နေမိဇာတ် အဆက်
တစ်ရံရောအခါ ဝိဒေဟရာဇ်တိုင်း၊ မိထီလာပြည်၌ မဃဒေဝမင်း စိုးစံသည်။ ထိုမင်းသည် တရားတော်၌ မွေ့လျော်သည်။ အသက်ကြီးရင့်၍ ဆံပင်ဖြူလာလျှင် ရဟန်းပြု၍ တောထွက်မည်ဟု ဆုံးဖြတ်ထားသည်။ ဆံပင်၊ မုတ်ဆိတ်တို့ကို ပြုပြင်ပေးသော ဆတ္တာသည်အား မိမိ၏ ဆံပင်ဖြူလာလျှင် လျှောက်ထားရန် မှာကြားထားသည်။
တစ်နေ့သောအခါ ဆတ္တာသည် သည် မင်းကြီး၏ ဦးခေါင်း၌ ဆံပင်ဖြူ တစ်ပင်ကို တွေ့မြင်သည်။ ထိုအခါ “အရှင်မင်းကြီး- ဦးခေါင်းတော်၌ ဆံပင်ဖြူ တစ်ပင် တွေ့မြင်ပါသည်” ဟူ၍ လျှောက်ထားသည်။
မင်းကြီးလည်း သားတော် အိမ်ရှေ့မင်းသားကို ထီးနန်းပေးအပ်လိုက်သည်။ မိမိနည်းတူ “ဆံပင်ဖြူကို မြင်တွေ့လျှင် တောထွက်ပါ” ဟူ၍ မှာကြားသည်။ ထို့နောက် ထီးနန်းကို စွန့်သည်။ ရဟန်းပြု၍ တောထွက်သွားလေသည်။
ဤသို့လျှင် သား၊ မြေး၊ မြစ် အဆက်ဆက်တို့သည် ထီးနန်းကို စိုးစံကြသည်။ ဆံပင်ဖြူသောအခါ တောထွက်ကြသည်။
ထိုမဃဒေဝမင်းမှ ရှစ်သိန်း သုံးသောင်း တစ်ထောင် ကိုးရာ ကိုးဆယ်မြောက်သော မင်းသည် မိထိလာပြည်၌ ဆက်လက် စိုးစံသည်။ ထိုမင်းတွင် နေမိကုမာရ အမည်ရှိသော သားတော် တစ်ပါးရှိသည်။ ထိုနေမိ မင်းသားသည် ငယ်ရွယ်စဉ်မှစ၍ အလှူပေးသည်။ သီလ ဆောက်တည်သည်။
ရှေးအစဉ်အလာအတိုင်း ခမည်းတော်သည် ဆံပင်ဖြူသောအခါ တောထွက်သည်။ ထိုအခါ နေမိမင်းသားသည် ထီးနန်းကို ဆက်ခံရသည်။ နေမိမင်းသည် တိုင်းပြည်ကို မင်းကျင့်တရားနှင့် အညီ အုပ်ချုပ်သည်။ ထို့အပြင် မြို့တံခါးလေးခုနှင့် မြို့လယ်တို့၌ အလှူမဏ္ဍပ် ငါးခု ဆောက်သည်။ အလှူမဏ္ဍပ် တစ်ခုစီတွင် အသပြာ တစ်သိန်းကျစီဖြင့် နေ့စဉ်ပေးလှူသည်။ ငါးပါးသီလကို အမြဲ စောင့်ထိန်းသည်။ ဥပုသ်ကို လပြည့် လကွယ်နေ့တိုင်း ဆောက်တည်သည်။ တိုင်းသူပြည်သားတို့ကို ကုသိုလ် ကောင်းမှုပြုရန် တိုက်တွန်းသည်။
နေမိမင်း၏ အဆုံးအမကို နာယူကြသူတို့သည် ကွယ်လွန်သောအခါ နတ်ပြည်သို့ ရောက်ကြလေသည်။ ဤတွင် နတ်ပြည်မှာ နတ်ဦးရေ တိုးပွားစည်ကားနေ၏။ ငရဲပြည်ကား ခြောက်ကပ်နေသည်။ တစ်နေ့တွင် နေမိမင်းကြီးသည် အလှူပေးခြင်းနှင့် သီလ ဆောက်တည်ခြင်းတွင် မည်သည်က ပို၍ အကျိုးကြီးကြောင်း စဉ်းစားတွေးတောကာ ဆုံးဖြတ်မရနိုင်အောင် ရှိလေသည်။
ဤသို့ တွေးကြံသည်ကို သိကြားမင်း သိရှိသောအခါ လူ့ပြည်သို့ ဆင်းသက်လာသည်။ နေမိမင်းကြီးရှေ့၌ ကိုယ်ထင်ပြလျက် “အရှင်မင်းကြီး အလှူပေးခြင်းထက် သီလ စောင့်ခြင်းက ပို၍ အကျိုးကြီးပါသည်” ဟု ဟောပြောသည်။ ထို့နောက် တာဝတိံသာ နတ်ပြည်သို့ ပြန်ကြွသွားလေသည်။
ထိုအကြောင်းကို တာဝတိံသာနတ်ပြည်ရှိ နတ်များ သိရှိကြသောအခါ နေမိမင်းကြီးကို ဖူးတွေ့လိုသော ဆန္ဒများ ဖြစ်ပေါ်လာကြသည်။ သို့ဖြင့် နေမိမင်းကြီးကို နတ်ပြည်သို့ ပင့်ဆောင် ပြသပါရန် သိကြားမင်းအား တောင်းပန်ကြသည်။ သိကြားမင်းလည်း နတ်တို့ အလိုကို လိုက်လျောသည်။ မာတလိနတ်သားအား “နေမိမင်းကြီးကို ပင့်ဆောင်လော့” ဟူ၍ စေခိုင်းသည်။
မာတလိနတ်သားသည် သိန္ဓောမြင်း တစ်ထောင်ကသော ဝေဇယန္တာ ရထားဖြင့် နေမိမင်းကြီးကို လာရောက်ခေါ်သည်။ မိထိလာ ပြည်သူတို့ အံ့သြကာ ရင်သပ်ရှုမော ကြည့်ရှုကြသည်။
မာတလိသည် နေမိမင်းကြီးကို ပင့်ဖိတ်သည်။ မင်းကြီးလည်း နတ်ပြည်ကို မရောက်ဖူးသဖြင့် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။ ပြည်သူတို့နှင့် နန်းတွင်းသူ နန်းတွင်းသားတို့အား “မကြာမီ ငါ ပြန်လာခဲ့မည်။ ကုသိုလ်ကောင်းမှုတို့ကိုသာ မမေ့မလျော့ဘဲ ပြုကြပါ” ဟူ၍ မှာကြားသည်။
ထို့နောက် ဝေဇယန္တာရထားပေါ်သို့ တက်၍ လိုက်ပါသွားသည်။ မာတလိက “အရှင်မင်းကြီး၊ ငရဲလမ်းနှင့် နတ်လမ်းဟူ၍ လမ်းနှစ်သွယ် ရှိပါသည်။ မည်သည့်လမ်းမှ ဖြတ်သန်းသွားလိုပါသနည်း” ဟူ၍ မေးမြန်းသည်။
နေမိမင်းကြီးသည် နတ်ပြည်ကိုသာမက ငရဲပြည်ကိုလည်း မမြင်ဘူး။ နှစ်ဌာန စလုံးကို ကြည့်လိုသဖြင့် “နှစ်လမ်းလုံးကို ဖြတ်သန်းသွားချင်ပါသည်” ဟု ဆိုသည်။
သည်တွင် မာတလိသည် ရှေးဦးစွာ ဝေဇယန္တာ ရထားကို ငရဲလမ်းသို့ ရှေးရှုမောင်းနှင်သည်။ ငရဲပြည်ရှိ ငရဲအမျိုးမျိုးကို ပြသသည်။ ငရဲများတွင် ငရဲခံရသူအချို့မှာ မီးလျှံတောက်နေသော သံဆူးကြိမ်နွယ်တို့ဖြင့် ဖုံးအုပ်နေသည့် မြစ်တွင်း၌ ပြေးပေါက် မရှိ၊ ကူးခပ်နေရသည်။ အချို့မှာ ဆင်ကောင်လောက်ကြီးသော ငရဲခွေးကြီးတို့၏ ကိုက်စားခြင်းကို ခံနေရသည်။ အချို့မှာ တစ်ကိုယ်လုံး မီးလျှံများ တောက်လောင်လျက် ရဲရဲတောက်နေသော သံမြေပြင်၌ ပြေးလွှားနေရသည်။ အချို့မှာ ကြေးနီရည်တို့ ပွက်ပွက် ဆူနေသော ကြေးနီအိုးထဲသို့ ပစ်ချခံနေရသည်။ အချို့မှာ မီးလျှံတောက်နေသည့် ဖွဲပြာတို့ကို စားသောက်နေရသည်။ အချို့မှာ မီးလျှံတောက်နေသော မြား လှံတို့ဖြင့် ပစ်ခတ်ထိုးနှက်ခြင်း ခံနေရသည်။ အချို့မှာ ခန္ဓာကိုယ်ကို ဓားဖြင့် အပိုင်းပိုင်း ခုတ်ထစ်လှီးဖြတ် ခံနေရသည်။ အချို့မှာ ပုပ်ဟောင်သော မစင်တွင်းထဲရှိ မစင်များကို စားနေရသည်။ အချို့မှာ သွေးပုပ်ပြည်ပုပ်တို့ကို သောက်နေရသည်။ အချို့မှာ မီးလျှံတောက်နေသော သံမြားကောက်ကြီးများဖြင့် လျှာကို ချိတ်ဆွဲခံနေရသည်။ အချို့မှာ သံမြေပြင်၌ ခါးတစ်ဝက် နစ်မြုပ်ခံရလျက် မီးလျှံတောက်နေသော သံတောင်းကြီး တို့၏ တလိမ့်လိမ့် နင်းကြိတ်ခြင်းကို ခံနေရသည်။ အချို့မှာ မီးကျီတွင်းထဲသို့ ဦးစောက်ထိုး ချခံရသည်။ အချို့မှာ နည်းမျိုးစုံဖြင့် နှိပ်စက်ခံနေရသည်။
ငရဲခံရသူတို့သည် အတိတ်ဘဝက မကောင်းမှုများ ပြုခဲ့ကြသူများ ဖြစ်သည်။ ပြုခဲ့သော မကောင်းမှု အလိုက် နည်းအမျိုးမျိုးဖြင့် အညှင်းဆဲ ခံနေကြရခြင်း ဖြစ်ပေသည်။
ဤသို့လျှင် ငရဲအမျိုးမျိုးကို ပြပြီးနောက် မာတလိန် နတ်သားသည် နေမိမင်းကြီးကို နတ်ပြည်သို့ ခေါ်ဆောင်သွားသည်။ နတ်သား၊ နတ်သမီး တို့စံရာ ဘုံဗိမာန် အမျိုးမျိုးကို ပြသသည်။
နတ်ဘုံဗိမာန်ရှိ နတ်သား၊ နတ်သမီးတို့ကား အတိတ်ဘဝက ကုသိုလ်ကောင်းမှု အလိုက် အမျိုးမျိုးသော နတ်စည်းစိမ် ချမ်းသာတို့ကို ပျော်ရွှင်စွာ ခံစားနေကြရသည်။
နေမိမင်းသည် နတ်ပြည်တွင် ရှေးဦးစွာ ဗိရဏီနတ်သမီးစံရာ ဗိမာန်ကို တွေ့ရှိသည်။ ဗိရဏီနတ်သမီးသည် ပတ္တမြား ဗိမာန်၌ နတ်သမီး တစ်ထောင် ခြံရံလျက် နတ်စည်းစိမ် ချမ်းသာကို ခံစားနေသည်။ ထို့နောက် သောနဒိန် နတ်သားသည် စံရာဗိမာန်ကို တွေ့မြင်သည်။ သောနဒိန် နတ်သားသည် ဗိမာန်ကြီး ခုနှစ်ဆောင်တွင် နတ်သမီးပေါင်း များစွာဖြင့် ခံစားနေသည်။ ထို့နောက် ဖန်ဗိမာန်ကြီးတွင် စံစားနေသော နတ်သမီးများကို တွေ့မြင်သည်။ ထိုနတ်သမီးများသည် နတ်အဖျော်ယမကာနှင့် နတ်သုဒ္ဓါတို့ကို စားသောက်နေကြသည်။ ထို့နောက် နတ်တူရိယာတို့ကို နားဆင်နေကြသည်။ ထို့နောက် ပတ္တမြားဗိမာန်ကြီးကို တွေ့မြင်သည်။ ထိုဗိမာန်တွင် နတ်တူရိယာတို့ဖြင့် စံစားနေသော နတ်သားများကို တွေ့မြင်သည်။ ထို့နောက် ဖန်ဗိမာန်ကြီးကို တွေ့မြင်သည်။ ထိုဗိမာန်တွင် နတ်သားတစ်ပါးသည် နတ်သမီးပေါင်း များစွာခြံရံလျက် စံစားနေသည်။ ထို့နောက် ကြောင်မျက်ရွဲ ဗိမာန်ကို တွေ့မြင်သည်။ ထိုဗိမာန်တွင် နတ်သားတစ်ပါးသည် နတ်တူရိယာတို့ဖြင့် ခံစားနေသည်။ ထို့နောက် ရွှေဗိမာန်ကြီးကို တွေ့မြင်သည်။ ထိုဗိမာန်တွင် နတ်သားတစ်ပါးသည် နတ်စည်းစိမ်ကို စံစားနေသည်။
(နေမိဇာတ် နိဂုံးအား ဆက်တင်ပါမည်)


0 comments:
Post a Comment