* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 20, 2010

*အစွဲအလန်း*

Written by တောသားလေး 1 အကြံပြုပါသည်။ Posted in:


အစွဲအလန်းနဲ့ပတ်သက်ပြီး သင်ခန်းစာယူစရာကောင်းတဲ့ပုံပြင်လေးတစ်ပုဒ်ပါ။ စာရေးဆရာမောင်ဗိုလ်မွေး ရေးသားသည့် အနုပညာစာပေဆုရ မြန်မာပုံတိုပတ်စများစာအုပ်မှ “ငါ့ဘုရားမှ ငါ့ဘုရား” ဆိုတဲ့ပုံပြင်လေး ဖြစ်ပါတယ်။ပုံပြင်လေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ရွာတစ်ရွာ၌ရတနာသုံးပါးကိုအလွန်ကြည်ညိုသောအဖိုးအိုတစ်ယောက်ရှိ၏။အဖိုးအိုသည်နေ့စဉ်နံနက်တိုင်း ဘုရားကိုဆွမ်းမှန်မှန်ကပ် ပန်းရေချမ်းပူဇော်ပြီး ၀တ်တတ်လေ့ရှိ၏။အိမ်ရှိဇနီးသားသမီးများကိုလည်း အမြဲပင် ၀တ်တတ်ခိုင်း၏။တစ်နေ့၌ အဖိုးအိုနေသော ရွာကလေးတွင်ဆွမ်းတော်ကြီးတင်ပွဲ ကျင်းပရာ ၇ွာအတွင်းရှိ အိမ်တိုင်းမှဘုရားများကို ဓမ္မရုံသို့ပင့်၍ ဆွမ်းကပ်ကြလေသည်။ဘုရားအလွန်ကြည်ညိုသော အဘိုးအိုလည်း အိမ်မှဘုရားကို ကိုယ်တိုင်ပင့်၍ ဓမ္မရုံသို့ပို့လေ၏။
ဆွမ်းတော်ကြီးတင်ပွဲ ပြုလုပ်သောနေ့တွင် ရွာသူရွာသားများအားလုံးသည် လှူဖွယ်ဝတ္ထုပစ္စည်း အစုံအလင် ဖြင့်ဘုရားကန်တော့ရန် ဓမ္မရုံသို့လာရောက်ကြလေ၏။ ထိုအချိန်တွင် အဘိုးအိုလည်း အိမ်သားများနှင့်အတူ လှူဒါန်းစရာ ချိုချဉ်၊သစ်သီး၊ဆွမ်းခဲဖွယ်၊ပန်း၊ရေချမ်း၊ဆီမီး၊ဖယောင်းတိုင်များဖြင့် ဓမ္မရုံသို့ရောက်ရှိလာ၏။
အဘိုးအိုသည် အခြားလူများကဲ့သို့ ဘုရားဆင်းတုတော်များအား လက်အုပ်ချီ ကန်တော့ပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများကို မကပ်သေးဘဲ ဘုရားစင်ထဲသို့ဝင်ပြီး ဘုရားအဆူဆူ အားလုံးကို ဟိုရှာဒီရှာနှင့်လိုက်ရှာနေ တော့၏။ဓမ္မရုံ၌ရောက်ရှိနေသော ရွာသူရွာသားများလည်း အဘိုးအို ဘာများရှာနေပါလိမ့်ဟူ၍ ၀ိုင်းကြည့်နေ ကြလေ၏။
နောက်ဆုံး၌ အဘိုးအိုသည် အားရ၀မ်းသာစွာ ပြုံးလိုက်ပြီး “အမယ်လေး၊ခုမှပဲတွေ့တော့တယ်ဘုရား။ဆွမ်း လဲဘုဉ်းပေးပါဘုရား။ ပန်း၊ရေချမ်းများလဲ အလှူခံပါဘုရား” ဆိုပြီးလျှောက်တင်လေ၏။
ထိုအခါ ဘေးမှလူများက “အပြင်ကနေ ကပ်ပြီးတာဘဲ၊ ဘာဖြစ်လို့ ဒီဘုရားစင်ထဲ ၀င်ကပ်ရသလဲ အဘရဲ့” ဟူ၍အဘိုးအိုအားမေး၏။
အဘိုးအိုက “ဒါကတော့ ငါ့ဘုရားမှ ငါ့ဘုရားအစစ်ကိုကွ။ ငါ့ဘုရား ငါရှာပြီး ဆွမ်းမကပ်ဘဲ ငေးနေမိယင် ဆွမ်းငတ်နေမှာပေါ့ကွ” ဟုပြောလိုက်လေ၏။
ဤပုံပြင်လေးကတော်တော်လေးကောင်းပါတယ်။သာမန်ကြည့်ရင်တော့ရယ်စရာလေးပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့အတွက် သင်ခန်းစာလေးပေးပါတယ်။ ဘယ်လိုသင်ခန်းစာလဲဆိုတော့ ငါ့ဥစ္စာပစ္စည်းဆိုတဲ့စွဲ နေတဲ့ငါစွဲအတ္တကို ဖြုတ်ရန်ပဲဖြစ်ပါတယ်။ပုထုဇဉ်တွေရဲ့သဘောသဘာဝအရ စွဲလန်းကြတာဓမ္မတာပါဘဲ။ အဲဒီလိုဘဲဆရာတော်တွေကို ကိုးကွယ်ရာတွင်လည်း အစွဲနဲ့ကိုးကွယ်ကြတာကိုတွေ့ရပါတယ်။ ကျွန်တော်နေ ထိုင်ခဲ့တဲ့ကျေးလက်တောရွာ ပတ်ဝန်းကျင်မှာလည်း သံဃာဂိုဏ်းတွေအများအပြားရှိတော့ ငါ့ ဘုန်းကြီးမှ ဘုန်းကြီး ငါ့ ကျောင်းဆိုပြီး စွဲလန်းပြီးအပြိုင်အဆိုင် တစ်ယောက်နဲ့တစ်ယောက် ကိုးကွယ်ဆည်းကပ်ကြတာ တွေ့ရပါတယ်။အလှူအတန်းကိုအပြိုင်အဆိုင်လုပ်တာတော့ ကောင်းပါတယ်။ ကောင်းသောပြိုင်ခြင်းပါ။
ဒါပေမယ့် ငါ့ ဘုန်းကြီးဆိုတဲ့အစွဲကိုတော့ပယ်သင့်ပါတယ်။အားလုံးသောသံဃာတော်တွေဟာ မြတ်စွာဘုရား ရှင်၏သားတော်များဖြစ်တဲ့အတွက် သံဃာကိုရည်းမှန်းပြီး ကိုးကွယ်ဆည်းကပ်သင့်ပါတယ်။
တကယ်တော့ သံဃာဆိုတာ ကောင်းကင်ကြီးနှင့်တူပါတယ်၊ ကောင်းကင်ကြီးကို လက်နှင့် ရမ်းကြည့်လိုက် ပါကဘယ်အရာကိုမှ မထိခိုက်မိဘဲ လွတ်လပ်စာ ဝေ့ရမ်းနိုင်တယ်။ အလားတူပဲ သံဃာကို သံဃာလို့မမြင် နိုင်ပါကအညှိအစွန်းတွေဖြစ်လာနိုင်တယ်၊ ဒါ ငါ့ကိုယ်တော်ပဲဆိုပြီး တွေးပြန်လျင်လည်း ကာမရာဂ သံယော ဇဉ်ဆိုတဲ့ အညှိအစွန်း၊ သူကတော့ သူများကိုယ်တော် သူများ ရဟန်းလို့ သို့မဟုတ် မကြည်ညိုနိုင်သော ရဟန်းလို့ တွေးမိပြန်ရင်လည်း ဒေါသ ပဋိဃ သံယောဇဉ်ဆိုတဲ့ အညှိအစွန်းဖြစ်နိုင်တယ်။ နောက်ဆုံး ငါအစွဲ စွဲကြောင့်ဘဲ သံဃာဘေဒက သံဃာအသင်းခွဲတဲ့ ကံကြီးအထိ ရောက်သွားနိုင်တယ်။ဆန့်ကျင်ဘက်အနေနဲ့ အကယ်၍ သံဃာလို့ တွေးနိုင်ရင် အပ္ပမေယျ အပ္ပမာဏ- အတိုင်းအတာမရှိ အကန့်အသက်မရှိတဲ့ အကျိုးကို ရစေနိုင်တယ်။
ဒါကြောင့် ကျွန်တော်တို့တွေအားလုံး အလှူအတန်းပြုလုပ်ရာတွင် အစွဲအလန်းမထားဘဲ သံဃာကိုရည်မှန်း ပြီးလှူဒါန်းသင့်ပါတယ်။ထို့အပြင်ပစ္စည်းဥစ္စာကိုလည်းအရမ်းစွဲလန်းရင်မကောင်းပါဘူး။သေရင်အဲဒီအပေါ်မှာ စွဲလန်းတဲ့စိတ်နဲ့ တ၀ဲလည်လည်ဖြစ်နေတတ်ပါတယ်။ မြတ်စွာဘုရားရှင်လက်ထက်တော်က ရဟန်းတော် တစ်ပါးသင်္ကန်းကို စွဲလန်းပြီးသေလွန်သောအခါ အဲဒီသင်္ကန်းမှာပြန်ပြီး တော့“သန်း”ဖြစ်ရတဲ့သာဓကလေး လည်းရှိပါတယ်။ထို့ကြောင့်ဘယ်အရာမဆို အစွဲအလန်းအရမ်းထားလွန်းရင် မကောင်းပါဘူး။ အဲဒီစွဲလန်းတဲ့ စိတ်ကြောင့်ဘဲ ကိုယ့်ကိုပြန်ပြီးတော့ ဒုက္ခပေးတတ်ပါတယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်တတ်ပါတယ်။ ထို့ကြောင့်ကျွန်တော်တို့တွေအားလုံး အစွဲအလန်းအတ္တစိတ်တွေကို တတ်နိုင်သလောက်ကနေလုံးဝပပျောက် အောင်ကြိုးစားကြပါဆိုလို့ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးသောဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP