* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 21, 2010

လွတ်လပ်စွာ ရွေးချယ်ခွင့်

မလေးရှား၌ ရှိနေစဉ် တနေ့မှာ ဒကာတစ်ဦးက မေးပါတယ်။ “အရှင်ဘုရား၊ တပတ်တခါ ဒါမမဟုတ် သတ်မှတ်ချိန်တိုင်း၌ ဝတ်ပြု ဝတ်တက် မလာပါက ငရဲကို မလွဲမသေ ရောက်စေ လို့ ဟောထား ပညတ် ထားတဲ့ သုတ်တော်များ ရှိပါသလား” တဲ့။ သူက ဆက်ပြောပါသေးတယ်။ အခြားဘာသာတွေမှာတော့ အဲဒီလို ရှိတယ်။ ဒါကြောင့် သူတို့ သတ်မှတ်တဲ့ နေ့တိုင်းမှာ မဖြစ်မနေ သွားပြီး ဝတ်တက်ကြတယ်တဲ့။ သူ့စေတနာ သူ့ဆန္ဒကတော့ ကျောင်းကို လူတွေ တစ်ပတ်တစ်ရက် သို့မဟုတ် နှစ်ရက် လာရောက် ဝတ်တက် ဝတ်ကပ် ပြုစေချင်တာပါပဲ။

ဒါပေမဲ့ ဗုဒ္ဓဘာသာမှာက အဲဒီလို ပညတ်ထားတာ မရှိပါဘူး။ သူ ပညတ်ထားတာကို ဖေါက်ဖျက်လို့ ဒဏ်ခတ်တယ် ဆိုရင် မဟာကရုဏာတော်ရှင် ဖြစ်ပါတယ်ဆိုတဲ့ သူ့ရဲ့ ဂုဏ်ပုဒ်ကို မေးခွန်းထုပ်စရာတွေ ဖြစ်လာတော့ မပေါ့။ ဗုဒ္ဓဘာသာမှာက သူ့အလိုလိုက် သူ့ အကြိုက် ဆောင်လို့ ဆုတော် လာဘ်တော် ပေးသနား ချီးမြှင့်တာမျိုးလဲ မရှိပါဘူး။ သူပြောတဲ့ အတိုင်း မလုပ်လို့ ဖြစ်စေ၊ သူ့ကို ပြန်ဝေဖန်လို့ ဖြစ်စေ မင်း ငရဲသွားပြီး ဆင်းရဲဒုက္ခ ခံစေဆိုတဲ့ ပြစ်ဒဏ်ခတ်ခြင်း မျိုးလဲ မရှိပါဘူး။ ကောင်းတာကိုပဲ ဖြစ်ဖြစ်၊ မကောင်းတာကိုပဲ ဖြစ်ဖြစ် သက်ဆိုင်သူဟာ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ ပြုမူခွင့် ရှိပါတယ်။ ကိုယ်ရွေးချယ် ပြုလုပ်တဲ့ ကောင်းသော မကောင်းသော အလုပ်၊ အပြုမူ (ကံ)တွေကို ကိုယ်တာဝန်ယူရမှာပါ။ “ငါသည် ကံသာလျှင် ကိုယ်ပိုင် ဥစ္စာရှိသူဖြစ်၏။ ကံအမွေကို ခံရသူဖြစ်၏။ ကံဟူသောအကြောင်းရင်း ရှိသူဖြစ်၏။ ကံဟူသော ဆွေမျိုးရှိသူဖြစ်၏။ ကံသာလျှင် မှီခိုရာ ရှိသူဖြစ်၏။ ကောင်းသောကံကို ပြုသည် ဖြစ်စေ၊ မကောင်းသော ကံကို ပြုသည်ဖြစ်စေ ငါသည် ထိုကံ၏ အမွှေကို ခံယူရပေလိမ့်မည်” လို့ အဘိဏှ ပစ္စဝေက္ခတဗ္ဗဌာနသုတ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တရနိကာယ်မှာ ဟောထားတာက ဒီသဘောပါ။
ဒါကြောင့်မို့ ကောင်းတာကို လုပ်ချင်လဲ လုပ်လို့ရတယ်။ မကောင်းတာ လုပ်ချင်သပဆိုရင်လဲ ရပါတယ်။ ကိုယ့်မှာ စိတ်ကြိုက် ရွေးချယ်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ရွေးချယ်မှုနှင့် တွဲပါလာတဲ့ တာဝန်ရှိမှုကိုတော့ ကိုယ် လက်ခံရမှာပါ။ ထိုနည်းတူပါပဲ။ ဒုက္ခခပ်သိမ်း ကင်းလွတ်ငြိမ်းရာ နိဗ္ဗာန်ကို ရောက်ချင်တယ်ဆိုရင်လဲ ကိုယ့်အပေါ် မူတည်ပါတယ်။ ဒီလိုမဟုတ်လို့ “သံသရာဝဋ်ထဲ၊ မကျွတ်ဘဲ နေနေ၊ ဇွတ်ဆွဲလို့ တပေပေ” လုပ်ချင်သေးသပ ဆိုရင်လဲ ကိုယ့်အပေါ်မူတည်တာပါပဲ။ နိဗ္ဗာန်ကို အရောက်လှမ်းရာမှာပင် ပုံစံငါးမျိုးထဲက ကြိုက်တာကို ရွေးချယ်ပြီး သွားပိုင်ခွင့် ရှိပါတယ်။ (၁) ပကတိသာဝက အဖြစ်နှင့် သွားမလား၊ ဒါမမဟုတ် (၂) မဟာသာဝက၊ (၃) အဂ္ဂသာဝက၊ (၄) မဟာဗောဓိ (ဘုရားအဖြစ်)၊ (၅) ပစ္စေကဗောဓိ ဆိုတဲ့ ပုဂ္ဂိုလ်ငါးမျိုးမှာ ကြိုက်ရာ ပုဂ္ဂိုလ်ဖြစ်အောင် ရွေးချယ်ပြီး နိဗ္ဗာန်ကို သွားနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ရွှေးချယ်မှုနှင့် အတူပါလာတဲ့ ပါရမီဖြည့်မှုဆိုတဲ့ တာဝန်ကိုတော့ ကိုယ်ကိုယ်တိုင်ပဲ ယူရမှာပါ။ ဘယ်လူ ဘယ်နတ်ကမှ ရောက်စေ၊ ဖြစ်စေဆိုပြီး ဆုပေးလိုက်လို့ ရောက်သွားတာမျိုး ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။
အဲဒီလိုပါပဲ။ လူ့လောကမှာ အောင်မြင်တဲ့သူ ဖြစ်ချင်သလား။ ကျရှုံးသူ ဖြစ်ချင်သလား။ ကြီးမြတ်သူ ဖြစ်ချင်တာလား၊ ယုတ်ညံ့သူ၊ သေးသိမ်းသူဖြစ်ချင်တာလား။ ကိုယ့်မှာ ရွေးချယ်ခွင့် ရှိပါတယ်။ ဘယ်လူ ဘယ်နတ်၊ ဘယ်အရာကမှ မင်း ဒီလူမျိုး ဖြစ်စေ၊ ဒီလောက်ဖြစ်စေလို့ ဖန်ဆင်းပေး၊ သတ်မှတ်ပေးထားတာ မဟုတ်ပါဘူး။ ဘယ်လိုလူမျိုးပဲ ဖြစ်ချင်သည် ဖြစ်စေ၊ ကိုရွေးချယ်ထားတဲ့ သူမျိုးဖြစ်အောင်တော့ ကိုယ့်တာဝန် ကိုယ်ထမ်း၊ ကိုယ့်လမ်း ကိုယ်ရောက်အောင် လျှောက်ရမှာပါ။ ဘယ်လောက်ထိ ဖြစ်သလဲ ဆိုတာကတော့ ကိုယ့်ရဲ့ ဆန္ဒ၊ ကံ၊ ဥာဏ်၊ ဝီရိယ ဘယ်လောက် ရှိသလဲ ဆိုတဲ့ အချက်တွေ အပေါ်မှာသာ မူတည်ပါတယ်။

မေတ္တာဖြင့်
ဘုန်းဥာဏ်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP