မော်ကွန်းဝင် ဇာတ်လမ်း
ပို့စ် အသစ်တွေ မတင်နိုင်တာနဲ့ ပတ်သက်ပြီးတော့ ထူးထူးထွေထွေ ပလ္လင်ခံ ရှင်းပြမနေတော့ပါဘူး။ အကြောင်းကြောင်းသော အကြောင်းတွေကြောင့်ပဲပေါ့။ မြန်မာပြည်ပြန်ရောက်တဲ့နေ့က စပြီး ဒီကနေ့ထိ အေးအေးဆေးဆေးနားရတယ် မရှိသေးပါဘူး။ ဒီလို ပြောလိုက်လို့လည်း သိပ်ကြီးကျယ်လွန်းလိုက်တာလို့ ထင်နေမလား။ တကယ်ပါ။ ကိစ္စ ကြီးငယ်ရှိတိုင်း ဟိုပြေးလိုက်၊ ဒီပြေးလိုက်နဲ့ အချိန်တွေကလည်း အတော်ကို ကုန်နိုင်လွန်းလှပါတယ်။
ကိုယ့်ဟာကိုတော့ ငါဘာမှမဟုတ်သေးဘူးလို့ ထင်ချင်နေသေးပေမယ့် အများအမြင်ကတော့ ကိုယ့်ကို အားကိုးလို့ ရနိုင်တယ် ဆိုပြီး တချို့နေရာတွေမှာ ဦးဆောင်သူ အဖြစ်နဲ့ နေရာတွေ ပေးနေပြန်တော့ မိမိအတွက် မလွယ်လှပေဘူး။ သူတို့အားကိုးသမှု ပြုလာသမျှတိုင်းလည်း အောင်အောင်မြင်မြင်ဆောင်ရွက် ပေးနိုင်ဖို့ လှုပ်ရှားရတာတော့ မလွယ်ရေးချပဲ။
လူရယ်လို့ဖြစ်လာရင် မိမိနဲ့တပါးတည်း ပါလာတဲ့ ကဏ္ဍ၊ အကန့်လေးတွေကို သူ့အချိန်၊ အခါနဲ့သူ ကောင်းကောင်း အသုံးချနိုင်ဖို့ အလွန့်အလွန် အရေးကြီးလှကြောင်း အခုမှ ပြတ်ပြတ်သားသား မြင်မိလာတယ်။ လူငယ်က လူငယ်အချိန်မှာ လုပ်ရမယ့် အကန့်လေးတွေ၊ လူလတ်က လူလတ်တစ်ယောက်လုပ်ရမယ့် ကဏ္ဍလေးတွေ၊ ဒီလိုပါပဲ လူကြီးတစ်ယောက်အနေနဲ့ မဖြစ်မနေ လုပ်ရမယ့် အကန့်လေးတွေ လုပ်ခွင့်ရှိတဲ့ အခိုက်အတန့်လေးမှာ အမိအရ လုပ်ခဲ့နိုင်ဖို့ လုပ်လိုက်နိုင်ဖို့ပါပဲ။ လူလတ်ပိုင်းအရွယ် ရောက်မှ လူငယ်တစ်ယောက်တုန်းက အခွင့်ရေးလေးတွေ ပြန်လုပ်ချင်၊ ပြန်လိုချင်နေလို့ကတော့ အချိန်ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ တမ်းတနေရုံ၊ လွမ်းနေရုံမှတပါး အခြား၊ အခြားရှိမှာ မဟုတ်တော့။
လောကဇာတ်ခုံပေါ်မှာ အမျိုးမျိုး အဖုံဖုံသော ကကွက်တွေနဲ့ အစုံလှုပ်ရှားနေရတာဟာ လူတို့ရဲ့ ဓမ္မတာတစ်ခုပါပဲ။ “မိမိကိုယ်ကိုယ်တိုင်သာ မိမိအားကိုးရာလို့” မိမိတို့သိထားကြတဲ့အတိုင်း နေ့စဉ် ကိုယ်ကိုယ်တိုင်ပဲ ဇာတ်လမ်းထွင်၊ ကိုယ်ကိုယ်တိုင်ပဲညွှန်ကြား၊ ကိုယ်ကိုယ်တိုင်ပဲ ကပြ၊ သရုပ်ဆောင်ပြနေရတဲ့ သူတွေချည်းပါပဲ။ “မနော ပုဗ္ဗင်္ဂမာ ဓမ္မာ- မိမိတို့တတွေရဲ့ လုပ်ဆောင်မှုအားလုံးကို စိတ်ကပဲ ဦးဆောင်ရှေးသွားပြုတယ်ဆိုတဲ့အတိုင်းလည်း မနောကံနှလုံးသား စေခိုင်းသမျှ ၀စီကံ(အပြောအဆို)၊ ကာယကံ(လက်တွေ့ပြုလုပ်မှု)အမှုတွေက သရုပ်ဆောင်နေကြရတာ မဟုတ်ပါလား။
ကိုယ်ဖန်တီး၊ တီထွင်၊ ကပြ၊ သရုပ်ဆောင်နေတဲ့ ဇာတ်လမ်းတစ်ခုဟာ မိမိရဲ့ပတ်ဝန်းကျင်၊ မိမိရဲ့တိုင်းပြည်၊ မိမိရဲ့ သာသနာ၊ နောက်ဆုံး လောကကြီးတစ်ခုလုံးနဲ့ သဟဇာတဖြစ်ဖို့၊ အကျိုးရှိဖို့ လိုပါတယ်။ သူတော်ကောင်းတွေရဲ့ အလုပ်မဟုတ်တဲ့ "မိမိအတွက်တော့ အိုကေစေ၊ တပါးသူအတွက်တော့ ဖြစ်ချင်ရာဖြစ်ပလေ့စေ၊ ငါ့အတွက်ကြီးကျယ်ခမ်းနားဖို့က အဓိကပဲ" ဆိုတဲ့ အတွေးမျိုးနဲ့သာ လောကဇာတ်ခုံပေါ်မှာ မကောင်းသော ဇာတ်လမ်းမျိုးစုံ ဖန်တီးနေမယ်၊ ကပြနေမယ် ဆိုရင်တော့ မိမိကို အားလုံးက ရှုံ့ ချ၊ မုန်းတီး၊ နှလုံးနာနေကြမှာ သေချာပါပဲ။
ဘာပဲဖြစ်ဖြစ် မိမိကိုယ်တိုင် ဖန်းတီးခွင့်ရနေခိုက်၊ သရုပ်ဆောင်ပြခွင့်ရနေခိုက်လေးမှာ ဇာတ်လမ်းဆိုး၊ သရုပ်ဆောင်ဆိုးတွေ တပွေ့တပိုက်နဲ့ တပါးသူတွေရဲ့ နှလုံးနာ၊ ရှုံ့ ချ၊ မုန်းတီးနေတဲ့သူ မဖြစ်အောင်၊ နောက်ဆုံး မိမိသေသွားရင်တောင်မှ လောကရဲ့ သူတော်ကောင်း စာမျက်နှာ တစ်နေရာစာလေးမှာ မိမိစွမ်းနိုင်သမျှ၊ ထုဆစ်ထားတဲ့ ဇာတ်လမ်း၊ သရုပ်ဆောင်ချက်တွေနဲ့ အမတမော်ကွန်း(အမြဲကျန်ရစ်နေမယ့် မော်ကွန်း) တစ်ခုတော့ ရေးထိုးနိုင်ခဲ့ဖို့ပါလေ။
မော်ကွန်းသစ်
၁၉.၈.၂၀၁၀

0 comments:
Post a Comment