပ်တို့ရဲ့ မျိုးနွယ်စုတွေဟာ လုံခြုံဘေးကင်းရာကို ရောက်ပါလိမ့်မယ်။ အကြောင်းက ကျွန်ုပ်တို့က အာကာသကို ရွှေ့ပြောင်းသွားပြီ ဖြစ်လို့ပါပဲ။
ကျွန်ုပ်တို့က ဂလက်ဆီမှာ အသိဥာဏ်ရှိတဲ့ တစ်မျိုးတည်းသော သတ္တ၀ါများ ဖြစ်တဲ့အတွက် ကျွန်ုပ်တို့ဆက်လက် အသက်ရှင် ရပ်တည်နိုင်ရေးအတွက် သေချာအောင် လုပ်သင့်တယ်။ ဒါပေမယ့် ကျွန်ုပ်တို့ဟာ သမိုင်းတလျှောက် အန္တရာယ်အရှိဆုံး ကာလကို ချဉ်နင်းဝင်ရောက်လာတာ ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ လူဦးရေနဲ့ ကမ္ဘာရဲ့ ကုန်ခန်းနိုင်တဲ့ ရင်းမြစ်တွေအပေါ် အသုံးချမှုဟာ ပတ်ဝန်ကျင်ကို ကောင်းအောင်ဆိုးအောင် ပြောင်းလဲနိုင်တဲ့ နည်းပညာစွမ်းရည်နဲ့အတူ ဆပွားဆပွား ကြီးထွားလာတယ်။
သို့ပေမယ့် ကျွန်ုပ်တို့ရဲ့ မျိုးဗီဇ ကုဒ် (Genetic code)ထဲမှာတော့ တကိုယ်ကောင်းဆန်မှုနဲ့ ရန်လိုမှု ကို သယ်ဆောင်ထားနေတုန်းပဲ ဖြစ်တယ်။ မှန်ပါတယ် အတိတ်တုန်းကတော့ တကိုယ်ကောင်းဆန်မှုနဲ့ ရန်လိုမှုက အသက်ရှင်ရေးအတွက် လိုအပ်ချက် ဖြစ်ခဲ့တယ်။ နောင်နှစ်ပေါင်း ရာဂဏန်းအတွင်း၊ ထောင်ဂဏန်း၊ သန်းဂဏန်းအတွင်းမတော့ ကြုံတွေ့ရမယ့် ကပ်ဘေးတွေကို ရှောင်ဖို့ခက်လိမ့်မယ်။ ကျွန်ုပ်တို့ရဲ့ ရှင်သန်ဖို့အခွင့်အရေးဟာ ကမ္ဘာမြေရဲ့အတွင်းပိုင်းကို ပြန်ကြည့်ဖို့ မဟုတ်တော့ဘူး။ အာကာသကို ဖြန့်ကျက်ဖို့ပဲ ဖြစ်တယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာအတွင်းမှာ ကျွန်ုပ်တို့ သိသာအောင် တိုးတက်တာတွေ လုပ်နိုင်ခဲ့တယ်။ ကျွန်ုပ်တို့က နောက်လာမယ့် ရာစုနှစ်တွေကို ကျော်လွန်ပြီး အသက်ရှင်လိုရင် အနာဂတ်ဟာ အာကာသပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်က လူသားလုပ် (လူပုဂ္ဂိုလ်တစ်ဦးဦးလုပ် လို့ ပြောသင့်တာပေါ့) အာကာသယဉ်ကို ပိုမိုသဘောကျတာ ဖြစ်ပါတယ်။"
စတီဖင်ဟော့ကင်းကြီးက ခေါင်းလေးတစ်လုံးပဲ လှုပ်လို့ရတော့တဲ့ ALS (Amyotrophic Lateral Sclerosis) ကို ခံစားနေရတာ ကြာပြီ။ ၁၉၈၅ လည်ချောင်းခွဲစိတ်မှုအပြီး အသံပါမထွက်တော့တဲ့အတွက် လောလောဆယ် မျက်ခုံးတွေ ခေါင်းတွေ လှုပ်ပြီး ကွန်ပြူတာပေါ်က စကားလုံးမီနူးပေါ်မှာ စာလုံးရွေးချယ်တဲ့ နည်းနဲ့ စာရေးရတယ်။ အဲဒီ ရေးထားတဲ့စာကို စကားသံထုတ်စက် (speech synthesizer)နဲ့ ပြန်ထုတ်နေရတာ ဖြစ်ပါတယ်။
ပထမဆုံး ကျွန်တော်တို့ရဲ့ သားမြေးတွေအတွက် သူ့ရဲ့ စေတနာကို အသိအမှတ်ပြုမိပါတယ်။ တကယ်တော့ ကျွန်တော်တို့ လူငယ် လူလတ်ပိုင်းတွေဟာ ဘာတစ်ခုမှ လုပ်ကိုင်နိုင်စွမ်းမရှိခင်ကတည်းက ကျွန်တော်တို့ အဘိုးအဘွားတွေ စိုက်ပျိုးခဲ့တဲ့ မြေပေါ်မှာ ခံစားသုံးဆောင်နေရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်နှိုက်ရဲ့ မျိုးဆက်သစ်များအပေါ် ထားရှိတဲ့ စေတနာဟာ အနာဂတ်အတွက် တော်တော် အရေးပါပါတယ်။
ဟော့ကင်းက သူဟာ အကောင်းမြင်သူ ဖြစ်ပါတယ်လို့ ဆိုပေမယ့် သူ့ရဲ့အမြင်က ကမ္ဘာ့ကပ်ဘေးများနဲ့ ပတ်သက်ပြီး ကောင်းလှတယ်မဟုတ်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့ကပ်ဘေးများနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ဟာ သချာင်္တတ်တဲ့ လူတွေအတွက် လုံးဝ ကြောင်းကျိုးဆီလျော် (perfectly rational) ပါတယ်။ ဥပမာအားဖြင့် ၁၉၆၃ က ကျူးဘားအရေးအခင်းနဲ့ စစ်အေးကာလတလျှောက်လုံး မှာ အမေရိကန်ရဲ့ နျူကလီးယား လက်နက်ပြင်ဆင်မှု ဆိုဗီယက်ယူနီယံ ရဲ့နျူလက်နက်ပြင်ဆင်မှုတွေကို အရိပ်အမြွက်လောက် သိခဲ့ရင် ဒီစိုးရိမ်မှုတွေဟာ လက်တွေ့အဆန်ဆုံး ဖြစ်တာကို လက်ခံပါလိမ့်မယ်။
သမ္မတ အိုဘားမားကို ငြိမ်းချမ်းရေး နိုဗယ်လ်ဆု ပေးခဲ့တာကို တော်တော် အံ့သြမိခဲ့တယ်။ တခါတရံ သရော်မော်ကား ပြုမိခဲ့တာ ၀န်ခံလိုတယ်။ ဒါပေမယ့် ခု အဲဒီကိစ္စကို ပြန်စဉ်းစားနေမိပြီ ဖြစ်ပါတယ်။ ဘာလင်တံတိုင်းပြိုကျအပြီး ၁၉၉၀ နောက်ပိုင်း မှာ ကျွန်တော်တို့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နည်းပညာအပေါ် အကောင်းမြင်လာကြပြီး ဂလိုဘယ်ပြုမှု( Globalization)ကို စိတ်ကူးယဉ်ခဲ့ကြတယ်။ ဒါပေမယ့် ဂလိုဘယ်ပြုမှုအပေါ် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ အရေးအခင်းက ဟန့်တားပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံက အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးကြီးတွေနဲ့ တုံ့ပြန်ခဲ့တယ်။ ဒါဟာ အစဉ်အလာအတိုင်း ရှိခဲ့တဲ့ တကိုယ်ကောင်းစိတ်နဲ့ ရန်လိုမှု အရ ကိုယ်အသက်ရှင်သန်ရေးအတွက် ရန်သူကို လက်တုံ့ပြန်ရတာပါပဲ။
အခုအထိ လူသားတွေရဲ့ ရင့်ကျက်မှုဟာ ငြင်သာနူးညံ့တဲ့ ကမ္ဘာသစ်ဆီ ချီတက်သွားနိုင်မယ့် အထောက်အထားကို မပြနိုင်သေးပါဘူး။ တကိုယ်ကောင်းဆန်မှု နဲ့ ရန်လိုမှုကြောင့် လူသားမျိုးတုန်းသွားနိုင်မယ့် အလားအလာရှိတာကို တုံ့ပြန် ငြင်းဆန်စရာ အချက်အလက် များများစားစားပြစရာမရှိဘူး။ တဘက်ကလည်း ကမ္ဘာ့ကျန်းမာရေးဟာ ကျွန်တော်တို့ တစ်ယောက်လည်ပင်း တစ်ယောက်မညှစ်ခင်ကတည်းက ချို့တဲ့လို့လာပါတယ်။ ကမ္ဘာကြီးရဲ့ ချို့ယွင်းလာမှုကို ရောဂါနာမည် ကောင်းကောင်း မတပ်နိုင်သေးပြန်ပါ။
အဒမ်စမစ်ရဲ့ သြချရတဲ့ အဆိုအမိန့်ကို ဆရာသင့်လူရေးပြလို့ သိရပါတယ်။ အဲဒီ ကြောင်ကိုချူဆွဲကြသူများ (၁) လို့ အမည်ပေးတဲ့ အက်ဆေးကလေးကို သူ့ဆီသွားပြီး ဖတ်ကြည့်သင့်တယ်။ click here
"သားသတ်သမား၊ မုန့်ဖုတ်သမား၊ အဖျော်ယမကာ ရောင်းသူတွေရဲ့ မေတ္တာတော် အနန္တကြောင့် ကျုပ်တို့ညစာ စားနေရတာမဟုတ်ပါ။ ဒါသူတို့ အလုပ်၊ သူတို့ လုပ်နေကြတာပဲ။ လူသားဆန်မှု၊ စေတနာသဒ္ဒါ တရားရှိမှု စတာတွေ ဘေးချိတ်ထားလိုက်စမ်းပါ။ လူတိုင်းဟာ ကိုယ့်အကြိုက်အတွက်၊ ကိုယ့်အတ္တ အတွက်၊ ကိုယ်အကျိုး ရှိဖို့အတွက် လုပ်နေကြတာမို့ ကျုပ်တို့ လိုအင်ကို ဘယ်သူကမှကိုယ်ကျိုးစွန့်ပြီး ဖြည့်ဆီးပေးနိုင်စွမ်းမရှိ”
အဲဒီအဆိုဟာ အိုဘယ့်ဈေးကွက်တစ်ခုတည်းရဲ့ ဒဿနတော့ မဟုတ်ဘူးလို့ ထင်မိပါတယ်။။လူသားတွေက ခေါင်းမာပါတယ်။ သူတို့ကို အလိုရမ္မက်အတွက် လူ့သိက္ခာတွေ မေတ္တာတရားတွေ ဆုံးရှုံးမခံဖို့ ပြောရတာ မလွယ်ပါဘူး။ ယနေ့ခေတ်က ဘာသာတရားတွေအားလုံးကို နည်းပညာနဲ့ စိမ်ခေါ်နေတဲ့ ကာလဖြစ်ပါတယ်။ ဒါပေမယ့် ချမ်းသာမှုတွေ နည်းပညာတွေရဲ့နောက်မှာ လျော်ကန် ခိုင်မာတဲ့ ဒဿနမပါလာပါဘူး။ အနည်းဆုံး ဘာသာတရားတိုင်းက ပြောနေတဲ့ ဗြဟ္မစိုရ်တရားတွေကို ဘယ်လိုနည်းနဲ့ အစားထိုးကြမှာလဲလို့ မေးစရာရှိပါတယ်။ ဒါပေမယ့် တဘက်ကကြည့်ရင် သူတစ်ပါးကို ပြောင်းလဲဖို့ ကြောင်းကျိုးပြသ ဆုံးမနေပြီး မိမိတို့ကိုယ်နှိုက်ကို မပြုပြင်နိုင်ခြင်းက ပြောဆိုသူတွေရဲ့ ရည်ရွယ်ချက်ကို သဲထဲရေသွန်ဖြစ်စေပါတယ်။
ဒါကြောင့် ကျွန်တော်က မိမိတို့ တစ်ဦးချင်းစီရဲ့ ခံယူချက်တွေနဲ့ မိမိနဲ့နီးစပ်တဲ့ မျိုးဆက်သစ်တွေကို ဘယ်လို အမှာစကားပါးကြမလဲ၊ ဘယ်လိုပျိုးထောင်ကြမလဲ ဘယ်လိုမြော်မြင်ပေးကြမလဲ၊ အနာဂတ်မှာ ပေါ်လာမယ့် မမြင်ရသေးတဲ့ သားမြေးတွေကို ဘယ်လောက် မေတ္တာထားနိုင်မလဲ ဆိုတဲ့မေးခွန်းတွေကို ဦးစားပေးဖြေဆိုဖို့ ရွေးချယ်ထားပါတယ်။
ကျွန်တော်တို့ဟာ ဘိုးဘွားတွေ စိုက်ပျိုးခဲ့တဲ့ မြေပေါ်မှာ ဂုဏ်ယူစွာရပ်နေကြတာ ဖြစ်ပါတယ်။
Labels: ကမ္ဘာကိုစွန့်ခွာဖို့စီစဉ်ကြမလား, ဆောင်းပါး

0 comments:
Post a Comment