လူစုလူဝေးလိုက်ဖြစ်သောစိတ်ရောဂါကို စပ်စုခြင်း-၅
၁၈ရာစုမှ၂၀ရာစုအစောပိုင်းကာလအထိ
(ဤအပိုင်းတွင် ROBERT E. BARTHOLOMEW, PhD ၏ Protean nature of mass sociogenic illness ကို အခြေခံ၍ ရေးသားသည်။ ဘာသိုလိုမြူး၏ စာတမ်းသည် မှတ်တမ်းများကို ပြန်လှန်သုံးသပ်သော literature survey ဖြစ်ပါသည်။ )
ဘာသိုလိုမြူး၏ အလိုအရ ၁၈ ရာစု၊ ၁၉ ရာစု နှင့် ၂၀ ရာစုအစောပိုင်းများတွင် စက်မှုတော်လှန်ရေးနှင့် ကြမ်းတမ်းသော လုပ်ငန်းခွင် အခြေအနေများကြောင့် အနောက်တိုင်းရှိ လုပ်ငန်းခွင်များ (အထူးသဖြင့် စက်ရုံများတွင်) လူစုလူဝေးလိုက် ရုပ်ပိုင်းဆိုင်ရာ ဟစ်တီးရီးယား (mass motor hysteria) ရကြခြင်း ဖြစ်သည်။
မှတ်တမ်းများအရ ပါဝင်သော ဒေသများမှာ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ အီတလီ၊ ရုရှတို့ ဖြစ်ပြီး ၀က်ရူးပြန်ခြင်း၊ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများပြုခြင်း နှင့် အာရုံကြောဆိုင်ရာ ရောဂါများ ဖြစ်ပေါ်သည်။
ပထမဦးဆုံး မှတ်တမ်းမှာ ၁၇၈၇ ဖေဖော်ဝါရီတွင် အင်္ဂလန်နိုင်ငံ လန်ကတ်ရှိုင်းယားရှိ ချည်ထည်စက်ရုံတစ်ခု၌ ဖြစ်ပွားခဲ့သော ၀က်ရူးပြန်ခြင်းနှင့် အသက်ရှူကြပ်ခြင်း ဖြစ်ရပ်ဖြစ်သည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၂၃ ဦးဖြစ်ပွားသည်။ (St Clare, W. (1787) Gentleman's Magazine, 57, 268.)
ထိုကာလအတွင်းမှာပဲ တင်းကြပ်သော ကျောင်းစည်းကမ်းများကြောင့် ဥရောပရှိ ကျောင်းအများအပြား အထူးသဖြင့် ဂျာမနီ၊ ဆွစ်ဇာလန်နှင့် ပြင်သစ်တို့တွင် လူစုလူဝေးလိုက် ဟစ်တီးရီးယား ဖြစ်ပွားသည်။ (၀က်ရူးပြန်ခြင်း၊ တွန့်လိမ်ကောက်ကွေးဖြစ်ခြင်း၊ တကိုယ်လုံးတုန်ခြင်း၊ ရယ်ခြင်း)
၁၈၉၃ တွင် ဆွစ်ဇာလန်နိုင်ငံ ဘာဆယ်လ်မြို့ရှိ မိန်းကလေးကျောင်းတစ်ကျောင်းတွင် အဆိုင်းမန့် မတင်နိုင်သော ကျောင်းသူများအတွင်း ၀က်ရူးပြန်ခြင်းများ ဖြစ်ပွားခဲ့ပြီး ကျောင်းချိန်ပြီးတော့ ထိုလက္ခဏာများ ပျောက်ကွယ်သွားခဲ့သည်။ (Aemmer, F. (1893) Eine Schulepidemie von Tremor Hystericus [A school epidemic of hysterical tremor (so-called epidemic chorea)]. Basel: Kreis.)၁၉၀၄ တွင်လည်း အဆိုပါကျောင်းတွင် နောက်တစ်ကြိမ် ထိုအဖြစ်အပျက် ထပ်မံဖြစ်ပွားခဲ့သည်။
၁၈၉၂ ခုနှစ် ဇွန် ၂၈ နှင့် အောက်တိုဘာ လလယ်အတွင်းတွင် ဂျာမနီနိုင်ငံ ဂရော့စ်တင့်ဇ် (Gross-tinz) တွင် လက်တုန်ခြင်းမှစ၍ တကိုယ်လုံးတုန်ခါခြင်း၊ အချို့မှာ သတိချို့ယွင်းခြင်း၊ မှတ်ဥာဏ်ချို့ယွင်းခြင်းများ ဖြစ်ပွားသည်။ Hirt, L. (1893) Eine Epidemie von Hysterischen Krampfen in einer Schleisischen Dorfschule [An epidemic of hysterical cramp in a village school in Schleisischen].
၁၉၀၆ ဖေဖော်ဝါရီအတွင်း ဂျာမနီနိုင်ငံ Chemnitz ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လက်ရေးလှ လေ့ကျင့်ခန်းလုပ်နေသောအချိန်တွင် မိန်းကလေးကျောင်းသူများ အားလုံး လက်တုန်ခြင်း၊ လက်မောင်းများ တုန်ခြင်း ဖြစ်ပေါ်ခဲ့သည်။ စဖြစ်သည်မှာ ကျောင်းသူနှစ်ယောက်မှ စခြင်းဖြစ်ပြီး မကြာမီ ကျောင်းသူ ၂၁ ဦးလုံးကို ကူးစက်သွားသည်။ ၄ ပတ်ကြာမြင့်သည်။
၁၉၀၇ ဖေဖော်ဝါရီတွင် လန်ဒန်ရှိ ကျောင်းတစ်ကျောင်း၌ မိန်းကလေးကျောင်းသူ လေးဦး ဘယ်ဘက်လက် လေဖြတ်သွားခြင်း ဖြစ်ပွားသည်။
၂၀ ရာစုတွင်မူ ကူးစက်တတ်သော ဟစ်တီးရီးယား (Epidemic hysteria) သည် ပတ်ဝန်းကျင်မှ အစားအသောက် လေနှင့် ရေတို့၏ သန့်ပြန့်မှုနှင့် သက်ဆိုင်မှုရှိလာသည်။ အထူးသဖြင့် ထူးခြားသော အနံ့တို့အပေါ် အကြောက်လွန်ခြင်းကြောင့် ဟစ်တီးရီးယား ဖြစ်ပွားတာမျိုးကို တွေ့ရသည်။
ဖြစ်ပွားမှုမှာ အလွန်မြန်ဆန်ပြီး ပြန်လည်ကောင်းမွန်မှုမှာလည်း အလွန်မြန်ဆန်သည်။ ရုပ်ဟစ်တီးရီးယားထက် စိတ်လှုပ်ရှားခြင်း ဟစ်တီးရီးယား (Anxiety hysteria) အမျိုးအစား ပါဝင်သည်။
(မှတ်ချက်။ ။hysteria ဟူသော အသုံးအနှုန်းကို မြန်မာများ ကျွမ်းဝင်သည့် နာမည်အချို့မှာ လင်တရူးရောဂါ မယားတရူးရောဂါ စသည်ဖြင့် ဖြစ်သည်။ ဤအသုံးအနှုန်းသည် အရပ်က နားလည်ခဲ့သော အသုံးအနှုန်းဖြစ်ပြီး ခေတ်စားခဲ့ဖူးသော ဆစ်ဂမန်ဖရွိုက်၏ ကုထုံးဆိုင်ရာ သီဝရီ ပယောဂကင်းလိမ့်မည် မထင်ပါ။ ထိုအခေါ်အဝေါ်နှင့် အယူအဆသည် ယနေ့ခေတ်တွင် အပြည့်အ၀ မမှန်ကန်တော့ပါ။ ထိုနည်းတူစွာ အချို့ဘာသာပြန်သလို ဟစ်တီးရီးယားကို စိတ်ကစဥ့်ကလျားရောဂါဟု ဘာသာပြန်ခြင်းသည်လည်း သင့်မည်မထင်ပါ။ စိတ်ကစဥ့်ကလျားသည် Schizophrenia အတွက် အသားတကျ သုံးစွဲနေပြီးဖြစ်ပါသည်။ ဟစ်တီးရီးယားကို ယခုအခါ conversion disorder ဟုလည်း စိတ်ရောဂါဆရာဝန်များ သုံးစွဲကြသည်။ motor hysteria ဟူ၍ သုံးစွဲရသည်မှာ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံလုံလောက်သော အကြောင်းရင်းကို ရှာမတွေ့ဘဲ တက်ခြင်းချက်ခြင်း၊ ပုံမမှန်အပြုအမူများပြုခြင်း၊ စသည်တို့ကြောင့် ဖြစ်သည်။ လူစုလူဝေးလိုက်စိတ်ရောဂါ ဖြစ်ပေါ်သည့်အခါတိုင်း ဇီဝဓာတုလက်နက်များ၊ အဆိပ်သင့်ခြင်းများ၊ စသည့် အများစုကိုတပြိုင်နက်တည်း သက်ရောက်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာ အချက်အလက် အကြောင်းရင်းများကို ကနဦး စဉ်းစားကြလေ့ရှိသည်။ ဥပမာ အလယ်ခေတ်က ဂျာမနီနိုင်ငံ အခ်ဟန်တွင်ဖြစ်ပွားခဲ့သော စိတ်ကြွအကရောဂါကို Ergot မှိုကြောင့်ဖြစ်ပွားသည်ဟု ယူဆသူများရှိသကဲ့သို့ အီတလီတောင်ပိုင်းမှ အလယ်ခေတ် အဖြစ်အပျက်ကို တာရန်တူလာ ပင့်ကူ ကိုက်၍ ဖြစ်ပွားသည်ဟု ယူဆသူများ ရှိသည်။ ယခုနောက်ပိုင်းကာလများတွင် လူစုလူဝေးလိုက်ဖြစ်သော စိတ်ရော၈ါသည် ရုပ်ပိုင်းဆိုင်ရာ တက်ခြင်းချက်ခြင်းများထက် စိတ်ထိတ်လန့်လှုပ်ရှားမှု (Anxiety) နှင့်ဆိုင်တာမျိုးကို တွေ့လာရသည်။)
ဓာတ်ငွေ့အနံ့သို့မဟုတ် အမျိုးအမည်မသိသော ထူးခြားသည့်အနံ့များကြောင့် စာသင်ကျောင်းများတွင် ဟစ်တီးရီးယား ရတတ်ကြသည့်ဥပမာမှာ ၁၉၈၅ တွင် စင်ကာပူ အလယ်တန်းကျောင်း (secondary school) တစ်ကျောင်းတွင် ကျောင်းသားကျောင်းသူ ၆၅ ယောက်နှင့် ဆရာမသည် ထူးခြားသော အနံ့တစ်ခုကိုရပြီး ရုတ်တရက် ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှူကြပ်ခြင်းများ ဖြစ်ပွားခဲ့သည်။ ထိုကျောင်း၌မဖြစ်ပွားမီ နှစ်အနည်းငယ်တုန်းက ဟောင်ကောင်ရှိ ကျောင်းတစ်ကျောင်းတွင် ၆ နှစ်မှ ၁၄ နှစ်ရှိသော ကျောင်းသား ၃၅၅ တွင် ထိုသို့သော အဖြစ်အပျက်ဖြစ်ပွားခဲ့သည်။ (Tam et al, 1982).
ဇွန်လ ၈ ရက်၊ ၁၉၇၂တွင် ဟက်ဇဲလ်ရစ်ဂ်ျ (Hazelrigg) ရှိ ကျောင်းသားပွဲတော်တွင် ၀က်မွေးသောခြံမှထွက်သည့် အနံ့ကြောင့် ကလေးများတပြိုင်နက်တည်း ဗိုက်နာ၊ ခေါင်းကိုက်၊ ပျို့အန်မူးမေ့ကြသော အဖြစ်အပျက်ရှိသည်။ (Smith & Eastham, 1973). ထိုနှစ်မှာပဲ ဂျပန်နိုင်ငံတိုကျိုမြို့ ကျောင်းတစ်ကျောင်းတွင် တွင် ရာဘာမီးလောင်သည့် အနံ့မျိုးရသဖြင့် ကျောင်းသား ၁၆ဦး ဟစ်တီးရီးယားရကြသည်။ ၁၉၉၄တွင်လည်း အာရပ်ကျောင်းတစ်ကျောင်းတွင် အလားတူဖြစ်ရပ်ဖြစ်ပွားသည်။ (ဘာသာလိုမြူးက ဤအဖြစ်အပျက်များသည် စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှုနှင့် ဆက်စပ်မှုရှိသည်ကို တင်ပြလိုသည်။ လူတို့သည် သူတို့ကို ဇီဝလက်နက်များနှင့် တိုက်ခိုက်ပြီဟု ယူဆသောအခါ သူတို့ယူဆသည့်အတိုင်း ရောဂါလက္ခဏာများ ဖြစ်ပေါ်လာသည်။ စကားတစ်ခုရှိသည်မှာ your mind control your symptoms ဟု ပြောကြလေ့ရှိသည်။ )သူ့အချက်အလက်များမှာ တွေးတောဖို့ ထိုက်တန်လောက်အောင် ရှိသည်။ ဥပမာအားဖြင့် အနံ့ဆိုးတစ်ခုသည် ပုံမှန်လည်ပတ်နေသော စာသင်ကျောင်းအတွက် မထောင်းတာသော်လည်း ၁၉၉၁ ပါရှန် ပင်လယ်ကွေ့စစ်ပွဲအတွင်း အဆောက်အအုံတစ်ခုတွင် အဆိုပါအနံ့ဆိုးတစ်မျိုးမျိုးပေါ်ပေါက်ပါက ဓာတ်ငွေ့နှင့်တိုက်ခိုက်သည်ဟု ယူဆကြပြီး ရောဂါလက္ခဏာများ ပေါ်ပေါက်လာဖွယ်ရှိသည်ဟု ရေးသားထားသည်။
စာသင်ကျောင်းများသာမက အခြားသောလုပ်ငန်းခွင်များ၊ တယ်လီဖုန်းရုံးများ၊ လျှပ်စစ်ဋ္ဌာနများတွင် ထူးခြားသောအနံ့ဆိုးများသည် အစုလိုက်အပြုံလိုက် ဟစ်တီးရီးယားရအောင် ပြုလုပ်နိုင်စွမ်းရှိသည်။ ကယ်လီဖိုးနီးယားရှိ စစ်တပ်စခန်းချရာတွင် ၁၉၈၈ ၌ ခြုံမီးလောင်သော အနံ့ကို ဓာတ်ငွေ့နှင့် တိုက်ခိုက်ခံရသည်ဟု အထင်ရှိပြီး လူစုလူဝေးလိုက် ဟစ်တီးရီးယား ဖြစ်ပွားသည်။ ဆေးမှူးများက အခြေအနေကို အကဲခတ်လွဲပြီး အရေးပေါ်အသက်ကယ်နည်းများ ပြုလုပ်ကြသည်။ ထိုအသက်ကယ်မှုများကို ကြည့်ရသဖြင့် အခြေအနေက ပိုမိုထိတ်လန့်တုန်လှုပ်ကာ အသက်ရှူကြပ်သည့် ပြဿနာများ ပိုဆိုးရွားသွားသည်။ (Struewing & Gray, 1990).
ဆက်ဦးမည်...
စာညွှန်း
1.Wikipedia
2.Epidemics of the middle Ages By I.F.C. Hecker,M.D
3.REVIEW ARTICLE
Protean nature of mass sociogenic illness
From possessed nuns to chemical and biological terrorism fears
ROBERT E. BARTHOLOMEW, PhD

0 comments:
Post a Comment