"Wait and hope"
တွင်းနက် (Black Hole) ဟာ သူ့အနီးနားက အရာအားလုံးကို စုပ်ယူဝါးမြို ပစ်လိုက်သတဲ့။ နောက်ဆုံး အလင်းရောင်ကိုတောင် လက်လွတ်မခံဘဲ စုပ်ယူပစ်လိုက်ပါတယ်။ မှောင်ကြီးမည်းမည်း ဖြစ်သွားတယ်။
တွင်းနက်ထဲ ရောက်နေတဲ့ အခြေအနေတစ်ခုကို မျှော်လင့်ချက် ကုန်ဆုံးသူတစ်ဦးက တင်ပြလာတယ်လို့ ကျွန်တော် စိတ်ကူးယဉ်ဖြစ်တယ်။ ဒါမှမဟုတ် မျှော်လင့်ချက် ကုန်ဆုံးတဲ့ အခြေအနေတစ်ရပ်ကို ကျွန်တော်ကိုယ်တိုင် မျက်မှောက် တွေ့ကြုံနေရတယ်လို့ စိတ်ကူးယဉ်မိတယ်။
အဲဒီမှာတင် မွန်တီခရစ္စတို နယ်စားကြီး (Count Monte Cristo) နဲ့ ကပ္ပတိန်မော်ရဲလ် (Capt. Morrel) တို့ရဲ့ အခြေအတင် စကားပြောတဲ့အသံကို သတိရမိတာပါပဲ။ အလွန်ချစ်ခင်တဲ့ မိတ်ဆွေနှစ်ဦး၊ ဒါမှမဟုတ် ဒါမှမဟုတ် ကံဆိုးသူ မောင်ရှင်နှစ်ဦးဟာ မော်ရဲလ်ရဲ့ ရည်းစားသည် ဗယ်လင်တိုင်ရဲ့ အုတ်ဂူရှေ့မှာ ဆုံကြတယ်။
"သင် အုတ်ဂူတွေကို မကြည့်သင့်ဘူး မက်ဆီလီယမ်။ ဟောဟိုကနေရာကို ကြည့်ရမှာကွယ့်"
နယ်စားကြီးက ကောင်းကင်ကို လက်ညှိုးထိုးပြတယ်။
"ကျွန်တော့်မှာ တခြား ဘာဆန္ဒမှ မရှိဘူး နယ်စားကြီး။ ကျွန်တော် အခု တွေးနေတာကတော့ တခြားနေရာတွေအားလုံးထက် အခုနေရာဟာ ကျွန်တော့်ကို နာကျင်မှုအနည်းဆုံးနဲ့ အချိန်ကုန်ဆုံးခွင့် ပေးနိုင်ခဲ့တယ် ဆိုတာပဲ။ "
"ကောင်းပါပြီ...လေ ...ကောင်းပါပြီ။ သင့်ကို ထားပြီး ကျွန်ုပ် ခရီးဆက်ရဦးမယ်။ သင့်ကိုယ်သင် အဆုံးမစီရင်ဘူးဆိုတဲ့ ကတိကို ကျွန်ုပ်နဲ့တစ်ပါတည်း ယူသွားရလိမ့်မယ်။ ဟုတ်ကဲ့လား..."
"အလို၊ နယ်စားကြီးခင်ဗျာ..။ ကျွန်တော် အဲဒီကတိကို မေ့သွားမှာ ဖြစ်ပါတယ်။"
"မေ့လို့မဖြစ်ဘူး မောင်ရဲ့။ အကြောင်းက မောင်ဟာ သိက္ခာရှိတဲ့လူ ဖြစ်လို့ပဲ။ သင် ကျမ်းကျိန်ထားရဲ့ မဟုတ်လား။ ဒီလိုလူစားက ဒါမျိုး ထပ်လုပ်ဦးမတဲ့လား။ "
"ကျွန်တော့်ကို သနားပါ နယ်စားကြီး။ ကျွန်တော်ဟာ အကြီးအကျယ် စိတ်ဆင်းရဲနေပါတယ်။"
"သင့်ထက် ကံအများကြီးဆိုးတဲ့ လူတစ်ယောက်ကို ကျွန်ုပ်တွေ့ဖူးတယ် မော်ရဲလ်"
"မဖြစ်နိုင်ပါဘူး ..ခင်ဗျာ"
"အလိုလေး...သင်ပြောတာဟာ ကျွန်ုပ်တို့ဘေးနားက ငိုကြွေးမြည်တမ်း နေကြသူတွေ အားလုံးထက် ကျွန်ုပ်တို့က ပိုပြီးကံဆိုးပါတယ်လို့ ယုံကြည်လေ့ရှိကြတဲ့ လူ့သဘော လူ့သဘာဝအတိုင်းပါလား"
"သူချစ်တဲ့အရာတွေ သူ့မျှော်လင့်ချက် ဆန္ဒတွေ အားလုံး အဆုံးရှုံးခံလိုက်ရတဲ့ လူတစ်ယောက်ထက် ဘယ်ဒင်းကများ ပိုဆိုးလိမ့်မလဲ နယ်စားကြီး"
"နားထောင်စမ်း မော်ရဲလ်၊ ကျွန်ုပ်ပြောပြမယ့်ဟာကို သေသေချာချာ နားထောင်စမ်း။ သင့်လိုပဲ ပျော်ရွှင်မှုရဲ့ မျှော်လင့်ချက် အားလုံးကို မိန်းမတစ်ယောက်ဆီမှာ မြှုပ်နှံထားခဲ့တဲ့ လူတစ်ယောက်ကို ကျွန်ုပ်တွေ့ဖူးတယ်။ အဲဒီလူဟာ ငယ်ရွယ်ခဲ့တယ်။ သူ့မှာ သူချစ်တဲ့ အဖေအိုကြီး တစ်ယောက်လည်း ရှိခဲ့တယ်။ သူမြတ်နိုးတဲ့ သတို့သမီးလောင်းနဲ့လည်း စေ့စပ်ထားတယ်။ သူတို့နှစ်ယောက် လက်ထပ်ဖို့ အချိန်နည်းနည်းပဲ လိုတော့တယ်။
တစ်နေ့တော့ ကံကြမ္မာ အလှည့်အပြောင်းဆိုတာ ဖြစ်လာတယ်။ ဘုရားသခင်ရဲ့ ကယ်တင်မှုဟာ အရာရာရဲ့ နိဂုံးကမ္ပအတွက် ဖြစ်လာခဲ့တဲ့အခါ သူဟာ ဘုရားရဲ့ ကယ်တင်ခြင်း ဆိုတာကိုတောင် သံသယ ဖြစ်ခဲ့တယ်။ ကံကြမ္မာ အလှည့်အပြောင်းဟာ သူ့ကို သူ့ရည်းစားသည် ဆီကနေ ခွဲခွာခဲ့တယ်။ သူစိတ်ကူးယဉ် အိပ်မက်ခဲ့တဲ့ အနာဂတ်ကနေ ခွဲခွာခဲ့တယ်။ ( ပစ္စုပ္ပန်ကိုသာ ဖတ်ရှုလို့ ရတယ်ဆိုတဲ့ အချက်ကို သူက မျက်ကန်းတစ်ယောက်လို မေ့လျော့ခဲ့တာကိုးကွယ့်)။ ကြမ္မာဆိုးဟာ သူ့ကို အကျဉ်းထောင်ရဲ့ နံရံတွေကြားမှာ ပိတ်လှောင်ထားခဲ့တယ်။ "
"အား" မော်ရဲလ်က အော်လိုက်တယ်။ "မြေတိုက်ခန်းထဲမှာ ပိတ်လှောင်ခံရတဲ့သူဟာ တစ်ပတ်တန်သည်၊ တစ်လတန်သည် တစ်နှစ်တန်သည်ရှိရင် လွတ်မြောက်တာပဲ မဟုတ်လား နယ်စားကြီး"
"အဲဒီလူဟာ ဆယ့်လေးနှစ်တိတိ နေခဲ့ရတယ် မော်ရဲလ်။"လို့ နယ်စားကြီးက ဆိုတယ်။ နယ်စားကြီးဟာ သူ့လက်တွေကို လူငယ်ရဲ့ ပခုံးပေါ်တင်လိုက်တယ်။ မက်ဆီလီယမ်ဟာ တကိုယ်လုံး သိမ့်သိမ့်ခါနေတယ်။
"ဆယ့်လေးနှစ် မော်ရဲရေ.. ဆယ့်လေးနှစ်ကွယ့်" နယ်စားကြီးက ရေရွတ်တယ်။ "အဲဒီကာလအတွင်းမှာ သူ့နှလုံးသားတစ်ခုလုံး တစစီကြေမွစေခဲ့တဲ့ အဖြစ်အပျက်တွေ အများအပြား ပေါ်လာခဲ့တယ် မော်ရဲလ်ရဲ့။ သူဟာလည်း မောင့်လိုပဲ... သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ စိတ်အဆင်းရဲဆုံး လူတစ်ယောက်လို့ မှတ်ယူခဲ့တာကလားကွယ်"
"ဟုတ်သလား..." မော်ရဲလ်က ဆိုတယ်။
"ဟုတ်တယ်။ သူ့အတွက် ပျက်သုဉ်းမှုတွေရဲ့ အထွတ်အထိပ်အရောက်မှာ ဘုရားသခင်က သူ့ကို စောင်မခဲ့တယ်။ ပထမပိုင်းမှာ သူဟာ ဘုရားသခင်ရဲ့ ကရုဏာတော် အနန္တကို သတိမပြုမိခဲ့ဘူး။ ဒါပေမဲ့ သူဟာ စိတ်ရှည်သည်းခံစွာနဲ့ စောင့်ဆိုင်းခဲ့တယ်။ တစ်နေ့တော့ အံ့ဖွယ်ကောင်းလောက်အောင် သူထောင်က လွတ်တယ်။ ချမ်းသာလာတယ်။ သြဇာအာဏာ ရှိလာတယ်။ ပထမဆုံး သူ့ဖခင်အတွက် မျက်ရည်စပြီးတော့ ကျရတယ်။ သူ့ဖခင်ကြီးက ဆုံးနှင့်ပြီး ဖြစ်သကိုး။"
"ကျွန်တော့်အဖေဟာလည်းပဲ သေဆုံးသွားပြီ ဖြစ်ပါတယ် ခင်ဗျာ"
"မှန်ပါတယ်။ ဒါပေမဲ့ မောင့်အဖေဟာ လူ့သက်တမ်းစေ့နေနိုင်ခဲ့ပြီး မောင်ရင်တို့ သားသမီးဆွေမျိုးတွေရဲ့ လက်ထဲမှာ ပျော်ပျော်ရွှင်ရွှင်၊ ချမ်းချမ်းသာသာ၊ ဂုဏ်သိက္ခာရှိရှိ သေဆုံးခဲ့တာပါကွယ်။ ဟိုလူရဲ့ အဖေခမျာတော့ ဆင်းရဲမွဲတေလို့ သေဆုံးခဲ့ရတာ၊ မျှော်လင့်ချက်တွေ ကုန်ဆုံးလျက်နဲ့၊ ဘုရားသခင်ကိုတောင် သံသယတွေဝင်လျက်နဲ့ သေဆုံးရတာ ဖြစ်ပါတယ်။ နောင်ဆယ်နှစ်ကြာတဲ့ အချိန်မှာ သားဖြစ်သူက ဖခင်ရဲ့ အုတ်ဂူကို ရှာဖွေခဲ့ပေမဲ့ အလောင်းမြှုပ်တဲ့ နေရာကိုတောင် ရှာလို့ မတွေ့ခဲ့ဘူး။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှလည်း သူ့ဖခင်ကို ဘယ်နားမှာ မြှုပ်ထားသလဲ မပြောပြနိုင်ဘူး။ မောင်ရင် တို့ ချစ်တဲ့ အဖေကတော့ အဲဒီကနေရာကလေးမှာ သက်တောင့်သက်သာ လဲလျောင်းခွင့်ရနေတယ် မဟုတ်လား။"
"အိုး..." မောရဲလ်က အာမေဋိတ်ပြုတယ်။
"သူဟာ သူ့ဖခင်ရဲ့ အုတ်ဂူကိုတောင် ရှာဖွေလို့ မရနိုင်လို့ သင့်ထက် စိတ်ဆင်းရဲရတဲ့ သားတစ်ယောက်ဖြစ်ခဲ့တယ် မော်ရဲလ်။ "
"ဒါပေမဲ့ အဲဒီလူမှာ သူချစ်တဲ့ မိန်းမ ကျန်သေးတယ် မဟုတ်လား"
"အဲဒီမိန်းမကိုပါ ဆုံးရှုံးခဲ့ရပါသတဲ့ မော်ရဲလ်"
"ဆုံးသွားတာလား"
"ဆုံးသွားတာထက်တောင် ဆိုးသေးတယ်။ အဲဒီမိန်းမက သစ္စာမစောင့်ဆည်းဘဲ သူ့ ခင်ပွန်းလောင်းကို နှိပ်စက်ညှဉ်းဆဲခဲ့တဲ့ လူတွေထဲက တစ်ယောက်နဲ့ လက်ထပ်သွားတယ်။ တွေ့သလား မော်ရဲလ်။ အဲဒီလူဟာ သင့်ထက် ပိုပြီးစိတ်ဆင်းရဲခဲ့တဲ့ လူတစ်ယောက်ဆိုတာ"
"အဲဒီလူဟာ သက်သာရာ ရနိုင်ပါသေးသလား နယ်စားကြီးခင်ဗျာ"
"အဲဒီလူဟာ အနည်းဆုံး ငြိမ်းချမ်းမှုကိုတော့ ရှာတွေ့ခဲ့ပါသတဲ့"
"အဲဒီလူဟာ ပျော်ရွှင်ဖို့ မျှော်လင့်ပါသေးသလား နယ်စားကြီး"
"မျှော်လင့်ပါသေးသတဲ့ မက်ဆီမီလီယမ်"
လူငယ်ဟာ ခေါင်းငိုက်စိုက်ကျသွားတယ်။ "ကျွန်တော် ကတိပေးပါတယ် နယ်စားကြီး" တစ်မိနစ်လောက် ရပ်ဆိုင်းပြီး သူ့လက်ကို မွန်တီခရစ္စတို နယ်စားကြီးဆီ ကမ်းပေးလိုက်တယ်။ "မှတ်ထားဖို့က.."
"အောက်တိုဘာ ငါးရက်နေ့ဖြစ်တယ်။ မော်ရဲလ်။ မွန်တီခရစ္စတို ကျွန်းမှာ ကျွန်ုပ် သင့်ကိုစောင့်နေမယ်။"
ဲ
-----
အဲဒီစကားလုံးတွေအတိုင်း ဖြစ်ပါတယ်။ ဒူးမတ်စ်ရဲ့ မွန်တီခရစ္စတိုနယ်စားကြီး (The Count Monte Cristo) ၀တ္ထုက ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ရွှေဥဒေါင်း ဘာသာပြန်ထားတဲ့ ရတနာသိုက်ဆိုတဲ့ စာအုပ်ကို သဘောကျလွန်းလို့ ဖင်ပြန်ခေါင်းပြန် အကြိမ်ကြိမ် ဖတ်ရှုခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီတုန်းက စာအုပ်က ရှေ့ဖုံးနဲ့ နောက်ဖုံး မရှိတော့လို့ ရှေ့ဆုံးခန်းနဲ့ နောက်ဆုံးခန်းကို ဖတ်ရဖို့ ဆယ်နှစ်ခန့်စောင့်ခဲ့ရတယ်။ တော်တော်လေး ကြာတော့ ဂျိမ်းစ်လှကျော်ရဲ့ မောင်ရင်မောင် မမယ်မကို ဖတ်ရပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ချင်း အတော်ခြားနားတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကို ထည့်ရေးလိုက်ပါသေးတယ်။ အဓိပ္ပါယ်ခြားနားသွားတဲ့အတွက် ဇာတ်လမ်းအကျဉ်းချုပ်ကို ပြန်ဖျက်လိုက်တယ်။ ဖတ်ချင်ရင် ဖတ်လို့ရအောင် PDF တင်ထားတဲ့နေရာကို ပြပါမယ်။ Click here
နောက်ဆုံးခန်းမှာ ဆုံးသွားပြီ ယူဆခဲ့ကြတဲ့ ဗယ်လင်တိုင်က မသေဆုံးဘဲ ချစ်သူနှစ်ဦးသား ပြန်တွေ့ကြပြီး၊ ဗယ်လင်တိုင်က မော်ရဲလ်ကို အခုလို ပြောတဲ့စကားနဲ့ အဆုံးသတ်ပါတယ်။
"မောင်ရေ...နယ်စားကြီးဟာ ဗယ်လင်တိုင်တို့ကို လူ့အသိပညာအားလုံးရဲ့ အနှစ်ချုပ်ကို ပြောပြသွားတာပါလားကွယ်။
စောင့်ဆိုင်းပါ (Wait)။
ပြီးတော့ မျှော်လင့်ပါ(and hope)။
တဲ့"


0 comments:
Post a Comment