မပြောခင် အရင် စဉ်းစား
(၁)
“မပြောခင် အရင် စဉ်းစား”ဟု ခေါင်းစဉ် တပ်လိုက်သည်။ မြတ်စွာဘုရားရှင်နှင့် ဆက်စပ်သောအကြောင်းအရာများကို ဖတ်လိုက်တိုင်း ထုတ်ယူနိုင်သော လက်တွေ့ကျင့်ကြံမှုမရှိသည့်တိုင် အသိအမြင်တွေက အလွန်များသည်။ အကြောင်းဝတ္ထုအသီးသီးတွင် ရည်ရွယ်ချက် အသီးသီး ရှိနေသည်။ ထိုရည်ရွယ်ချက်သို့ ဦးတည်နေသော အကြောင်းဝတ္ထု၊ ဖြစ်ပျက်အခြင်းအရာများတွင် ဂယက်အနက်အသီးသီးကလည်း ကိုယ်စီ ဖြာထွက်နေကြသည်။
ပါထိကပုတ္တတက္ကဒွန်းအကြောင်းကို ဖတ်ရှုရသောအခါ သိလိုက်ရသော အရာများက ခေါင်းထဲသို့ အလျှိုလျှို ၀င်လာကြသည်။ ထိုဝင်လာသော အသိအမြင်များအနက် “မပြောခင် အရင် စဉ်းစား”ဆိုသော ၀ါကျလေးက အသံပိုကျယ်နေခဲ့သည်။ အခြားအရာများထက် ပိုလွန်ကဲနေသော မစဉ်းမစား မဆင်မခြင် ပြောလိုက်သော ပါထိကပုတ္တတက္ကဒွန်း၏ စကားတစ်ခွန်းက ဤခေါင်းစဉ်ကို လက်မ,ထောင်ပြလိုက်သည်။
နေရာတိုင်းတွင် ထင်ပေါ်နေသူ အသီးသီး ရှိနေတတ်သည်မှာ လောကလူ့ရွာ၏ သဘာဝပင်ဖြစ်သည်။ ကမ္ဘာ၊ တိုင်းပြည်၊ မြို့၊ ရွာစသည်အားဖြင့် ကြီးကြီးငယ်ငယ်နေရာဒေသတိုင်းတွင် အများက လေးစားရသူ၊ ဆရာကြီးဟု သမုတ်ခံရသူ၊ အထင်ကြီးခံ အလေးစားခံ ပုဂ္ဂိုလ်များ ရှိသည်။ အချို့မှာ တစ်ကမ္ဘာလုံးအတိုင်းအတာအထိ လေးစားခံရသည်။ အချို့က နိုင်ငံအ၀န်း နာမည်ကြီးသည်။ အားကိုးအားထားပြုခံရသည်။ အချို့က မြို့အတိုင်းအတာ၊ အချို့က ရွာအတိုင်းအတာ…စသည်မှ အစုအဖွဲ့တစ်ခု၊ ကျောင်းစာသင်တန်းတစ်တန်း စသည်တို့အတိုင်းအတာအားဖြင့် အထင်ကြီးခံရသည်။
လောကတွင် လုံးဝ(လုံးဝ)အချီးအကျူး မခံရဖူးသူဆို၍ တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။ လူတိုင်းလူတိုင်း ရှုထောင့်တစ်ခုခု၊ အကြောင်းအရာတစ်ခုခုဖြင့် ချီးကျူးခံရဖူးသည်သာ ဖြစ်ပါသည်။ ချီးကျူးခြင်းကို လူတိုင်း ကြိုက်ပါသည်။ မိမိကို ချီးကျူးဂုဏ်ပြုစကားပြောဆိုလျှင် အားလုံးနှစ်သက်သဘောကျသည်သာ ဖြစ်ပါသည်။ သို့ရာတွင် ချီးကျူးဂုဏ်ပြခံပုဂ္ဂိုလ်တို့အနေဖြင့် သတိပြုသင့်သောအချက်ရှိသည်။ ယင်းမှာ အများက ချီးကျူးဂုဏ်ပြုလိုက်သောစကားနှင့် မိမိ၏အခြေအနေ အမှန်တကယ် ဟပ်မိမဟပ်မိ၊ ကိုက်ညီမှုရှိခြင်းမရှိခြင်းပင် ဖြစ်ပါသည်။
ချီးမွှမ်းခြင်း၊ ကဲ့ရဲ့ခြင်းနှင့် စပ်လျဉ်း၍ ဗြဟ္မဇာလသုတ်တွင် မြတ်စွာဘုရား မိန့်မှာသောစကားမှာ အလွန်သတိပြုသင့်သည်။ မြတ်စွာဘုရားက ချီးမွှမ်းစကားနှင့်စပ်လျဉ်း၍ မိမိကို တစ်စုံတစ်ယောက်က မရှိသောဂုဏ်ဖြင့် လာရောက်ချီးမွှမ်းလာလျှင် မိမိမှာ ထိုဂုဏ်မရှိကြောင်း ပြန်လည်ပြောပြရမည်ဖြစ်ကြောင်း၊ မိမိမှာရှိသော ဂုဏ်ကို လာရောက်ချီးမွှမ်းလျှင် လက်ခံသင့်ကြောင်း သို့ရာတွင် ထိုချီးမွှမ်းစကားဖြင့် မြောက်မသွားသင့်ကြောင်း မှာကြားသည်။ ကဲ့ရဲ့ခြင်းနှင့် စပ်လျဉ်း၍လည်း တစ်စုံတစ်ယောက်က မိမိကို မဟုတ်မမှန် လာရောက်စွပ်စွဲကဲ့ရဲ့လျှင် ငြိမ်ခံမနေသင့်ကြောင်း၊ အမှန်အတိုင်းဖြစ်အောင် ပြန်လည်ရှင်းပြသင့်ကြောင်း မိန့်တော်မူထားသည်။
ပါထိကပုတ္တတက္ကဒွန်းသည် ထိုအမြင်၊ ထိုသဘောထားကို နှလုံးပိုက်ခဲ့မိဟန် မတူပေ။ အဘယ့်ကြောင့်ဆိုသော် ကိုးကွယ်သူများက သူ့အား မြတ်စွာဘုရားထက် ပညာအရာ၊ တန်ခိုးအရာတွင် သာလွန်ကြောင်း ချီးမွှမ်းစကားများကို မပယ်ချနိုင်ဘဲ သဘောခွေ့နှစ်ခြိုက်ခဲ့မိသောကြောင့် ဖြစ်လေသည်။ အသေးအမွှားချီးကျူးမှုလေးများဖြင့် ချီးကျူးခဲ့စဉ်က မသိသာခဲ့သော်လည်း အလွန်အကျွံ ချီးမွမ်းမှုများနေခဲ့လျှင်ကား လူသိလျှင် ပြဿနာဖြစ်၊ အရှက်ကွဲရဖို့သာ များလေသည်။
တစ်ရက်က ဖြစ်ပျက်ခဲ့သော ကိုယ်တွေ့အဖြစ်လေးမှာ ရယ်ရခက်ခက်ကြီး ဖြစ်ခဲ့သည်။ ဦးဇင်းတစ်ပါးသည် သူ့ကိုယ်သူ စာအလွန်ဖတ်သည်၊ စာအုပ်မျိုးစုံကို သူဖတ်ရှုထားပြီးပြီဟု ခံယူထားသည်။ သူ့ကိုလေးစားသော သူများကလည်း သူက အရမ်းတော်ကြောင်း၊ တော်တာမပြောနဲ့ စာက အလွန်ဖတ်တဲ့သူဟု အမြဲပြောလေ့ရှိသည်။ တစ်နေ့တွင် ခပ်နောက်နောက် ဦးဇင်းတစ်ပါးက “ဦးစိတ္တ အခု စာရေးနေတယ်ဆို၊ ဘာအကြောင်းတွေ ရေးနေတာလဲ”ဟု မေးလိုက်သည်။
“တပည့်တော် သမိုင်းနဲ့ပတ်သက်ပြီး ရေးနေတာပါ”
“စာအုပ်တွေကော တော်တော်များများ ဖတ်ပြီးပြီလား”
“အာ…ကိုယ်တော်ကလည်း တော်တော်များများ မဟုတ်ဘူး၊ ဒီအကြောင်းနဲ့ပတ်သက်ပြီး အကုန်ဖတ်ပြီးပြီ”
သူကတော့ အားရပါးရဖြေနေသည်။ မေးတဲ့ကိုယ်တော်မျက်နှာက ထေ့ပြုံးလေးကိုတော့ သူမြင်ခဲ့ဟန်မတူ။
“ကဲ ဟုတ်ပြီ၊ ကိုယ်တော်…ဒါဆိုရင် အမရပူရ ဒေါ်ဒေါ်ပု ရေးတဲ့ ပုဂံဆိုတဲ့ စာအုပ်ကော ဖတ်ပြီးပြီလား”
“အော် ဒီစာအုပ်လား၊ ဖတ်ပြီးပြီ”
“ဒါဆိုရင် ရွာဆော်ကြီး မောင်ကြွက်ရေးတဲ့ ပုဂံမင်းများအကြောင်းစာအုပ်ကော ဖတ်ပြီးပြီလား”
“ဒါလည်း ဖတ်ပြီးပြီ”
“အားပါး…ကိုယ်တော် တော်တော့်ကို ဖတ်ထားတာပဲ၊ ဒါဆိုရင် ဟိုစာအုပ်လေးကော ဖတ်ပြီးပြီလား မသိဘူး။ စာရေးဆရာက ရွှေညာသား မောင်ပုလေ၊ ဘာတဲ့ ဟံသာဝတီ ရှာပုံတော်ဆိုလား၊ အဲဒါကော ဖတ်ပြီးပြီလား”
“အာ…တပည့်တော်က သမိုင်းဆိုင်ရာ ရေးနေတာဆိုတာ ဘယ်လွှတ်လို့ ဖြစ်မလဲ၊ ဖတ်ပြီးပြီပေါ့”
ထိုစကားဝိုင်းအပြီး ညနေဖက် စကားပြောကြတော့ တဟားဟားဖြင့် ရယ်မောသံများ ကျယ်လောင်နေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အမရပူရ ဒေါ်ဒေါ်ပု၊ ရွာဆော်ကြီး မောင်ကြွက်၊ ရွှေညာသား မောင်ပု ဆိုသော အနှီစာရေးဆရာတို့မှာ အမှန်တကယ် မရှိ။ စိတ်ထဲရှိရာ လျှောက်ပြောလိုက်ခြင်းသာ ဖြစ်သည်။ အမေးခံရသူကလည်း “အဲဒါတော့ တပည့်တော် မဖတ်ရသေးဘူး”ဟု ပြောလိုက်လျှင် သူ့ကို ချီးမွမ်းနေသူတို့ အထင်သေးသွားကြမှာကို စိုးရိမ်နေခဲ့ဟန်ရှိသည်။ ထို့ကြောင့် မေးသမျှစာအုပ်များကို ဖတ်ပြီးပြီဟုသာ ဖြေလိုက်ခဲ့သည်။ ဤသည်မှာ အမြှောက်အပင့် သို့မဟုတ် အချီးအကျူး စကားများကို အလွန်အကြူး သာယာမိသောကြောင့် ဖြစ်လေသည်။
ပါထိကပုတ္တလည်း ထို့အတူပင် ဖြစ်သည်။ ၀ဇ္ဖီမင်းသားတို့၏ ချီးကျူးမှုမှန်သမျှကို လက်ခံထားခဲ့မိသည်။ မိမိမှာ အမှန်တကယ်ရှိသော ဂုဏ်ပုဒ် ဟုတ်မဟုတ် မစဉ်းစားမိခဲ့။ အသာယာကြီး သာယာခဲ့မိသည်။ ထို့အတွက်ကြောင့် သူ့ကို ဂေါတမမြတ်ဘုရားထက်တောင် တန်ခိုးကြီးတယ်ဟု ချီးမွှမ်းလာမှုကို မပယ်ချမိလိုက်ခဲ့ပေ။ မပယ်ချခဲ့သည့်အပြင် “မင်းသားတို့…ဂေါတမကလည်း ဘုရားလို့ ပြောတယ်။ ငါကလည်း ဘုရားပဲ။ ဂေါတမက တန်ခိုးပြာဋိဟာပြနိုင်တယ်လို့ ဆိုတယ်။ ငါကလည်း ပြနိုင်ပါတယ်။ သူသာ တန်ခိုးပြိုင်ဖို့ လာရဲတယ်ဆိုရင် ခရီးတစ်ဝက်ပဲ လာခဲ့ပါစေ၊ ငါကလည်း ခရီးတစ်ဝက်ရောက်အောင် သွားလိုက်မယ်။ ဂေါတမက တန်းခိုး တစ်ခုပြတယ်ဆိုရင် ငါက နှစ်ခု ပြလိုက်မယ်။ သူက နှစ်ခုပြရင် ငါက လေးခု ပြလိုက်မယ်၊ သူက လေးခုပြရင် ငါက ရှစ်ခု ပြလိုက်မယ်။ သူပြတိုင်း ငါက နှစ်ဆတက်ပြီး တန်ခိုးပြလိုက်မယ်”ဟု ပရိသတ်ရှေ့တွင် ပြောလိုက်မိသည်။
ပါထိကပုတ္တသည် မပြောခင် အရင် စဉ်းစားလိုက်ဖို့ ကောင်းသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ထံတွင် တန်ခိုးပြာဋိဟာပြနိုင်လောက်သောအရည်အချင်း တကယ်မရှိသည်ကို သူကိုယ်တိုင်က အသိဆုံး ဖြစ်ပေသည်။ သူ့အနေဖြင့် လူအများ၏ရှေ့တွင် ထိုစကားကို ပြောလိုက်ခြင်းအားဖြင့် အထင်ကြီးလေးစားမှုကို ပိုမို ရရှိလိမ့်မည်ဟု ယူဆထားခဲ့မည်မှာ သေချာသည်။ သို့ရာတွင် စကားလုံးက ကြီးလွန်းတော့ အကျိုးဆက်ကလည်း ကြီးမှာ သေချာသည်။ ထိုအကျိုးဆက်ကို သူ ကြိုမမြင်နိုင်ခဲ့ခြင်းမှာ သူ့အတွက် မဟာ့မဟာအမှားကြီး ဖြစ်ချေတော့သည်။

0 comments:
Post a Comment