* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 21, 2010

ဇနကဇာတ် အဆက်

0005052Kph0.jpg

“မင်းသား၊ လုံ့လမပြုအပ်သော အရာ၌ လုံ့လပြုမှားသူမှာ လိုအပ်သောကိစ္စ မပြီး။ တောင့်တအပ်သော အကျိုး မရ။ အသက်သော်လည်း ဆုံးရာ၏။ သို့တည်းမဟုတ် ကိုယ်စိတ် နှစ်ပါးသော်လည်း ပင်ပန်းရာ၏။ ပရိသတ် အလယ်၌ ရှက်ဖွယ်သော်လည်း ဖြစ်ရာ၏။ ယခု ကမ်းမမြင်သော မဟာသမုဒ္ဒရာ၌ ကူးသောသင် မင်းသား၏ လုံ့လသည် နေရာကျပါအံ့လော”

“နတ်သမီး၊ ယခု ငါ သမုဒ္ဒရာ၌ ကူးသကဲ့သို့ အခြားသူတို့သည်လည်း အောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ လုံ့လကို မလျှော့ထိုက်။ လူပျင်း လူညံ့တို့၏ အယူကို အစွဲအမှတ် ပြု၍ ယခု ပြောဆိုသော သင်နတ်သမီး၏ စကားသည် မသင့်။ နတ်သမီး၊ လောက၌ လူတို့သည် ပျင်းရိ၍ မနေအပ်။ ကောင်းစွာသော လုံ့လဖြင့် အခါခပ်သိမ်းပင် ကိုယ်ဖြင့် တန်သည်၊ နှုတ်ဖြင့် တန်သည်၊ စိတ်ဖြင့် ကြံမည်ဟု ထောက်ချင့်၍ လုံ့လ ပြုအပ်လှသည်။ နတ်သမီး၊ ဤ သမုဒ္ဒရာ၌ ငါနှင့်အတူ ၇၀၀ သော သင်္ဘောသားတို့သည် နစ်မွန်းကြသည်တွင် သူတို့သည် ယောက်ျားတို့၏ လုံ့လ ချို့တဲ့ပေသောကြောင့် ငါး၊ လိပ်၊ မကန်းတို့အစာ ဖြစ်ကြလေကုန်ပြီ။ ငါမူကား ယောက်ျားတို့၏ လုံ့လ မလျှော့သောကြောင့်၊ ငါး၊ လိပ်၊ မကန်းတို့ဘေးမှလည်း လွတ်ခဲ့၏။ လူ သာမညတို့ မြင်ရခဲသော နတ်သမီးကိုလည်း အနီးကပ်ကပ် အမှတ်ထင်ထင် မြင်ရ၏။ သင်ချစ်ခင်၍ ငါ့ကို ဆောင်ပါလျှင် ငါ့လိုအင်ဆန္ဒ ပြည့်ဝတော့အံ့။ သင်မဆယ်တင်၍ ဤတွင်ပင် ငါဆုံးပါးရသော်လည်း လုံ့လပြုကျိုး ငါ ရရှိလေပြီ။ ငါသည် အစွမ်းရှိတိုင်း၊ အားရှိတိုင်း မဆုတ် မဆိုင်းသော လုံ့လဖြင့် မဟာသမုဒ္ဒရာကမ်းသို့ ဆက်လက်ကူးခပ်အံ့”

ဇနက၏ စကားကို မဏိမေခလာ နတ်သမီးသည် လွန်စွာနှစ်သက် မြတ်နိုးသွားလေသည်။

“မင်းသား၊ သင်သည် ကောင်းမြတ်ဖြောင့်စင်းသော လုံ့လနှင့် ပြည့်စုံပါပေသည်။ ထို့ကြောင့်လည်း ငါး၊ လိပ်တို့၏ ဘေးရန်မှ လွတ်ခဲ့ပြီ။ ယခုလည်း ဤ သမုဒ္ဒရာ၌ မနစ်မွန်းသေး။ အို- မြတ်သော လုံ့လရှင် ပညာရှိမင်းသား၊ သင့်ကို ငါ ယခုဆယ်တင်အံ့။ အဘယ်အရပ်သို့ ပို့ရမည်နည်း” ဟု မေးလေသည်။

မင်းသားကလည်း “ နတ်သမီး၊ မိထိလာပြည်သို့ ငါ့ကို ပို့ဆောင်ပါလော့” ဟု ဆို၏။

ထိုအခါ မဏိမေခလာ နတ်သမီးသည် ဇနကမင်းသားကို လက်နှစ်ဖက်ဖြင့် ညင်သာစွာ ချီပွေ့ပြီးလျှင် ရင်ခွင်၌ ပိုက်လျက် ကောင်းကင်ခရီးဖြင့် ဆောင်သည်။ မင်းသား သွားလိုရာ မိထိလာပြည်သို့ ပို့ဆောင်ပေးသည်။ ဥယျာဉ်ထဲရှိ ကျောက်ဖျာထက်၌ သိပ်ထားခဲ့လေသည်။

ထိုအချိန်၌ မိထိလာပြည်တွင် ပေါလဇနက မင်းကြီး မရှိတော့ပြီ။ မင်းကြီးသည် ဇနကမင်းသား သင်္ဘောလွှင့်သည့် နေ့၌ပင် နာမကျန်း ဖြစ်ခဲ့သည်။ ယခု နတ်ရွာစံသည်မှာ ၇-ရက် ရှိပြီ။ မင်းကြီး၌ သားတော်မရှိ။ သမီးတော် သီဝလိဒေဝီ တစ်ပါးတည်းသာ ရှိသည်။ သီဝလိဒေဝီသည် ရုပ်ရည် အလွန်တရာ ချောမောသည်။ ပညာဉာဏ်လည်း ကြီးသည်။

မင်းကြီးသည် နတ်ရွာစံခါနီးတွင် “ငါ၏ ထီးနန်းကို ဆက်ခံသူသည် (၁) သမီးတော် နှစ်သက်သူ ဖြစ်ရမည်။ (၂) ပလ္လင်၏ ခေါင်းရင်းကို သိသူ ဖြစ်ရမည်။ (၃) ဗိုလ်တစ်ထောင်တင်သော လေးကို တင်နိုင်သူ ဖြစ်ရမည်။ (၄) ရွှေအိုးကြီး ၁၆-လုံးကို ဖော်ထုတ်နိုင်သူ ဖြစ်ရမည်။ ဤ အင်္ဂါရပ်တို့ဖြင့် ပြည့်စုံသူအား ထီးနန်းကို အပ်နှင်းကြ” ဟူ၍ မှာကြားတော်မူခဲ့သည်။

မူးမတ်တို့လည်း ဤ အင်္ဂါရပ်များနှင့် ပြည့်စုံသူကို ရှာဖွေကြသည်။ သူတို့က သီဝလိဒေဝီ မင်းသမီးအား စစ်သူကြီး၊ ရွှေတိုက်ဝန်၊ သူဌေးကြီးတို့ကို သင့်မသင့် စူးစမ်းကြည့်ရန် တင်ပြကြသည်။ မင်းသမီးသည် ထိုသူ သုံးဦးအား တစ်ဦးပြီး တစ်ဦး စူးစမ်းကြည့်သည်။ မနှစ်သက်။ ပယ်လိုက်သည်။ ထိုက်တန်သူကို ရှာမရ။

နောက်ဆုံးတွင် မူးမတ်တို့သည် ဖုတ်သွင်းရထားခေါ် ဖုဿရထား လွှတ်ပြီး မင်းလောင်းရှာရန် စီမံကြရသည်။ ဖုတ်သွင်းရထား ဆိုသည်မှာ မောင်းသူ မပါ။ မင်္ဂလာရှိသော ရထားကို မြင်းဖြူကြီး ၄-ကောင်တပ်လျက် မင်းမြောက်တန်ဆာ ၅-ပါးကို တင်ပြီး ‘မင်းလောင်းရှိရာ သွားစေသတည်း’ ဟု ဓိဌာန် လွှတ်ရသော ရထားဖြစ်သည်။

ဤအတိုင်း စီစဉ်ပြီးလျှင် ဖုတ်သွင်းရထားကို လွှတ်လိုက်သည်။ ရထားနောက်မှ တူရိယာများကိုလည်း တီးမှုတ်၍ လိုက်စေသည်။

ရထားသည် မြို့ကို ပတ်ပြီးလျှင် ဥယျာဉ်တော်သို့ သွားသည်။ ဇနကမင်းသား အိပ်စက်နေသော ကျောက်ဖျာရှေ့သို့ ရောက်သောအခါ ရပ်တန့်သွားသည်။

မှူးမတ်တို့လည်း ကျောက်ဖျာပေါ်၌ ဇနက အိပ်နေသည်ကို မြင်သွားကြသည်။ “အကယ်၍ ထီးနန်းနှင့် မထိုက်တန်သူ ဖြစ်လျှင် အလန့်တကြား ထပြေးလိမ့်မည်” ဟု ဆိုကာ တူရိယာတို့ကို တစ်ပြိုင်နက် ဆူညံစွာ တီးမှုတ်စေသည်။

ဇနကသည် ဆူညံသော အသံတို့ကြောင့် အိပ်ရာမှ နိုးသွားသည်။ ခေါင်းမြီးခြုံကို လှစ်ကြည့်ရာ များလှစွာသော ဗိုလ်ပါအပေါင်းတို့ကို တွေ့ရသည်။ ထိုအခါ လုံးဝ ဂရုမစိုက်ဟန်ဖြင့် တစ်ဖက်သို့ စောင်းလျက် ပြန်အိပ်သည်။

ပုရောဟိတ် ပုဏ္ဏားသည် ဇနကမင်းသားထံ ချဉ်းကပ်၍ ခြေဖဝါး၌ ရှိသော အရေးအကြောင်း အမှတ်အသား တို့ကို ကြည့်သည်။ မင်းဖြစ်ထိုက်သူ ဖြစ်ကြောင်း သိရှိသွားသည်။

မှူးမတ်တို့က ‘ဤလူကား ဖုတ်သွင်းရထား အဆိုက်ခံရသူလည်း ဖြစ်သည်။ မင်းဖြစ်ထိုက်သော ကြန်အင်လက္ခဏာ တို့နှင့်လည်း ပြည့်စုံသည်။ ငါတို့မင်းကြီး မှာကြားတော်မူခဲ့သော အင်္ဂါလေးပါးနှင့်လည်း ပြည့်စုံတန်ရာ၏’ ဟု တညီတညွတ်တည်း ဆုံးဖြတ်ကြသည်။

ထို့နောက် မှူးမတ်တို့က “အရှင့်သား၊ မိထိလာပြည်ကြီးကို အုပ်စိုးတော်မူပါ” ဟု တောင်းပန်ကြသည်။ ဇနကမင်းသားသည် ချက်ချင်း လက်မခံသေး။ မေးမြန်း စုံစမ်း၍ အကြောင်းစုံ သိရမှ လက်ခံလိုက်သည်။

(ဇနကဇာတ် အဆက်အား ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP