ဥခွံထဲက ငှက်ငယ်
Tuesday, 24 August 2010 16:31 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail
အရှင်ဉာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)
အသက်အရွယ်လည်း ကြီးရင့်၊ အမျိုးနွယ်လည်းမြတ်၊ အသိုင်းအဝိုင်းကြားမှာလည်း ထင်ပေါ်ကျော် ကြားတဲ့ ပုဏ္ဏားကြီး တစ်ယောက် မြတ်ဗုဒ္ဓအထံ ရောက်ရှိလာခဲ့တယ်။ သူ့အမည်က ဝေရဉ္ဇတဲ့။
ဂေါတမဟာ အရွယ်သာငယ်ပေမယ့် မာန်မာနကြီးသူ။ ကိုယ့်ထက် အသက်သိက္ခာကြီးရင့်သူတွေကို လည်း အရိုအသေ ပေးရကောင်းမှန်းမသိ။ တော်တော်ရိုင်းသူလို့ သူကကြားထားခဲ့တာ။ အဲဒီကြားမှုက ခုကိုယ်တိုင်ဆုံလိုက်ရတော့ ကြားထား တာတွေက မှန်ပေသား။
ငါ့လို သက်ကြီးရွယ်အို ပုဏ္ဏားတစ် ယောက်ကိုတောင် အရိုအသေမပေးခဲ့ဘူး။ ဂေါတမကိုတော့ ပြစ်တင်စောဒနာမှ တော်တော့မယ်ဆိုတဲ့ အတွေးနဲ့ ဝေရဉ္ဇက မြတ်ဗုဒ္ဓကို - အိုဂေါတမ၊ သင့်ကို လူအများက ပြောကြတယ်။ သင်ဟာ အရွယ် ငယ်သလောက် မာန်မာနကြီးရင့်သူ။ အသက်သိက္ခာကြီးသူတွေကိုလည်း ရိုသေရကောင်းမှန်း မသိသူ။ ဧည့်ဝတ်မကျေသူလို့ ငါကြားသိထားခဲ့တာ။ ခုကြားသိထားတဲ့အတိုင်း မှန်ပေသား-လို့ ပြစ်တင်စကား ပြောကြားခဲ့တယ်။
ဒီတော့ ဗုဒ္ဓက-အိုဝေရဉ္ဖပုဏ္ဏား၊ မိခင်ကြက်မရဲ့ ရင်ငွေ့ထုံမှုကြောင့် ရှစ်လုံး၊ ဆယ်လုံး၊ ဒါမှမဟုတ် တစ်ဆယ့်နှစ်လုံးစတဲ့ ကြက်မြုံတွင်းရှိ ကြက်ဥတွေထဲက ခြေလက်နှုတ်သီးကို အရင်းပြုကာ ဥခွံကို ဖောက်ခွဲကာ ဦးစွာပထမဆုံးထွက်လာတဲ့ ကြက်ငယ်ကို ပေါက်ဖွားလာသမျှ ကြက်ငယ်များထဲမှာ အကြီးလို့ ဆိုရမလား၊ ဒါမှ မဟုတ်၊ အငယ်လို့ ဆိုရမလားလို့ အမေးရှိတော့ ဝေရဉ္ဖာပုဏ္ဏားကြီးက အိုဂေါတမ ပထမဆုံး ဥခွံကိုဖောက်ထွက်ကာ ပေါက်ဖွားလာတဲ့ ကြက်ငယ်ကို ကြက်ငယ်အားလုံး ထဲမှာ အကြီးလို့ ဆိုရမည့်အကြောင်း ပြန်လည်လျှောက်ကြားတယ်။ ဒီတော့ ဗုဒ္ဓက-ပုဏ္ဏားကြီး နည်း တူပဲပေါ့။ မှန်မှန်ကန်ကန် မသိတတ်ပေမယ့် မမှန်မကန်ဆိုလျင်ဖြင့် သိတတ်ပြန်တဲ့ အဝိဇ္ဇာဆိုတဲ့ မောဟဥခွံ ဖုံးကာထားတဲ့ သတ္တဝါတွေရဲ့အလယ်မှာ အဲဒီအဝိဇ္ဇာဥခွံ အဖုံးအကာကို ဦးစွာပထမဆုံး ဖောက်ထွက်ကာ ဝိဇ္ဇာအလင်းရောင်ကို ဦးစွာမြင်တဲ့ ငါဘုရားကိုလည်း အားလုံးထဲမှာ အကြီးဆုံးလို့ ဆိုရကြောင်းကို ရဲရဲဝံ့ဝံ့ မိန့်တော်မူလိုက်တယ်။
ဝေရဉ္ဇနဲ့ မြတ်ဗုဒ္ဓ အပြန်ပြန်အလှန်လှန် စကားတွေ ပြောဆိုဆွေးနွေးအပြီး ဝေရဉ္ဇပုဏ္ဏားကြီးက မြတ် စွာဘုရား အသက်အရွယ်အရ အရှင်ဂေါတမက အငယ်ဖြစ်ပေမယ့် အရှင်က ဝိဇ္ဇာဉာဏ်အလင်းကို အလျင်ရသူမို့ အရှင်သာလျင် အကြီးဖြစ်ပါပေတယ်။ အကျိုးအကြောင်းပြ ဆုံးမတော်မူတဲ့ အရှင်ဘုရား ရဲ့ စကားများကလည်း မျက်စိလည်လမ်းမှားနေသူကို လမ်းမှန်ကို ညွှန်ပြပေးသလို၊ မှောက်ထားတဲ့ အိုး ကို လှန်ပြလိုက်သလို၊ အမှောင်ကြားမှာ စမ်းတဝါးဝါးနဲ့ မမြင်ဝိုးဝါးဖြစ်နေသူကို မီးရှူးတန်ဆောင် ထွန်း ညှိပြသလိုက်သလို အလွန်မှ ရှင်းလင်းလှပါပေရဲ့၊ ကောင်းမွန်လှပါပေရဲ့။ ဒီနေ့ကစလို့ အသက်ထက်ဆုံး အကျွန်ုပ်အား တပည့်ရင်းချာာတစ်ဦးအဖြစ် မှတ်ယူတော်မူပါ၊ တပည့်တော်အိမ်သို့ ကြွရောက်ပြီးလည်း ဆွမ်းအလှူခံယူတော်မူပါ-လို့ လျှောက်ကြားတဲ့အကြောင်း ဖတ်ရတယ်။
ငယ်စဉ် ရဟန်းဖြစ်စ ဓမ္မာစရိယတန်းအတွက် ဝိနည်းပိဋကတ်လာ ပါရာဇိကဏ်ကျမ်းစာကို သင်ယူ စဉ်က ဒီအကြောင်းအရာလေး ဖတ်လိုက်ရတော့ နှစ်သက်သဘောကျ ဖြစ်မိလိုက်တာ၊ ပြောမပြတတ် နိုင်အောင်ပါပဲ။ ဗုဒ္ဓမိန့်တော်မူတဲ့ အဝိဇ္ဇာဥခွံဆိုတဲ့အကြောင်းကို အဝိဇ္ဇာအခွံအကာ ထူထူထဲထဲ ရှိနေ ဆဲမို့ ရေးရေးလေး သဘောပေါက်ဟန်ရှိခဲ့ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်တော့လည်း နားမလည်နိုင်ခဲ့ပါဘူး။ သို့ပေမယ့် ဥပမာဖြစ်တဲ့ ကြက်ဥများနဲ့ ကြက်မြုံတစ်ခုရဲ့ အသွင်သဏ္ဍာန်ကတော့ တွေ့မြင်နေကြအရာမို့ ပြည့်ပြည့်ဝဝ နားလည်နိုင်ခဲ့ပါတယ်။ဒါကြောင့် အကွယ်အကာဥခွံကြောင့် ပိန်းပိတ်အောင် မှောင်နေပြီး မလှုပ်နိုင်လောက်အောင် ကျဉ်းကျပ်လွန်းတဲ့ ဥခွံတွင်းမှာ နေထိုင်ရတဲ့ ငှက်ငယ်လေးတွေအကြောင်း စဉ်းစားမိလိုက်လို့လည်း ငှက်လေးတွေကို သနားစိတ် ဖြစ်ခဲ့မိလိုက်ပါသေးတယ်။
တကယ်တော့ ဗုဒ္ဓအလိုအရဆိုလျင်တော့ အဝိဇ္ဇာဥခွံထဲက ဖောက်မထွက်နိုင်သေးသူမှန်သမျှ အကောင်တောင် မပေါက်သေးတဲ့ အနေအထားမို့ ကိုယ့်ကိုယ်ကိုပြန်ကြည့်တော့ ငယ်တယ်လို့တောင် မှ မဆိုနိုင်သေးတဲ့ သဘောပေါ့။ ဥခွံအမှောင်ထဲက သတ္တဝါတစ်ကောင်မို့ သနားစတမ်းဆိုလျင်ဖြင့် ကိုယ့်ကိုယ်ကိုယ်ပင် သနားလှချည်ရဲ့ ဆိုတဲ့ စကားလို ကိုယ့်ကိုယ်ကို သနားရမယ့် အနေပေါ့လေ။
ရဟန်းဆိုတာ ငှက်တစ်ကောင်ပမာ အတောင်သည်သာ ဝန်ရှိစွာ လွတ်လပ်ပေါ့ပါးစွာ တွယ်ရာမဲ့ စိတ် ထားနဲ့ ကျင်လည်ကာ နေထိုင်တတ်ရမယ်တဲ့။အတွယ်ကင်းခြင်းနဲ့ ဝန်ပေါ့ခြင်းကို ငှက်တစ်ကောင်ဘဝ နဲ့ နှိုင်းလို့ မိန့်ကြားထားခဲ့ဖူးတာ။
တနေ့မှာတော့ မဟေသီမဂ္ဂဇင်းထဲကနေ အမှတ်မထင် ကဗျာလေးတစ်ပုဒ်ဖတ်လိုက်ရတယ်။ ကဗျာက ငှက်၏ ဒဿနတဲ့။
ငှက်၏ ဒဿန
ဥခွံထဲ
လေလည်းမတိုး
နေပြောက်မထိုး
စိုးရွံ့ ကြောက်ဆဲ၊
နေ့ရက်စေ့မြောက်
ဥခွံပေါက်သည်
ရောက်ခြည်သစ်
ချစ်တတ်ပြီ။ ။
စမ်းစမ်းတင် (မဟေသီ ၁၉၉၁)
မဟေသီမှာ ဖတ်ခဲ့ရကတည်းက မှတ်မှတ်သားသားရှိနေခဲ့လို့ အလွတ်ရနေမိတဲ့ ကဗျာတစ်ပုဒ်။ မမေ့ မပျောက်နိုင်လောက်ဖူးဆိုတာ သေချာနေပေမယ့် ပိုပြီးသေချာစေဖို့ မှတ်စုစာအုပ်ထဲ ကူးရေးထားခဲ့ တာ။ ဒါပေမယ့် နေရာအရွှေ့အပြောင်းကြောင့် ကူးရေးထားတဲ့ မှတ်စုစာအုပ်လေးက နေရာဟောင်း နဲ့အတူ ပျောက်လွင့်လို့သွားခဲ့ပေမယ့် ဦးနှောက်ထဲမှာ အမှတ်ထင်ထင်ရှိနေခဲ့တဲ့ ကဗျာလေးကတော့ ထင်ကျန်ကာ ရှင်သန်လို့နေဆဲပေါ့။ ဒီကဗျာလေးကို မှတ်မိနေမိတာက ကဗျာနောက်က ဒဿန ကြောင့်ပါ။ သာမန်ကြည့်ရင် ငှက်ကလေး တစ်ကောင်ရဲ့ ဘဝအစဖြစ်စဉ်ကို ရေးဖွဲ့ထားဟန်။ သို့ပေမယ့် ငှက်တစ်ကောင်ရဲ့ ဒဿနဆိုတဲ့ ဒီကဗျာလေးဟာ ငှက်တစ်ကောင်အကြောင်းဆိုတာထက် သတ္တဝါ တစ်ဦး၊ ဒါမှမဟုတ်လည်း လူတစ်ယောက်အကြောင်း ပြောပြနေတယ်ဆိုတာကို ကဗျာဖတ်သူတိုင်း သိကြမှာပါပဲ။
ကျပ်တည်းကျဉ်းမြောင်းလှတဲ့ ဥခွံထဲမှာ လေလည်းမတိုး၊ နေလည်း မထိုးတဲ့ ဘဝနဲ့ နေနေတဲ့ ဥခွံ ထဲက ငှက်လေး။ ဥခွံက ကွယ်ကာထားတော့ သူ့ဘဝဟာ ပိုမိုလုံခြုံနေတယ်လို့ ခံစားမိလေမလား။ ဘဝဆိုတာ ဥခွံတစ်ခုထဲလောက်သာ ကျယ်ပြန့်တယ်လို့ ထင်ကောင်းလည်း ထင်နေမှာ။ မှောင်မိုက် မိုက်မှာ ကျဉ်းမြောင်းကျပ်တည်းစွာ နေထိုင်ရခြင်းဆိုတာ ဘဝရဲ့အဆုံးသတ်မဟုတ်ဘူးဆိုတာ စဉ်းစား ကောင်းမှလည်း စဉ်းစားမိမှာ။ နေမတိုး လေမခ၊ မကြောင့်မကျ နေနေရခြင်းဆိုတာ လှပတဲ့အရာလို့ မဆင်ခြင် မစဉ်းစားပဲ ယုံကြည်နေရင်လည်း ယုံကြည်နေမှာပေါ့။ နောက်ပြီး ပြင်ပကမ္ဘာကြီးထဲကို ထွက် ကြည့်ရမှာကိုလည်း စိုးရွံ့ကြောက်လန့် ဖြစ်ကောင်းလည်းဖြစ်နေမှာပေါ့လေ။
ငှက်တစ်ကောင်ရဲ့ ဒဿနအကြောင်းကို နှစ်ခြိုက်သဘောကျမိနေခဲ့တာ ကြာလှတဲ့ ကိုယ်ကိုယ်တိုင်က တော့ တကယ့်ဥခွံထဲက ငှက်ငယ်တစ်ကောင်နှယ်။ နေခြည်မထိုး၊ လေပြည် မတိုးတဲ့ ဘဝမျိုးနဲ့ နေနေ ရတာကို နှစ်သက်သဘောကျနေခဲ့တာ။ နေခြည်မထိုးလို့ အလင်းမဲ့၊ လေပြည် မတိုးလို့ အချင်းမဲ့ဖြစ်နေ တာကိုတောင်မှပဲ သတိမထားမိနိုင်လောက်အောင်ပါပဲ။ ကိုယ်ကိုယ်တိုင် ဥခွံထဲက ငှက်တစ်ကောင် ပမာ ဖြစ်နေတာကို သတိမထားမိနိုင်လောက်အောင်ပါပဲ။ မြေမှာလျှောက်ဖို့ ခြေထောက်တွေ၊ လေမှာ ပျံဖို့ တောင်ပံတွေနဲ့ အစာကောက်ဖို့ နှုတ်သီးတွေရှိနေတာကို မေ့ထားလို့။ မသုံးပဲထားတဲ့ ခြေထောက် အားနဲ့ ပျံဝဲမကြည့်တဲ့ အတောင်တွေရဲ့အဟုန်ကို ဘယ်လုံပုံနဲ့ သိနိုင်ပါ့မလဲ။ ပျံမှသွားမှ အစွမ်းအစကို သိနိုင်မယ် မဟုတ်လား။
ဥခွံထဲမှာဆိုလျင်တော့ ကိုယ့်ဘဝ ပိုမိုလုံခြုံတန်ကောင်း လုံခြုံမှာပါ။ ဒါပေမယ့် ငှက်တစ်ကောင်ဆိုတာ ဥခွံထဲမှာ အစဉ်ထာဝရ နေနေရုံနဲ့ ဘဝအလှက ပြည့်စုံသွားနိုင်တာမှ မဟုတ်တာ။ ဥခွံထဲမှာချည်း ကိန်းအောင်းနေသင့်တာမျိုးမှလည်း မဟုတ်တာ။ ချိန်တန်စေ့ရောက်လျင်ဖြင့် ငှက်ဆိုတာ ပေါက်ရ စမြဲပဲ မဟုတ်လား။ ကောင်းကင်ကျယ်ကျယ်ထဲမှာ လေဟုန်ဆန်ဖို့ သဘာဝကိုက တောင်ပံတစ်စုံ ဖန်တီးလို့ ပေးထားတယ်လေ။ ဥခွံထဲမှာသာ ဘဝကို ကုန်ဆုံးသွားမယ်ဆိုလျင် အတောင်တစ်စုံ ဖန်တီး ပေးထားခြင်းဆိုတာ ငှက်တစ်ကောင် အတွက် အပိုသက်သက်သာ ဖြစ်လေမှာပေါ့။ အကျဉ်းအမှောင် ကို ကြောက်လျင်ဖြင့် အကျယ်နဲ့ အလင်းကို ကွယ်ကာထားတဲ့ အခွံအကာကို ဖောက်ထွင်းလို့ ထွက်ရ မယ်လေ။
အပြင်လောကထဲကို ထွက်လာတဲ့ ငှက်တစ်ကောင်အတွက် လေဆန်ကိုလည်း ပျံတန်ပျံရမယ်။ နေဒဏ်ကိုလည်း ခံတန်ခံရမယ်။ လေတိုးလို့ အတောင်ကျိုးကောင်းလည်း ကျိုးမယ်၊ နေထိုးလို့ အရောင် ညှိုးကောင်းညှိုးမယ်။ စိုးရွံ့စရာ အနန္တနဲ့ အပျံသင်စ ငှက်တစ်ကောင်ရဲ့ဘဝဟာ အစစ လှပ ကောင်းမှလည်း လှပလိမ့်မယ်။ သို့ပေမယ့် ဥခွံဝကနေ စလို့ မြင်ရတဲ့ အလင်းစနဲ့ လတ်ဆတ်တဲ့ လေပြေတစဟာ ကောင်းကင်ကျယ်ကျယ်ထဲကို ပျံသန်းမယ့် ငှက်တစ်ကောင်ရဲ့ ဘဝအစအတွက် အင်အားစုတစ်ခုတော့ ဖြစ်မှာအသေအချာပါပဲ ဆိုတဲ့အတွေးနဲ့ ဥခွံထဲကနေ ဖောက်ထွက်ဖို့ ခြေ တစ်လှန်း စလိုက်တယ်။ ကမ္ဘာလောကကြီးက ကိုယ့်ကိုယ် အစိမ်းသက်သက် ငှက်တစ်ကောင်အဖြစ် ရက်စက်စွာ ဥပေက္ခာပြုလိမ့်မယ်တော့ မဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်လေးတစ်ခုနဲ့ပေါ့လေ။
ဗုဒ္ဓမိန့်ကြားတဲ့ အဝိဇ္ဇာဥခွံကို ဖောက်မထွက်နိုင်သေးသည့်တိုင် ဘဝတစ်ခုအတွက် ကန့်သတ်မှုဖြစ်စေ တဲ့ အခွံအကာ အလွှာအထပ်ထပ်ကိုတော့ ကျော်ဖြတ်ကာ ဖောက်ထွက်လို့ ကြည့်ရမယ်လေ။ ငှက်ဆို တာ တစ်ပင်တစ်ကိုင်းထဲမှာတွယ်ကာ အစဉ်နားနေတတ်တဲ့ သတ္တဝါမျိုးမှ မဟုတ်တာ။ နားလည်း နားနေလို့ သင့်တာမျိုးမှလည်း မဟုတ်တာ။ ။

0 comments:
Post a Comment