* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 21, 2010

ဘာကို အဓိကထားရမလဲ (အပိုင်း-၂)

၇) ကိုယ်ကျင့်သီလအစစ် - မေတ္တာတရား - သဒ္ဓါတရား အစစ်အမှန် ဖြစ်ပေါ်ရေး အဓိကထားရမည့် အကြောင်းရင်းမှန်

ထို့အတူ ဗုဒ္ဓါနုဿတိသည်လည်းကောင်း ကိလေသာကင်းသော မြတ်စွာ ဘုရား ဟု ၀စီကံမှ တတွတ်တွတ်ရွတ်ဆိုနေသော်လည်း လောဘ-ဒေါသ-သောက များနှင့် ယောက်ယက်ခတ်နေသော ကျွန်ုပ်တို့သည် အဘယ်မှာလျှင် လောဘ- ဒေါသ ကင်းသော ဘုရားရှင်၏ဥာဏ်တော် (အလောဘ-အဒေါသ-အမောဟစိတ်များ) ကို နားလည် မှန်းဆနိုင်မည် မဟုတ်ပေ ...

ဘုရားရှင်၏ဥာဏ်တော် (အလောဘ-အဒေါသ-အမောဟစိတ်များ) ကို ဘာမှန်းမသိဘဲ ဘုရားရှင်ကို ကြည်ညိုပါသည်ဆိုသော ကျွန်ုပ်တို့သည် အဘယ်မှာလျှင် စစ်မှန်သော ကြည်ညိုမှု သဒ္ဓါတရားသည် ဖြစ်နိုင်ပါမည်နည်း။


ထိုကြောင့်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြည်ညိုမှုပြောင်းသွားသော (ဘာသာပြောင်းသွားသော) ဗုဒ္ဓ ဘာသာဝင်တို့သည်လည်း ခေတ်အဆက်ဆက် ရှိနေမည်သာ။

သုတ္တန်တစ်ခုတွင် ဒကာတစ်ဦးသည် ဗုဒ္ဓအား ဆွမ်းဒါနပြုရန်အတွက် ရက်ချိန်း ရွေ့ဆိုင်းရသောအခါ ရှင်မဟာ မောဂ္ဂလာန်မှ ထိုသူ၏ ဒါနပစ္စည်းများ အတွက် ထိုရက်ချိန်းတိုင်အောင် မပျက်စီးဖို့ အာမခံသော်လည်း ထိုသူ၏ သဒ္ဓါတရား ကိုတော့ အာမ..မခံနိုင်ပါဟု ဆိုခဲ့လေသည်....။

လောဘ-ဒေါသ-မောဟ များကို စွန့်လွှတ်ခြင်း အတတ်ပညာ ၀ိပဿနာ ဘာဝနာမယပညာ မပါဝင်ပဲ လောဘ-ဒေါသ-မောဟ များရင်ဝယ်ပိုက်လျှက် ပုထုဇဉ်တို့၏ ကြည်ညိုမှု၊ လှူဒါန်းလိုမှု၊ သီလ စောင့်ထိန်း မှုတို့သည် အဘယ်မှာလျှင် စိတ်ချရ ပါမည်နည်း။

ထို့ကြောင့်လည်း မိုးကုတ်ဆရာတော်ကြီးမှ သစ္စာသိပြီး (၀ိပဿနာ ဥာဏ်နှင့်ယှဉ်ပြီး) ဒါန-သီလပြုရန် လည်းကောင်း၊ သဲအင်းဂူဆရာတော်ကြီးမှ အသိ တစ်လုံး အမြတ်ဆုံး ဟူ၍လည်းကောင်း ဆုံးမ ခဲ့လေ သည်။

ယာယီကုထုံးသည် အတိုင်းအတာတစ်ခုထိ အကျိုးရှိသည်မှန်သော်လည်း ......ယာယီကုထုံးသည် ယာယီသာလျှင် ဖြစ်သင့်ပေလိမ့်မည်.. ယာယီကုထုံးသည် အစစ်အမှန်ကုထုံးမလာသေးမီ သုံးရခြင်းဖြစ်လေရာ ယာယီသာလျှင် စောင့်ရှောက်နိုင်ပေလိမ့်မည်.. ..ယာယီကုထုံးကို တကယ့်အစစ်အမှန်ကုထုံးအဖြစ် ထင်မှတ်မိသွားပါက တကယ့်အစစ်အမှန် ကုထုံးနှင့် အလွဲကြီး လွဲပေမည်။


အမှန်တရား သစ္စာတရားကို မမေ့မှု နှလုံးသွင်းဆင်ခြင်မှုဖြင့် တစ်ခုခု၊ တစ်ဦးဦး တစ်ယောက်ယောက်၊ သက်ရှိ-သက်မဲ့၊ ပုဂ္ဂိုလ်-သတ္တ၀ါ ဟူသော အယူကို ယာယီ မှ သည် အမြစ်ပြတ်စွန့်လွှတ်မှုကြောင့် ဖြစ်ပေါ် လာသော အလောဘ-အဒေါသ-အမောဟစိတ်များဖြင့် ......
....ထိန်းနေစရာမလိုဘဲ လုံခြုံသွားသည့် ကိုယ်ကျင့်သီလမျိုး ......
....ထားနေစရာမလိုဘဲ အလိုလို ဖြစ်ပေါ်နေသည့်မေတ္တာမျိုး...
....ဂုဏ်တော်ပွားနေစရာမလိုဘဲ ဘုရားရှင်၏ အလောဘ-အဒေါသ-အမောဟစိတ်(ဥာဏ်တော်)များကို အတိုင်းအတာ တစ်ခုထိ သိနားလည်လျှက် အလိုလိုဖြစ်ပေါ်နေသည့် ကြည်ညိုမှု သဒ္ဓါတရားမျိုး ....ထိဖြစ်ပေါ်အောင် ကျွန်တော်တို့ ကြိုးစားသွားရပေမည်။

ကျွနိုပ်တို့....အဓိကထားရမည့် အရာများကို အဓိက မထားတတ်ပါက ....အဓိကမဟုတ်သည်များကိုသာ အဓိကထားမိလေတော့သည်။
အဓိကမဟုတ်သည်များကို အဓိကထားမိရာမှ ကျွန်ုပ်တို့တတွေဟာ ရရှိသင့်သည် အခွင့်အရေးများ ဆုံးရှုံးခဲ့သည်မှာလည်း မရေမတွက်နိုင်အောင် ရှိခဲ့ချေပြီ။ ဘ၀မှပေးသော သင်ခန်းစာဆိုသည်များလည်း သင်ယူလို့မဆုံး။ lessons ပေးခဲ့ရလို့ မဆုံး ဖြစ်ခဲ့ချေပြီ။


ယခုကာလတွင် လွတ်မြောက်မှု၊ တည်မြဲမှု၊ ချမ်းသာမှုအစစ်အမှန်ကို အမှန်တကယ် ပေးစွမ်းနိုင်သည့် တစ်ကြောင်း တည်း သော မဂ္ဂင်လမ်းကြီး ထင်ထင်ရှားရှား ရှိခြင်းကြောင့် ယခုခေတ်ကာလကို အချိန် ကာလ ပညတ်အားဖြင့် ၀ိမုတ္တိ ခေတ်ကြီးဟု ခေါ်ကြပေသည်။

ဝိမုတ္တိခေတ်ကြီးနှင့် ကြုံခိုက် ၀ိမုတ္တိ (လွတ်မြောက်အေးငြိမ်းမှုချမ်းသာအစစ်)ဖြစ်ပေါ်ရေး အကြောင်းရင်း အစစ် အမှန်ဖြစ်သည့် တစ်ကြောင်းတည်းသော မဂ္ဂင်လမ်း၊ မဂ္ဂင်လုပ်ငန်း တရား အားထုတ်မှုကို နားလည်မှုလွဲကာ အဓိက မထားမိပါက ၀ိမုတ္တိခေတ်ကြီးကို သက္ကရာဇ်အားဖြင့် တွေ့ကြုံသည်ဆိုသော်လည်း အလွဲကြီး လွဲနေလေပြီ။

၈) ငြင်းပယ်မှုများ နှင့် ငြိတွယ်မှုများ (သို့) လွဲချော်မှုများ


မှန်မှန်ကန်ကန်နားလည်မှု မရှိခြင်းကြောင့်ပင် .....
တချို့က တရား အားထုတ်ပါ က ရူးတတ်သည် ဟူ၍လည်းကောင်း၊ ....
တချို့ကတော့ တရား အား မထုတ်နဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အားထုတ်ရင် လောကီကြီးပွား တိုးတက်ရေး တွေ ဆုတ်ယုတ်ကုန်မယ်ဟူ၍လည်းကောင်း၊....
တချို့ကျတော့လည်း တစ်ကိုယ် ကောင်းဆန်တဲ့အလုပ်၊ ကိုယ်လွတ်ရုန်းတဲ့ အလုပ်အဖြစ်လည်းကောင်း၊ ....
တချို့ကတော့လည်း လူ့ပတ်ဝန်းကျင်မှ သတ်မှတ်သော လူကောင်းဘ၀ ကို အဟုတ်ထင်ပြီး .....((ငါမကောင်းတာ ဘာမှမလုပ် ဒါကြောင့် တရားအားထုတ်ရန် မလို )) ဟူ၍လည်းကောင်း၊ ....
တချို့ကလည်း ဒါန-သီလ-စတဲ့ ပါရမီလုပ်ငန်း တွေ အရင်လုပ် ...တရားအလုပ်က ပါရမီတွေပြည့်မှ လုပ်ရမယ့် အလုပ်ဟူ၍ လည်းကောင်း......
မိမိကိုယ်တိုင်လည်း ပါရမီကို ပြည့်မပြည့် တိုင်းတာလို့ လည်းမရဘဲ ကျွန်ုပ်တို့ဟာ ကိုယ်ထင်ရာ ကိုယ်အမှန်တရား လုပ်နေကြပါသည် .... .....
စွန်းလွန်းဆရာတော်ကြီး ကတော့ ပါရမီကို လွှဲချသူများအတွက် အတိတ်က ပါရမီ ၁% သာရှိခဲ့ပါက ယခုဘ၀တွင် ၉၉% လုပ်ဖို့ပဲဖြစ်ကြောင်း၊ အရင်ဘ၀တွင် ပါရမီ ၉၉% ရှိခဲ့ပြီး၊ ယခုဘ၀တွင် ၁% မျှ မလုပ်ဖြစ်ပါက မည်သို့မျှ အမှန်တရားအတွက် လမ်းပွင့်စရာမရှိကြောင်း ဆုံးမဖူးလေသည်။


စွန်းလွန်းဆရာတော်၊ သဲအင်းဂူဆရာတော်၊ မိုးကုတ်ဆရာတော်၊ ဆူနာမီဆရာတော် စသည်ဖြင့် ဆရာတော်များ သည် ဒါန သီလ စသော ဘာသာခြားများပင် နားလည်ပြီး လုပ်ဆောင်တတ်နေသောတရားများလောက် ကို လုပ် ဆောင်တတ်စေဖို့ ဗုဒ္ဓ ပွင့်တော်မူလာရခြင်းမဟုတ်ဘဲ ....

ဝိပဿနာတရားတည်းဟူသော တစ်ကြောင်းတည်းသောလမ်း-မဂ္ဂင် အလုပ်ကို လုပ်ဆောင်တတ်ကြစေပြီး တကယ့်ချမ်းသာအစစ်ကို ရရှိ ကြစေရန် ဗုဒ္ဓ ပွင့်တော်မူလာရခြင်းဖြစ်ကြောင်း၊ .....



ဝိပဿနာ ဘာဝနာမယပညာ (သို့) သစ္စာတရား ကို မမေ့မှု၊ နှလုံးသွင်းတတ်မှု (မဂ္ဂင်အလုပ်) ကို အဓိကထားခြင်းဖြင့် ဖြစ်ပေါ်လာသော အလောဘ-အဒေါသစိတ် များသည် ဒါန၊ သီလတို့ကို အရင်ကထက် လေးနက်စွာ၊ လုံခြုံစွာ ပြုလုပ်-စောင့်ထိန်း လာမည်ဖြစ်ကြောင်း သေချာစွာ အထပ်ထပ် ရှင်းပြ - သင်ပြ ပေးခဲ့ကြသော်လည်း ......

အချို့သည် သိလျှက်နှင့်သော်လည်းကောင်း၊ တချို့လည်း နားစွန်နားဖျား နားထောင်လျှက် နားလည်မှု လွဲခြင်းကြောင့်သော် လည်းကောင်း ၀ိပဿနာ ဆရာတော်များသည် ဒါန၊ သီလကို ပယ်နေသည်-သေးသိမ် အောင် ပြော နေသည် ဟူ၍ ဝေဖန်ကြကာ အမှန်တရားနှင့် အဝေးကြီး ဝေးရပြန်လေသည်။

ကျွန်ုပ်တို့ တရားအလုပ် (သို့) မဂ္ဂင်အလုပ်အပေါ် အမျိုးမျိုး ထင်မြင် ချက်ပေးကာ ငြင်းပယ်မှုများ ကို လည်း ကျွန်ုပ်တို့ ကြားနေရပါသည်။

အမျိုးမျိုးသော ပြဿနာဒုက္ခများကို ဖန်တီးနေသည့် ကိလေသာများကို စွန့်လွှတ်သည့် တစ်ကြောင်း တည်းသောမဂ္ဂင်လမ်းကို ဘာနည်း၊ ညာနည်းဟူ၍ သတ်မှတ်ကာ ငြိတွယ်စွဲလမ်းနေမှုများ ကိုလည်း ကျွန်ုပ်တို့ တရားစခန်း တချို့တွင်တွေ့မြင် နေရသည်မှာ ဖုံးကွယ်စရာမလိုဟု ထင်ပါ သည်။

.....ဘာနည်း၊ ညာနည်း၊ ဘာပဲ၊ ညာပဲ စသည်ဖြင့် တစ်ခုခု ကို အဟုတ် ထင်မှတ်ကာ ငြိတွယ်နေမှု (လောဘ တရား) ကိုလည်းကောင်း၊
.....မိမိ တန်ဖိုးထားနေမှု စံ နှင့် မကိုက်ညီသောကြောင့် မကျေမနပ်ဖြစ်လျှက် အလိုမကျဖြစ်လျှက် ................ငြင်းပယ်နေမှု (ဒေါသတရား)ကို လည်းကောင်း ...
......ထို လောဘ-ဒေါသ-များကို အဟုတ်ထင်နေမှု (မောဟတရား) ကို လည်းကောင်း ......စွန့်လွှတ်သည့် အတတ်ပညာ (တစ်ကြောင်းတည်းသော မဂ္ဂင် အလုပ်အစစ်)သည် မည်သည့် အကြောင်းပြချက်နှင့် မှ ငြင်းဆန်ရန် မသင့် လျော်ပေ။

၉။ နံပါတ်တစ် ထားရန်အလုပ်

ထို့ကြောင့်လည်း မိုးကုတ်ဆရာတော်ကြီးက တရားအလုပ် အားထုတ်မှု (တစ်ခုခုကို ရှုမှတ်နေရန်) ထက် ဒိဋ္ဌိပြုတ်ရေးအလုပ်(သို့) တရားအလုပ် အပေါ် မှန်မှန်ကန်ကန်နားလည်ရေး (သစ္စာတရားများကိုနာကြားသည့်အလုပ်) နံပါတ်တစ် အဓိက ထားရန် အထပ်ထပ် သတိပေး မှာကြား ရှာလေသည်။


ရုပ်၊ ဝေဒနာ၊ စိတ်၊ ခံစားချက်၊ အတွေး စသည် တို့ကို တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊ တစ်နေရာရာ၊ အဖြစ်...အချိန်တစ်ခုကြာ မြဲနေသည်-ဖြစ်နေသည် ဟူသော ထင်မြင်ချက် (အ၀ိဇ္ဇာ-ဒိဋ္ဌိ) ကို မှန်မှန်ကန်ကန် သုတမယ-စိန္တမယ-ဘာဝနာမယဥာဏ်အားဖြင့် အဆင့်ဆင့် မစွန့်တတ်ဘဲ တစ်ခုခုကို ရှုမှတ်၍ တရားအားထုတ်ပါက ကျွန်ုပ်တို့ ဈာန်၊ အဘိဥာဏ်များထိ ရရှိနိုင်မည်ဖြစ်ပါသည် ......

သို့သော် အရှင် ဒေ၀ဒတ္တရဟန်း ကဲ့သို့ (အ၀ိဇ္ဇာ-ဒိဋ္ဌိ)၏ လှည့်စားဖန်တီးမှုအောက် ငါဘုရားဖြစ်ရန် ဟူသည့် ............
စိတ်၊ ခံစားချက်၊ များကို အချိန်တစ်ခုကြာ ရှိနေ-ဖြစ်နေသည့် ငါ့ခံစားချက် များအဖြစ် အတည်ယူကာ-အရှိလုပ်--အဟုတ်ထင်လျှက် အဓိကထား မိရာမှ
..........တရား အားထုတ်မှုကြောင့် ဈာန်၊ တန်ခိုးများ ရရှိခဲ့ငြားသော်လည်း ဘုရားရှင်ကိုပင် လုပ်ကြံသတ်ဖြတ်ရန် အားထုတ်မိသည်အထိ မှားတတ်ကြောင်း ကိုလည်း သတိရသင့်ပေသည်..


၁၀။ တရစပ် ပျက်စီးနေမှု ဒုက္ခသစ္စာလား - ငါ့ဒုက္ခတွေလား




မိုးကုတ်ဆရာတော်ကြီးဟာ ရုပ်ပဲ၊ ဝေဒနာပဲ၊ စိတ်ပဲ စသည်ဖြင့်တစ်ခုခု၊ တစ်ယောက်ယောက် ကို အချိန်တစ်ခုကြာ မြဲနေ၊ ရှိနေသည်ဟူ၍ အရှိလုပ်-အဟုတ်ထင်မှု(အ၀ိဇ္ဇာ) ကြောင့်ဖြစ်ပေါ်နေရသည့် လောဘ၊ဒေါသ (တဏှာ)များကို အတည်ယူ၍၊ အဟုတ်ထင်၍၊ အရှိလုပ်၍ (တရစပ် လျင်မြန်လွန်းစွာ ပျက်စီးနေမှု ကို မသိ၍) အလိုလိုက်မိရာမှ ကံသုံးပါး (သင်္ခါရ၊ ကံ)ကို ပြုလုပ်ကြမိကြလေသည်။

ကံများ တရစပ်ပြုလုပ်မှုကြောင့် ၀ိပဿနာပညာ ဥာဏ်များမဖြစ်ပေါ်နိုင်ပဲ မပြတ်တရစပ် စက္ကန့်မလပ် ဖောက်ပြန်ပျက်စီးနေမှု တွေပဲဖြစ်နေသည်။ ဒုက္ခစက်လည်နေမှုပဲဖြစ်နေသည်၊ အပျက်တွေပဲဖြစ်နေသည်... အဖတ်မတင်မှုတွေဖြစ်နေသည်..ဒုက္ခသစ္စာ သက်သက်သာ ဖြစ်နေသည်။

တစ်ခုခု၊ တစ်ယောက်ယောက်၊ ပုဂ္ဂိုလ်-သတ္တ၀ါဖြစ်နေခြင်းမဟုတ်ကြောင်း၊ ..............
ဒုက္ခအစစ်သည် ဟူသည် တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ဦးဦး နှင့် ပတ်သက်သော သက်ဆိုင်သော ဒုက္ခမဟုတ်ကြောင်း၊.........
.ငါ့ဒုက္ခ မဟုတ် ...ငါ့ သမုဒယ ဟု ထင်မြင်နေခြင်းသည် တကယ့် ဒုက္ခအစစ်၊ သမုဒယအစစ် မဟုတ်ကြောင်း စက်ဝိုင်းကြီးဖြင့် အထပ်ထပ် ရှင်းပြခဲ့လေသည်။




...သမုဒယသစ္စာ နှင့် ဒုက္ခ သစ္စာ သက်သက်သာဖြစ်နေကြောင်း (တနည်းအားဖြင့်) အကြောင်း အကျိုး ဖြစ်စဉ်များ၏ အပြန်အလှန် ကျေးဇူးပြုနေမှု...........
ဖန်တီးပြုလုပ်နေမ
ှု တို့၏ တရစပ် စက္ကန့်မလပ် ပျက်စီးနေမှု သက်သက်သာဖြစ်ကြောင်း ရှင်းပြခဲ့လေသည်။


ငါ့ဒုက္ခ၊ ငါ့သမုဒယ မပါဝင်သော်လည်း... ငါ့ဒုက္ခတွေ ၊ ငါ့သမုဒယတွေ အဖြစ် အဟုတ်ထင်ကာ ၀မ်းနည်းနေအောင် စိတ်ဖိစီးမှုတွေဖြစ်နေအောင် (တဏှာ-ဥပါဒါန် တွေဖြစ်အောင် အ၀ိဇ္ဇာ၏ လှည့်စားဖန်တီးနေမှု(သင်္ခါရ၊ ကံ)များသာ တရစပ်ဖြစ်ပေါ် ချုပ်ပျောက်နေကြောင်း...ငါဒုက္ခဖြစ်၍... ငါသေသွားခြင်းမျိုး မဟုတ်ကြောင်း....

တစ်ခုခု ဖြစ်၍..ပျက်သွားခြင်း၊ တစ်ယောက်ယောက်မွေး၍ တစ်ယောက်ယောက်သေဆုံးခြင်း ဟူသည့် ပညတ်ဒုက္ခအတု များအပေါ် သောကမဖြစ်စေရန် မငြိတွယ်မိစေရန် - အဟုတ်မထင်မိစေရန် - ရှင်းပြလေသည်။

၁၁။ တစ်ခုခု ဖြစ်၍ တစ်ခုခု ပျက်သွားခြင်းလော... တရစပ်ပျက်စီးနေမှုကို တစ်ခုခုအဖြစ် ထင် မြင် ယူဆ နေခြင်း လော..


ဒါပေမယ့် ကျွန်ုပ်တို့ကတော့ ကိုယ်နားလည်သော တစ်ခုခု-တစ်ယောက်ယောက် အယူကို မစွန့်ဘဲ...တကယ်မဟုတ်သော တစ်ခုခု- တစ်ဦးဦး-(အတ္တ-ငါ) ကို အရှိလုပ်ကာ၊ အဟုတ်ထင်ကာ ထိုတစ်ခုခု၊ တစ်ယောက်ယောက် ကို စက်ဝိုင်းထဲထည့်သွင်းပြီး ထိုတစ်ခုခု၊ တစ်ယောက်ယောက် ကို စက်ဝိုင်းထဲမှ ထွက်ဖို့ရန် ကြိုးစားနေသည်ဟု
နားလည်မှု လွဲပြန်လေသည်...

မြတ်စွာဘုရားမှ အင်္ဂ္ဂုတ္တရနိကာယ် နှင့် ဓါတုကထာ တို့တွင် စိတ်-စေတသိက်-ရုပ်တို့သည် မျက်တောင် တစ်ခတ်တွင် ကုဋေ ငါးထောင်ကျော် (ရုပ်ပျက်နှုန်း)၊ ကုဋေ တစ်သိန်းနှုန်း(စိတ်-စေတသိက်ပျက်နှုန်း) ဖြင့် တရစပ် ဖောက်ပြန် ပျက်စီးနေမှုသည် တကယ့်အနိစ္စ အစစ်ဟု ဆိုငြားသော်လည်း .........................

ကျွန်ုပ်တို့ကတော့ အချိန်တစ်ခုကြာ မြဲနေပြီး ရှိနေပြီးမှ ပျက်စီးသွားသော အတွေးလေးတစ်ခု၊ နာကျင်မှု လေးတစ်ခု၊ ပူတာလေးတစ်ခု စသည်ဖြင့် တစ်ခုခု၊ တစ်ယောက်ယောက်၏ ပျက်စီးမှု (ပညတ်ဖြစ်ပျက် ) များကို တကယ့် ဖြစ်ပျက် တကယ့် အနိစ္စဟူ၍ အထင်မှားပြန်လေသည်။

ပူတာလေးတစ်ခုက အချိန်တစ်ခုကြာ မြဲနေ-ဖြစ်နေပြီး ....အနိစ္စ ရောက်သွားတာဟု နားလည်ခြင်းမျိုးထက်...တရစပ် လျင်မြန်လွန်းစွာ အနိစ္စ သက်သက် ဖြစ်နေမှု ကို .....ပူတာလေးတစ်ခုဟု အထင်မှားနေကြောင်း နားလည်ဖို့ လိုအပ်ပေသည်..

ဆက်လက်ဖော်ပြပါမည်......


မေတ္တာဖြင့်
စိုးဝင်းထွဋ်
0 ဝေဖန်မှု

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP