* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 21, 2010

အကုသိုလ္ကံ၊ ကာမာဝစရကုသိုလ္ကံ

..... အရှင် (ကောရဗျ)မင်းကြီး အမြဲ ချီးမွမ်းနေတဲ့ အိမ်ရာတည်ထောင် လူ့ဘောင်ကို စွန့်ပြီး အိမ်ရာမထောင် ရဟန်းဘောင်သို့ ကူးပြောင်းသွားတဲ့ ရဋ္ဌပါလအမျိုးကောင်းသားဟာ မိဂစီရဥယျာဉ်တော်ထဲမှာ နေ့သန့်နေတော်မူပါတယ် ဘုရား ... ဟု ဥယျာဉ်မှူးက လျှောက်တင်သဖြင့် ဥယျာဉ်တော်ထဲ ပျော်ပွဲစားထွက်မည့် အစီအစဉ်အစား အရှင်ရဋ္ဌပါလထံ ဆည်းကပ်၍ တရားစကား လျှောက်ထား မေးမြန်း နာကြားရန် အစီအစဉ် ပြောင်းလိုက်သည်။

အိုခြင်း၊ နာခြင်း၊ ဥစ္စာပျက်ခြင်း၊ ဆွေမျိုးပျက်ခြင်း ဟူသော ပျက်စီးခြင်း လေးပါးနှင့် ကြုံတွေ့မှသာလျှင် ရဟန်းပြုရိုးဖြစ်ပါလျက် ထိုပျက်စီးခြင်းများလည်း မရှိ၊ အသက်လည်း ငယ်ရွယ်သော သေဌေးသား ရဋ္ဌပါလ အမျိုးကောင်းသား ရဟန်းပြုသွားခဲ့ရခြင်းအကြောင်းကို သိလိုလှသော ကောရဗျမင်းကြီးအတွက် လျှောက်ထား မေးမြန်းခွင့် ရလေပြီ။

တရားတော်ကို သက်ဝင်ယုံကြည်သော သဒ္ဓါပဗ္ဗဇိတဖြင့် ရဟန်းပြုလာခဲ့သော အရှင်ရဋ္ဌပါလမထေရ်က ကောရဗျမင်းကြီးအား ဖြေကြားချက် (မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သော ဓမ္မုဒ္ဒေသလေးပါး)ကို လောကချမ်းသာဆရာတော်က ၂၀၁၀ ခုနှစ် မေလ ၁၅ ရက် စနေနေ့ အပတ်စဉ် (၃၂) အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းတွင် လင်္ကာများဖြင့် ထည့်သွင်း ဟောကြားသွား၏။

  • ‘အို’ ‘နာ’ ‘သေ’ သို့၊ မောင်းနှင်ပို့၊ လူတို့ မမြဲကြပါတကား။
  • စောင့်ရှောက်သူမဲ့၊ ကိုးရာမဲ့၊ အားနွဲ့လှချည်၏တကား။
  • လိုမပြည့်ဝ၊ အားမရ၊ တဏှာ့ကျွန်ချည်းပါတကား။
  • ကိုယ်ပိုင်ဥစ္စာ၊ မရှိပါ၊ စွန့်ကာ သွားကြရမှာပါတကား။
  • ဓမ္မုဒ္ဒေသ၊ ဤလေးဝ၊ ဗုဒ္ဓဟောညွှန်ပြခဲ့ပေသည်တကား။

+++++

အပတ်စဉ် (၃၂) အဘိဓမ္မာသင်တန်းပို့ချချက် အစပိုင်းတွင် ဆရာတော် အရှင်သီလာနန္ဒာဘိဝံသက အရက်သောက်ခြင်းအမျိုးမျိုးနှင့် အပြစ်များအကြောင်း ယခင်အပတ်တွင် ပို့ချခဲ့သည်များကို အကျဉ်းချုပ် ပြန်လည် ပို့ချပေးပြီး အရက်ဖြစ်ပေါ်လာပုံ ကုမ္ဘဇာတ်တော်ကို ဗဟုသုဖြစ်ဖွယ် ဟောပြော၏။

အကုသလကမ္မပထတရား ၁၀ ပါးသည် အဘိဓမ္မာသဘောအရ အကုသိုလ်စိတ် ၁၂ ပါးပင် ဖြစ်၏။
အကုသိုလ်စိတ် ၁၂ ပါးထဲက တစ်ပါးပါးဖြင့် ပြုလုပ်၏။

ပါဏာတိပါတ၊ ဖရုဿဝါစာ၊ ဗျာပါဒ ၃-ခုကို ဒေါသမူလကြောင့် ပြု၏။

ကာမေသုမိစ္ဆာစာရ၊ အဘိဇ္ဈာ၊ မိစ္ဆာဒိဋ္ဌိတို့မှာ လောဘမူလကြောင့် ဖြစ်၏။

ကျန် အကုသိုလ်ကမ္မပထတရားတို့မှာ လောဘ၊ ဒေါသ နှစ်မျိုးလုံးကြောင့် ဖြစ်၏။

အကုသိုလ်ကမ္မပထတရား ၁၀ ပါးကို ပုဗ္ဗစေတနာ (မလုပ်မီ စေတနာ)၊ မုဉ္စစေတနာ (ပြုလုပ်ဆဲ စေတနာ)၊ အပရစေတနာ (လုပ်ပြီး စေတနာ)တို့ဖြင့် မြှောက်ပွားက ၃၀ ရ၏။

နောက်တစ်နည်းအားဖြင့် -

  • ကိုယ်တိုင် ပြုလုပ်ခြင်း
  • တိုက်တွန်း စေခိုင်းခြင်း
  • ချီးမွမ်းခြင်း
  • စိတ်သဘောတူခြင်း စသော ၄-မျိုးဖြင့် မြှောက်ပွားက ၄၀ ဖြစ်၏။

“လင်္ကာ”
‘ကိုယ်တိုင်’ ‘တိုက်တွန်း’၊ ‘ချီးမွမ်း’ ‘စိတ်တူ’၊ ပွားပြန်မူ၊ မှတ်ယူ လေးဆယ်ကံ။
(လယ်တီဆရာတော်)

အကုသိုလ်ကမ္မပထတရား ၁၀ ပါး (သို့မဟုတ်) ဒုစရိုက် ၁၀ ပါးကို ရှောင်ကြဉ်က သုစရိုက် ၁၀ ပါး ဖြစ်၏။
ပါဏာတိပါတ လုပ်စရာရှိသည်ကို မလုပ်ဘဲ နေလိုက်ခြင်း၊ မုသားပြောစရာရှိသည်ကို မပြောဘဲ နေလိုက်ခြင်း ... စသည် ဖြစ်၏။


ကုသိုလ်ကမ္မပထတရား ၁၀ ပါး

ကုသိုလ်ကမ္မပထတရား ၁၀ ပါးမှာ -
‘ဒါန’၊ ‘သီလ’၊ ‘ဘာဝနာ’၊ ‘အပစာယန’၊ ‘ဝေယျာဝစ္စ’၊ ‘ပတ္တိဒါန’၊ ‘ပတ္တာနုမောဒနာ’၊ ‘ဓမ္မဿဝန’၊ ‘ဓမ္မဒေသနာ’၊ ‘ဒိဋ္ဌိဇုကမ္မ’ တို့ ဖြစ်၏။


ဒါန

ဒါန၏ အဓိပ္ပာယ်ကို အဖြောင့်ဆိုက ပေးလှူခြင်း ဖြစ်၏။

အဘိဓမ္မာနည်းအရမူ ပေးလှူသောအခါ ဖြစ်ပေါ်သော စိတ်နှင့် ယှဉ်သည့် စေတနာ ဖြစ်၏။
ပေးလှူရာတွင် ဤစေတနာ မပါရှိဘဲ မဖြစ်နိုင်။
အမှန်တကယ် မပေးလှူဘဲနှင့်လည်း ပေးလှူကြောင်းဖြစ်သော စေတနာ မဖြစ်နိုင်။
ပေးမှသာ ပေးလှူသော စေတနာ ဖြစ်နိုင်၏။

... စိတ်ထဲမှာ စေတနာလေး ဖြစ်နေရင် ပြီးတာပါပဲ။ တကယ်လှူဖို့ မလိုပါဘူး ... ဟု ပြောလေ့ရှိသည်များမှာ သဘာဝ မကျ။ ဟုတ်လည်း မဟုတ်ပါ။

ဒါနအမျိုးမျိုး ရှိ၏။

လှူအပ်သော ပစ္စည်းကိုပင် ဒါနဟု ခေါ်သည်လည်း ရှိ၏။

ပေးလှူမှုအမူအရာကို ဒါနဟု ခေါ်သည်လည်း ရှိ၏။

ပေးလှူမှုပြုရာတွင်, ကုသိုလ်ကောင်းမှုပြုရာတွင် စေတနာသုံးတန်ဖြစ်သော ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာ သုံးမျိုးလုံး သန့်ရှင်း ထက်သန်ရန် လို၏။

ပန်းလေးတစ်ပွင့် လှူခြင်းဖြင့် ကမ္ဘပေါင်းရှစ်ဆယ် အပါယ်မလားခြင်းမှာ မလှူမီ၊ လှူဆဲ၊ လှူပြီး ဖြစ်ပေါ်ခဲ့သော အလွန်တရာ သန့်ရှင်း ထက်သန်သည့် စေတနာ၏ အကျိုးကြောင့်သာ ဖြစ်ပေမည်။

ထို့ကြောင့် လှူသောနေရာတွင် အများကြီး လှူခြင်း၊ နည်းနည်းလေး လှူခြင်းထက် ပို၍ အရေးကြီးသည်မှာ သန့်ရှင်းသော စေတနာ၊ ထက်သန်သော စေတနာ ဖြစ်၏။
“လောကမှာ နည်းသည်ဟု ဆိုသော အလှူ မရှိပါ”ဟူ၍ မြတ်စွာဘုရားဟောတော်မူကြောင်း သိရ၏။

နောက်တစ်နည်းအားဖြင့် -

ဒါနသည် ဟီနဒါန (အညံ့စားဒါန)၊ မဇ္ဈိမဒါန (အလယ်အလတ်စားဒါန)၊ ပဏီတဒါန (အထက်တန်း အမြတ်စား ဒါန) ဟူ၍ သုံးမျိုး ရှိ၏။

ညံ့သော ဆန္ဒ, ညံ့သော စိတ်, ညံ့သော ဝိရိယ, ညံ့သော ပညာတို့ဖြင့် ပြုသော ဒါနမျိုးသည် အညံ့စားဒါန ဖြစ်၏။
ထို့အတူ အလယ်အလတ် ဆန္ဒ ... စသည်ဖြစ်က မဇ္ဈိမဒါန၊ အထက်တန်းစား ထက်ထက်သန်သန် ဆန္ဒ ... စသည်ဖြစ်က အမြတ်စားဒါန ဖြစ်၏။

ငွေတစ်ရာအကုန်ကျခံ၍ အလှူပြုကြခြင်းအတူတူ ဆန္ဒ, စိတ်, ပညာ, ဝီရိယ ထက်ထက်သန်သန်ဖြင့် လှူသူက ပို၍ အကျိုးများမည် ဖြစ်၏။

တစ်နည်းအားဖြင့် အကျော်အစောလိုချင် နာမည်ကြီးချင်၍ လှူက အညံ့စားဒါန၊ ဒါန၏အကျိုးကို လိုလားပြီး လှူက အလယ်အလတ်စားဒါန၊ သူတော်ကောင်းမှန်လျှင် ပြုရမည့်ကိစ္စတစ်ရပ်အနေဖြင့် ပြုက အမြတ်စားဒါန ဖြစ်၏။

တစ်နည်းအားဖြင့် ငါကတော့ လှူတယ်၊ သူများတွေက မလှူဘူးဟု ကိုယ့်ကိုကိုယ်မြှောက်ပြီး သူတပါးကို နှိမ်ချလို၍ ပြုက အညံ့စားဒါန၊ လောကီချမ်းသာကို လိုလား၍ လှူက အလတ်စားဒါန၊ မဂ်ဖိုလ် နိဗ္ဗာန်ကို တောင့်တပြီးလှူက အမြတ်စားဒါန ဖြစ်၏။

တစ်နည်းအားဖြင့် ဘဝစည်းစိမ်ကို တောင့်တပြီး လှူက အညံ့စားဒါန၊ မိမိ၏ သံသရာမှ လွတ်မြောက်မှုကို မျှော်ပြီး လှူက အလယ်အလတ်စားဒါန၊ ဘုရားလောင်းများကဲ့သို့ သတ္တဝါအားလုံး သံသရာမှ လွတ်မြောက်ရေးအတွက် လှူက ဒါနပါရမီမြောက်သော အမြတ်စားဒါန ဖြစ်၏။

ထို့ကြောင့် မိမိတို့ လှူရာ၌ အကျိုးအများဆုံးရရှိအောင် လှူနည်း သိရှိနားလည်ပြီး လှူတတ်ကြရန် လို၏။


သီလ

သီလဆိုသည်မှာ ကိုယ်မှု နှုတ်မှုတို့ကို အကုသိုလ်မဖြစ်ရအောင် ကောင်းစွာထားခြင်း၊ ကောင်းစွာထားရှိခြင်းတွင်ပါသော စေတနာ ဖြစ်၏။

သီလသည်လည်း အမျိုးမျိုး ရှိ၏။

ရဟန်းတို့ စောင့်ထိန်းအပ်သော ၂၂၇-သွယ်သော သိက္ခာပုဒ်, ရဟန်းသီလ၊
ရဟန်းမ ဘိက္ခုနီမတို့ ကျင့်သုံးအပ်သော သိက္ခာပုဒ် ၃၁၁ ပါး၊
သာမဏေတို့ စောင့်ထိန်းအပ်သော ၁၀-ပါးသီလ၊ လိင် ၁၀-ပါး, ဒဏ် ၁၀-ပါး၊ သေခိယ ၇၅-ပါး၊
လူဝတ်ကြောင်တို့ စောင့်ထိန်းအပ်သော ၅-ပါးသီလ၊ ၈-ပါးသီလ ဟူ၍ ရှိ၏။

ဒုဿီလနှင့် အလဇ္ဇီ

‘မေထုန်မှီဝဲခြင်း’၊ ‘သူများဥစ္စာကို ခိုးခြင်း’၊ ‘လူသတ်ခြင်း’၊ ‘ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟု လိမ်ပြောခြင်း’ ဟူသော ပါရာဇိက ၄-ပါးအနက်နက် တစ်ပါးပါး ကျူးလွန်သော ရဟန်းကို သီလမရှိသောရဟန်း = ဒုဿီလ ဟု ခေါ်၏။ ရဟန်းအဖြစ်က အလိုလို လျောကျပြီး ဖြစ်၏။ ပါရာဇိကကျပြီးက ယခုဘဝတွင် နောက်ထပ်တစ်ဖန် ရဟန်းအဖြစ် မရနိုင်တော့ပေ။

ပါရာဇိက ၄-ပါး မဟုတ်ဘဲ တခြားသိက္ခာပုဒ်များကို မရှက်မကြောက် လွန်ကျူးနေသော ပုဂ္ဂိုလ်မျိုးကိုမူ အလဇ္ဇီဟု ခေါ်၏။

သာမဏေများမှာ သီလပျက်က သရဏဂုံ ပြန်ယူ ဆောက်တည်ရ၏။
သရဏဂုံယူခြင်းဖြင့် သာမဏေသီလ တည်၏။

မြတ်စွာဘုရားကို ဆည်းကပ်သော, သရဏဂုံတည်သော လူဝတ်ကြောင်ကို ပါဠိလို ‘ဥပါသက’ဟု ခေါ်၏။
လူအများက ‘ဥပါသကာ’ဟု ပြောဆိုတတ်ကြ၏။

ဥပါသကဖြစ်ပြီး လူဝတ်ကြောင်တို့မှာ အမြဲစောင့်ထိန်းရသော နိစ္စသီလဖြစ်သည့် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲကြရ၏။

ငါးပါးသီလဆောက်တည်ရာ၌ သီလတစ်ပါးစီ ဆိုပြီး မဆောက်တည်ဘဲ ပေါင်း၍ ‘ငါးပါးသီလ ဆောက်တည်ပါ၏’ဟု သီလယူက သီလတစ်ပါး ကျိုးပျက်လျှင် ငါးပါးစလုံး ကျိုးပျက်၏။
တစ်ပါးစီ ဆိုပြီး ဆောက်တည်ထားက တစ်ပါးကျိုးပျက်လျှင် ထိုတစ်ပါးသာ ကျိုးပျက်၏။

စာရိတ္တသီလ နှင့် ဝါရိတ္တသီလ

စာရိတ္တသီလဆိုသည်မှာ မျိုးရိုးထုံးစံအရ ကောင်းသောအကျင့်များကို ခေါ်၏။
မကျင့်လျှင် အပြစ်မရှိ၊ ကျင့်လျှင် အကျိုးရှိသော သီလ ဖြစ်၏။

ရဟန်းတို့တွင် ပညတ်ထားသော သိက္ခာပုဒ် ၂၂၇ ပါးအပြင် ဝိနည်း ကျမ်းဂန်များတွင် ပညတ်ထားသော ခန္ဓကကဲ့သို့ သိက္ခာပုဒ်များကို စာရိတ္တသီလဟု ခေါ်၏။

ဝါရိတ္တသီလဆိုသည်မှာ ရှောင်ရန် တားမြစ်ထားသော သီလ ဖြစ်၏။
လူတို့၏ နိစ္စသီလဖြစ်သော ငါးပါးသီလ၊ ရဟန်းတို့၌ ပါတိမောက်သီလတို့မှာ ဝါရိတ္တသီလ ဖြစ်၏။

သီလသည် ကာယကံနှင့် ဝစီကံကို ထိန်းချုပ်၏။
မနောကံ စိတ်ဖြင့် သီလမပျက်သော်လည်း သီလညစ်နွမ်း၏။
မနောကံကို ဘာဝနာဖြင့် ထိန်းရ၏။


ဘာဝနာ

တိုးတက်ပွားများအောင် လုပ်ခြင်းကို ဘာဝနာဟု ခေါ်၏။
ကုသိုလ်စိတ် တိုးတက်ပွားများအောင် လုပ်ခြင်းကို ဆို၏။

ဘာဝနာမှာ သမထဘာဝနာနှင့် ဝိပဿနာဘာဝနာ ဟု ၂-မျိုး ရှိ၏။
ဤနှစ်မျိုးကို ကမ္မဋ္ဌာန်းဟုလည်း ခေါ်၏။

အားကြီးသော သမာဓိကို ဖြစ်စေနိုင်သည့် ကမ္မဋ္ဌာန်းမျိုးသည် သမထဘာဝနာ၊
အနိစ္စ, ဒုက္ခ, အနတ္တ မြင်အောင် ရှုမှတ်ပွားများခြင်းသည် ဝိပဿနာဘာဝနာ ဖြစ်၏။

ဤ သမထဘာဝနာနှင့် ဝိပဿနာဘာဝနာ နှစ်ပါးအကြောင်းကို နောက်ဆုံးပိုင်း-နဝမပိုင်း၌ ကျမ်းဆရာ အကျယ်ပြဆို၏။


အပစာယန

အရိုအသေပေးမှုတွင် ပါသော စေတနာကို အပစာယနဟု ခေါ်၏။
မိဘ, ဆရာသမား, ရဟန်း သံဃာ, မိမိထက် အသက် ဂုဏ်သိက္ခာ ကြီးသော ပုဂ္ဂိုလ်များကို အရိုအသေပေးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ ရှိခိုးဦးချခြင်း စသည် ရိုးရိုးသားသား ရိုသေမှု ပြုခြင်းကို အပစာယနဟု ခေါ်၏။


ဝေယျာဝစ္စ

မိဘကဲ့သို့ ပုဂ္ဂိုလ်များ၊ မကျန်းမမာဖြစ်နေသည့် ပုဂ္ဂိုလ်များ၊ အတူနေ သီတင်းသုံးဖော်များ၏ အပြစ်ကင်းသော လုပ်ငန်းများမှာ ကူညီဆောင်ရွက်ပေးသော စေတနာကို ဝေယျာဝစ္စဟု ခေါ်၏။

ကိုယ့်ထက်ကြီးသူကို ရေခပ်ပေးခြင်း၊ လမ်းဖြတ်ကူးနေသော သက်ကြီးရွယ်အိုကို ကူညီတွဲပို့ပေးခြင်း .. စသည့် ရိုးဖြောင့်သော စေတနာဖြင့် ကူညီဆောင်ရွက်ပေးခြင်း ဖြစ်၏။

ပါယာသိမြို့စား၏ အလှူကို စီမံကွပ်ကဲရသော အခိုင်းအစေ ဥတ္တရလုလင်မှာ စေတနာကောင်းဖြင့် ရိုရိုသေသေ လေးလေးစားစား ပြုလုပ်ဆောင်ရွက်ပေးသောကြောင့် သေလွန်သော် မြို့စားထက် အဆင်မြင့်သော နတ်ဖြစ်ရ၏။

+++++

အဘိဓမ္မာသင်တန်းပြီးသော် နာရီဝက်ခန့် အနားရကြပြီး ညနေ ၆ နာရီခွဲ၌ လောကချမ်းသာ စနေနေ့ ဆည်းဆာတရားပွဲကို အရှင်ဝိမလက “သင့်အဖော် ဘယ်သူလဲ” (သို့မဟုတ်) “သင် .. ဘယ်သူနဲ့ နေသလဲ” တရားခေါင်းစဉ်ဖြင့် ဓမ္မဒါနပြု ဟောကြား၏။




တရားပွဲပြီးသော် ၁၅ မိနစ်ခန့် ဝိပဿနာဘာဝနာ ပွားများကြရပြီး ကောင်းမှုကုသိုလ် အစုစုတို့ကို အမျှပေးဝေကြ၏။

သာဓု ... သာဓု ... သာဓု။

+++++
စာကိုး
အရှင်ဝိစိတ္တသာရာဘိဝံသ၏ “ဟောစဉ်တရားတော်များ (စတုတ္ထတွဲ)”
အရှင်သီလာနန္ဒာဘိဝံသ၏ “အဘိဓမ္မာသင်တန်းပို့ချချက်များ”

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP