* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 12, 2010

ထက်ဝက်ပြီးစီးခြင်းရဲ့ ဟိုမှာဘက်


“ မိတ်ဆွေကောင်းရှိခြင်းဟာ ကိစ္စတဝက် ပြီးနိုင်ပါတယ်ဘုရား” ဒါက အရှင်အာနန္ဒာ မြတ်ဘုရားကို လျှောက်ထားခြင်းပါ။ “ ချစ်သား အာနန္ဒာ! မိတ်ဆွေကောင်းရှိခြင်းဟာ ကိစ္စအလုံးစုံကို ပြီးစီးစေတယ်” ဒီစကား လေးက တော့ ဘုရားရှင်က အာနန္ဒာအရှင်ကို မိန့်ကြားတာပါ။

မိတ်ဆွေနဲ့ပတ်သက်လို့ ဘုရားရှင်က မြောက်များစွာပဲ မိန့်ကြားခဲ့တာပါ။ ကလျာဏမိတ္တ၊ သပ္ပုရိသူပနိဿယ စသဖြင့်ပါ။ ကြီးပွါးကြောင်းတရားတွေထဲမှာ မိတ်ဆွေဟာ ပါနေပါတယ်။ လူမှုရေး၊ စီးပွါးရေး၊ နိုင်ငံရေး၊ ဘာသာ ရေး စသဖြင့် အရေးများစွာမှာ မိတ်ဆွေဟာ ပါဝင်နေပါတယ်။ ဒါကို စာသံပေသံနဲ့တော့ လောကီ လောကုတ္တရာ၊ ပစ္စုပ္ပန် သံသရာအတွက် အရေးပါနေတယ်လို့ ဆိုရမှာပါ။ ဒါ့ကြောင့်လည်း ဒေးကာနယ်ဂျီ ရေးခဲ့တဲ့ မိတ်ဆွေဖွဲ့ နည်းဖြစ်တဲ့ မိတ္တဗလဋီကာလို့စာအုပ်မျိုးဟာ ကမ္ဘာကျော်စာအုပ်စာရင်းမှာ ပါဝင်နေတာ ဖြစ်မှာပါ။

ဒီခရီးတစ်ခုလုံးဟာ မိတ်ဆွေကောင်းများရဲ့ အထောက်အပံ့တွေ အများကြီး ပါနေပါတယ်။ ဒါကိုပဲ သပ္ပုရိသူ ပနိဿယနဲ့ ပြည့်စုံခွင့်ရခဲ့တယ်လို့ ဆိုရမှာပါ။ သူငယ်ချင်းရဲ့ဆရာဆိုပေမယ့် ဆရာတော်ဘုရားဟာ ဟို ဘက်နိုင်ငံ ဒီဘက်နိုင်ငံ နှစ်ခုလုံးမှာ ကျောင်းထိုင်နေကြတဲ့ဆရာတော်တွေရဲ့ ငယ်ဆရာ ဖြစ်ခဲ့ဘူးတယ်ဆိုယင် လည်း မမှားပါဘူး။ အဲဒီတပည့်တွေက ပင့်လျှောက်ခဲ့လို့ ဒီခရီးကို ကြွရောက်လာခြင်းပါ။ တကယ်တော့ စာရေး သူဟာ ဆရာတော်ဘုရားကို အကြောင်းပြုလို့ အစစအရာရာ အလေးပေးခံခဲ့ရတဲ့သူပါ။ ဆရာတော် ဘုရားရယ်၊ ဆရာတော်ဘုရားရဲ့တပည့် သူငယ်ချင်းရယ်၊ စာရေးသူရယ် ဒီခရီးကို သွားကြဖို့ အားလုံး စီစဉ်ထားပြီးသားပါ။

ကွာလာလမ်ပူ(KL)ကနေ မလေးရှားနိုင်ငံရဲ့ နယ်စပ်မြို့အထိ သူငယ်ချင်းတစ်ပါးက စာရေးသူတို့ သုံးပါးကို လိုက်လို့ပို့ပါတယ်။ ဒီတစ်ခါတော့ နိုင်ငံတစ်ခုဖြတ်သန်းခြင်းဟာ အယင်လို လေယာဉ်နဲ့မဟုတ်တော့ပါဘူး။ သုံးပါးသား တက္ကစီကားနဲ့ သွားဖို့ပါ။ ကြုံရပြန်ပြီဖြစ်တဲ့ အင်မီဂရေးရှင်းကို ကျော်ဖြတ်ဖို့က စိတ်ကို ရွံ့ တွန့်တွန့် ဖြစ်စေပြန်တယ်။ ဒါပေမယ့် မကြာခင် ရက်ပိုင်းက ကမ္ဘာကျော်သာသနာပြုဆရာတော်ဘုရားကြီး မိန့်ကြားခဲ့တာ လေးတွေက အသိညဏ်ထဲမှာ နေရာဝင်ယူလို့ နေပြန်ပါတယ်။ ဆရာတော်ဘုရားကြီးကို စာရေးသူတို့က ကိုယ် ကြုံခဲ့ရတဲ့ အင်မီဂရေးရှင်း အခက်အခဲလေးတွေကို လျှောက်ထားခဲ့ဖူးတာပါ။

ဒီအခါ ဆရာတော်ဘုရားကြီး မိန့်ကြားတာက“ မင်းတို့က ဒီတစ်ခါကြုံရတာလေးကို ညည်းငြူးနေကြတယ်။ ငါ အသက် ရှစ်ဆယ်ကျော်ပြီ။ အင်မီဂရေးရှင်းပေါင်းများစွာကို အကြိမ်ကြိမ် ဖြတ်သန်းခဲ့ဖူးပြီ။ အဲဒါကို မင်းတို့ စဉ်းစားကြည့်” တဲ့။ ဒီလို သိရှိရပြန်တော့လည်း စာရေးသူတို့ အခက်အခဲဟာ မပြောပလောက်သေးပါလားလို့ နားလည် လိုက်မိတယ်။

ဒီလိုနဲ့ သုံးပါးသား တက္ကစီကားပေါ်ရောက်တဲ့ အခါမှာတော့ သူငယ်ချင်းကို နှုတ်ဆက်ပြီး ထွက်ခွါလာခဲ့ပါတယ်။ အင်မီဂရေးရှင်းဂိတ်ရောက်တယ် ဆိုယင်ပဲ ကားဆရာက စာရေးသူတို့ကို လက်ထောင်ပြပါတယ်။ မြန်မြန် အဆင်ပြေဖို့အတွက် ချက်ချင်းပေးလိုက်ပါတယ်။ ဒါတောင် နောက်ထပ် တောင်းချင်သေးပုံပါ။ ကားဆရာမှာ သူရတာ မဟုတ်ဘဲ တစ်ဖက်ကို ပေးနေရတယ်ဆိုတာ သိပါတယ်။ စာရေးသူတို့လှုပ်ရှားနေတာကို ဆရာတော် ဘုရားကတော့ ဘာမှမသိရှာပါဘူး။ ဒီလိုနဲ့အထွက် ပြဿနာတော့ ကျော်လွှား နိုင်ခဲ့ပြီ အ၀င်ပြဿနာကတော့ အခက်အခဲ မရှိလှပါဘူး။ အေးအေး ဆေးဆေးနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ်။

စလုံးဆိုတဲ့ စင်္ကာပူဟာ မြန်မာများအသိုင်းအ၀ိုင်းမှာတော့ ပေါ်ပြုလာဖြစ်လှပါတယ်။ သီဟပူရ ခြင်္သေ့မြို့ စလုံးရောက်တယ်ဆိုယင်ပဲ လူအများဟာ လူအသိုင်းအ၀ိုင်းတစ်ခုရဲ့ အဆင့်တစ်ခုကို ရောက်ရှိနေပြီလို့ ယူဆနိုင်တဲ့ အရပ်ဒေသတစ်ခုပါ။ အဲဒီအဆင့်တစ်ခုဟာ ဘာလဲဆိုတာကို ဖြတ်သန်းကြည့်ဖူးချင်တာက စာရေးသူရဲ့ဆန္ဒပါ။ ကိုယ့်နိုင်ငံနဲ့အနီးဆုံးပတ်ဝန်းကျင်မှာ စာရေးသူ စိတ်ဝင်တစား အရှိဆုံး နိုင်ငံဆိုယင်လည်း မမှားပါဘူး။ အရှေ့တောင်အာရှမှာသာမက အာရှတိုက်တစ်ခုလုံးအပြင် တကမ္ဘာလုံးမှာပါ အကောင်းဆုံးလို့ တိုင်းတာသတ်မှတ်ထားတဲ့ စံတွေထဲမှာ တစ်ခုမဟုတ် တစ်ခုခုမှာ စလုံးဟာ ပါဝင်နေတာပါ။ ဒါ့ကြောင့်လည်း ဖြစ်မှာပါ။

စလုံးဆိုတာကို ကြားဖူးတာကြာပါပြီ။ စလုံးဆိုတာက စင်္ကာပူတဲ့။ မလေးကို မလိုင်-တဲ့။ အချို့ကလည်း မ-ဆိုလား။ ဖိလစ်ပိုင်ကိုကျတော့ ဖအုပ်ထုပ်-တဲ။ အင်ဒိုနီးရှားတွေကြပြန်တော့ အင်တွေတဲ့။ ဗီယက်နမ်ကို ဗထက်ချိုင့်တဲ့။ ထိုင်း ယိုးဒယား ကြတော့ ယပလက်လို့ ဆိုပြန်တယ်။ မြန်မာများကတော့ သူတို့ကိုယ်သူတို့ ရွှေတဲ့။ ဒီနေရာမှာ ရွှေ-ဆိုတဲ့စကား လုံးရဲ့ ဆင်းသက်လာရာကို ခြေရာခံကြည့်တော့လည်း အမျိုးမျိုးဖြစ်နိုင်တာကို တွေ့ရပြန်ပါတယ်။ အချို့ကတော့ (golden land) ရွှေချထားတဲ့စေတီပုထိုးများပေါများရာ နေရာက လာတယ်တဲ့။ အချို့ကတော့လည်း ရွှေတိဂုံ ဘုရားက ကမ္ဘာကျော်မို့လို့ အဲဒီက ရွှေလို့ ပြောကြပြန်တယ်။ အချို့ကလည်း သုဝဏ္ဏဘူမိက ဆင်းသက် လာတယ်လို့ ဆိုကြပြန်တယ်။ သုဝဏ္ဏ-ဆိုတဲ့ ပါဠိစကား ဟာ မြန်မာပြန်တော့ ရွှေ ပါ။

ဒါနဲ့ သုဝဏ္ဏဘူမိဆိုတဲ့စကားလေးနဲ့ စပ်ဆက်လို့ ပြောကြည့်ချင်သေးတယ်။ ထိုင်းနိုင်ငံကလည်း သူနိုင်ငံမှာသာ သုဝဏ္ဏဘူမိရှိတယ်။ သီရိလင်္ကာနိုင်ငံ ရောက်ပြန်တော့လည်း သူနိုင်ငံမှာသာ သုဝဏ္ဏဘူမိ ရှိတယ်လို့ ကြားရပြန် တယ်။ အခြားထေရ၀ါဒနိုင်ငံတွေကလည်း ဒီအတိုင်းပဲ ပြောကြပြန်တယ်။ အချို့ပညာရှင်များကလည်း ဒီနိုင်ငံ တွေကို သိမ်းကျုံးပြီး အရှေ့တောင်အာရှတစ်ခုလုံးကို သုဝဏ္ဏဘူမိလို့ မိန့်ဆိုကြပြန်တယ်။ အချို့ သမိုင်းပညာ ရှင်များကတော့ ယခုလက်ရှိ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်(Gujarat)ပြည်နယ်၊ ဂျူနာဂါရ်ဟ(junagarh) မြိုံ့ကို သုဝဏ္ဏဘူမိလို့ ဆိုလာပြန်တယ်။ အဲသလို ၀ိဝါဒတွေ အမျိုးမျိုးကွဲနေတာပါ။

ဒါနဲ့ပတ်သက်လို့စာရေးသူ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)နေစဉ်တုန်းကပါ ဆရာကြီးတစ် ယောက် ပြောဆိုခဲ့ဘူးတာကို မှတ်သားမိနေတယ်။ သုဝဏ္ဏဘူမိရဲ့ တည်ရာအရပ်ကိုပါ။ ဒီနေရာမှာ ဆရာကြီးပြောတာကတော့ “သူများတွေ ဘာတွေပြောပြော ကိုယ့်နိုင်ငံမှာရှိတဲ့ သုဝဏ္ဏဘူမိပဲ သုဝဏ္ဏဘူမိလို့ မှတ်ကြပေတော့” တဲ့။

ခုနကပြောခဲ့တဲ့ ရွှေများနေထိုင်ရာ စလုံးမှာ နှစ်လကြာခဲ့တယ်။ ဒီလိုနှစ်လတာ နေခွင့်ရရှိတာကလည်း ကျောင်း ထိုင်ဆရာတော်ဘုရားရဲ့ မေတ္တာကြောင့်ပါ။ ဆရာတော်ဘုရားရဲ့ ကျေးဇူးတော်ကြောင့် စလုံးမှာ ရောက်သင့် ရောက်ထိုက်တဲ့နေရာတွေလည်း စရိတ်စကမကုန်ပဲ ရောက်ခဲ့ပါတယ်။ ဆရာတော်ရဲ့ကျေးဇူးကို သတိတရရှိ နေမှာပါ။

ဒီလိုနဲ့ နှစ်လမပြည့်ခင် မလေးကို ပြန်လို့လာခဲ့တဲ့အခါ သူငယ်ချင်းဖြစ်သူက ကားဂိတ်အထိ လိုက်လို့ပို့ ပါတယ်။ ခွဲခွါခြင်းဆိုတာ မထူးဆန်းလှပေမယ့် စာရေးသူတစ်ယောက်တည်းသာဖြစ်တဲ့ ဒီခရီးဟာ ရင်ထဲမှာတော့ တစ်ခုခု လိုနေသလိုလိုပါ။ ဒီနေရာမှ တွေးမိတာက သံယောဇဉ် ဆိုတာကိုပါ။ သံယောဇဉ်ဆိုတာ ၁၀-မျိုးရှိတယ်လို့ ပါဠိစာပေများမှာ တွေ့ဖူးပါတယ်။ ဒါတောင် သုတ္တန်နည်း အဘိဓမ္မာနည်းရယ်လို့ ကွဲပြားသေးတာ။ ဒီ ၁၀-ခုထဲက ဘယ်သံယောဇဉ်ဆိုတာ အမျိုးအမည် မခွဲခြားနိုင်ပေမယ့် သူ့အတိုင်းအတာနဲ့သူ လူတိုင်းမှာ ရှိနေမှာပါ။ စာရေး သူ ဒီသံယောဇဉ်ဆိုတဲ့စကားလုံးကို ခွဲခြားနေတုန်းမှာပဲ ကားဆရာက သွားဖို့ ပြောဆိုနေပါပြီ။

အဲဒီအချိန်တုန်းက သူငယ်ချင်းတွေဟာ အခုအချိန်မှာတော့ အခက်အလက်တွေစုံလို့ ကိုယ့်ခရီးကို ပျံသန်းနေ ကြပါပြီ။ တစ်ဦးကတော့ ယူရိုဘက်က ဂျာမဏီပြည်ကြီးမှာ သာသနာပြုနေတာပါ။ မြတ်ရောင်နီ ဘလော့နာမည်နဲ့ သူဘ၀ရဲ့ ဖြတ်သန်းပြီး ဖြတ်သန်းဆဲ ဖြတ်သန်းနေဦးမယ့် အတွေ့အကြုံလေးတွေကို ဘလော့ ကနေ တဆင့် ဖြန့်ဖြူးနေပါတယ်။

ကားပေါ်မှာ စာရေးသူနဲ့အတူ စလုံးကခရီးသည် အမျိုးသမီးနှစ်ယောက် ပါလာတာပါ။ ဒီလိုနဲ့ ပထမဖြတ်သန်း လာတဲ့ အင်မီဂရေးရှင်းမှာ ချောမွေ့နေတာပါ။ နောက် ဒီဘက် အင်မီဂရေးရှင်း ရောက်တယ်ဆိုယင် အမျိုးသမီး ၀န်ထမ်းက မေးပါတယ်။ ဘယ်လောက်ကြာကြာ နေမှာလဲလို့ ပြုံးပြုံးနဲ့ မေးနေတာပါ။ ဒါပေမယ့် ဒီအပြုံးကို စိတ်ထဲမှာတော့ တမျိုးခံစားလိုက်ရတယ်။ ခနစောင့်ပါဆိုပြီး ဘာမှမပြောဘဲ ပတ်စပို့ ယူထားလိုက်တယ်။ ဂိတ်နဲ့ ခပ်လှမ်းလှမ်းမှာ ကားကို ရပ်ထားလိုက်ရတယ်။

၂၅-မီနစ် လောက်ကြာတဲ့အထိ ဘာမှမထူးခြားပါဘူး။ ကားပေါ်ပါလာတဲ့ အမျိုးသမီးများကလည်း ဘယ်လိုမျိုး အဓိပ္ပါယ် ထွက်မယ်ဆိုတာ မသိတဲ့ စကားလုံးတွေ ပြောနေတာတော့ ကြားရသား။ စာရေးသူလည်း ဒီခရီး အကြောင်း နားလည်ထားပေမယ့် တကယ်တော့ ဘာဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားတယ်။ ကားသမားလည်း အတော်သည်းခံ ရှာပါတယ်။ မီနစ် ၃၀-လောက်ကြာတဲ့အခါမှာတော့ အခြားအမျိုးသားဝန်ထမ်းတစ်ယောက်က ပတ်စပို့ကို ကားနားအထိ လာပေးပါ တယ်။ သူကပြုံးပြီးပြောသေးတယ်။ ကိုလံဘိုလ်က လာတာလာတဲ့။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ စိတ်ကသိ ကအောက်ဖြစ်ရတာကလွဲယင် စိုးရိမ်မှု သိပ်မရှိတော့ပါဘူး။ ဒါဟာလည်း အများပြောတဲ့ “ အတွေ့အကြုံက စကားပြောတယ်” ဆိုတာနေမှာပါ။

ဒီနေရာမှာ စာရေးဆရာ ဦးအောင်သင်းပြောတဲ့ စကားလေးကို သွားလို့ သတိရမိတယ်။ သူပြောတာက ဒီလိုပါ။ “သတ္တိဆိုတာဟာ သိတတ်ခြင်း”ပါတဲ့။ သိနေ့ တတ်နေယင် သတ္တိဆိုတာ အလိုလိုဖြစ်လာတာပါပဲတဲ့။ ဟုတ်မှာ ပါ။ ဒီနေရာမှာ စာရေးသူ နဲနဲလေး သတ္တိကောင်းလာတာကလည်း သိသင့်သိထိုက် တတ်သင့် တတ်ထိုက်တာ လေးတွေ သိခဲ့တတ်ခဲ့ပြီလို့များ ဆိုရမလားပါပဲ။ ဒါပေမယ့် အင်မီဂရေးရှင်ပြဿနာလောက်ကို ရေးကြီးခွင် ကျယ်လုပ်ပြီး ဒီသတ္တိဆိုတဲ့ စကားလုံးလေးကို အဓိပ္ပါယ်ဖွင့်ဆိုနေရတဲ့အတွက်တော့ စာရေးဆရာ ဦးအောင် သင်းကို အားနာလှပါတယ်။

ဒါနဲ့ စပ်ဆက်လို့ ပြောချင်သေးတာ တစ်ခုရှိတယ်။ မြန်မာပြည်မှာ သိက္ခာရှိရှိနေမယ်ဆိုတဲ့ စာအုပ် ထုတ်ထားခဲ့ ဖူးတဲ့ ဆရာတော်ဘုရားပါ။ ထိုင်းနိုင်ငံရောက်စဉ် ဆရာတော်ဘုရားက ထိုင်းနိုင်ငံမှာရှိတဲ့ သူငယ်ချင်း တစ်ပါးကို ဒီစကားလေးကို မိန့်ကြားခြင်းပါ။ စာရေးသူကတော့ တစ်ဆင့်သိရခြင်းပါ။

အဲဒါက “ ကိုယ်က ဂုဏ်သိက္ခာရှိရှိ နေလိုတဲ့ ဆန္ဒရှိပေမယ့် ကိုယ့်ကို ပတ်ဝန်း ကျင်က သိက္ခာရှိရှိ နေလို့မရအောင် လုပ်ထားတယ်”တဲ့။ အလွန်ထိမိလှတဲ့ စကားလေးပါ။ ကိုယ်က သိက္ခာ ရှိအောင် နေလိုတဲ့ဆန္ဒတွေ ရှိသလို ကိုယ်ကိုယ်တိုင်လည်း သိက္ခာရှိအောင် လက်တွေ့ကျင့်သုံး နေသည့်တိုင် အောင် ကိုယ့်အသိုင်းအ၀ိုင်း ကိုယ့်ပတ်ဝန်းကျင်က သိက္ခာရှိခြင်းဆိုတာနဲ့ ကင်းဝေးနေပါက ကိုယ်ကိုလည်း အဲဒီလို လူတန်းစားတစ်ရပ်ထဲကို ထည့်သွင်းကြမှာပါပဲ။ တစ်နည်းအားဖြင့်တော့လည်း ကိုယ်တစ်ယောက်တည်း သိက္ခာရှိနေယုံနဲ့ မလုံလောက်ပါဘူး ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတစ်ခုလုံး သိက္ခာရှိနေမှ နိုင်ငံတကာ မျက်စိအလယ်မှာ သိက္ခာရှိသူအဖြစ် ရပ်တည်နေထိုင်နိုင်မှာပါ။ ဒီအကြောင်းအရာလေးတွေဟာ သည်းထိတ် ရင်ဖို့ ဇာတ်လမ်းလေးမဟုတ်ယင်တောင် တစ်ဦးနဲ့တစ်ဦး ဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံလေးတွေကတော့ တစ်မူစီ ထူးခြား နေမယ်ဆိုတာ ယုံကြည်မိလို့ ခုလို ပြောဆိုကြည့်ခြင်းပါ။

တကယ်တော့လည်း ဒီခရီးတစ်ခုလုံး အစစအရာရာ အဆင်ပြေခြင်းဟာ မိတ်ကောင်းဆွေကောင်းများရဲ့ စောင့်ရှောက်မှုကြောင့်ပါ။ ဒါကိုပဲ ဒီလိုများ ပြောကြည့်ခွင့်များ ရှိမလား မသိပါ။ အဲဒါကတော့ “ မိတ်ဆွေ ကောင်းဆိုတာ ကိစ္စအားလုံးကို ပြီးစီးစေတာ မဟုတ်ယင်တောင် ထက်ဝက်ပြီးစီးခြင်းရဲ့ ဟိုမှာဘက်မှာပါ” ဆိုတဲ့ စကားလေးပါ။












0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP