* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 12, 2010

သူငယ်ချင်းများ

ဆရာတစ်ဦးပဲ ဆိုကြပါစို့။ အဲဒီ ဆရာတစ်ဦးက ကျွန်တော့်ကို အခုလို ရှောင်တခင် မေးခွန်းတွေ ထုတ်တယ်။

"ကိုလွန်းဝေ စိတ်ထဲပေါ်တဲ့အတိုင်းဖြေနော်။ ဘီအိုင်အေကို ဘယ်သူဖွဲ့သတုန်း"

ဖြေချင်လွန်းလို့ လက်ညှိုး တထောင်ထောင်လုပ်နေတဲ့ ကျောင်းသားလို ကျွန်တော်ကလည်း ခပ်သုတ်သုတ်ဖြေတယ်။

"ဗိုလ်ချုပ်တို့ပါဆရာ"

"တောင်ငူကို ကေအင်ဒီအိုလက်က ဘယ်သူပြန်တိုက်ပေးတုန်း။"

"ဗိုလ်မှူးချုပ်ကျော်ဇော"

"ဖွားတော်မူခန်းတို့၊ လေးတင်ခန်းတို့ ဘယ်သူကသတုန်း"

"ရွှေမန်းတင်မောင်"

"မိုးကုတ်ဆရာတော်ထေရုပတ္တိ ဘယ်သူပြုစုတုန်း။"

"ဦးဃောသိတ။"

"ကိုလွန်းဝေ ဖြေတာတွေကို ပြန်စဉ်းစားကြည့်နော်။ ကိုယ်တို့တွေ ဖြစ်နေတာတွေက အဲဒါပဲ။ အဲဒီ ဇာတ်ဘယ်သူကတုန်းဟေ့ ဆိုရင် ရွှေမန်းတင်မောင် ကတယ်လို့တော့ ဖြေတတ်တယ်။ ဒါပေမဲ့ ကိုယ်က ဒီလိုပြောင်းမေးကြည့်မယ်။ ဆိုကြပါစို့။ ရွှေမန်း တင်မောင် တစ်ဦးတည်း ကတာ လားဟေ့..တခြား ဘယ်သူတွေပါသေးတုန်းဟလို့ မေးရင် ကိုလွန်းဝေ ဘယ်လိုဖြေမတုန်း။ ကိုယ်တွေ့ဖူးတဲ့လူတွေကတော့ တခါတည်း မမေးသင့်တဲ့မေးခွန်းကို မေးမိသလိုပဲ ကိုယ့်ကို ပြူးကြည့်နေကြရောဗျ။ တကယ်တော့ဗျာ။ ဇာတ်တစ်ခုက, တယ်ဆိုတာဟာ ကားလိပ်ဆွဲတဲ့ လူကစလို့ ၀န်ကြီး၊ ၀န်ကလေးအဖြစ် သရုပ်ဆောင်သူရော၊ ရှင်ဘုရင်၊ မိဖုရား အဖြစ်သရုပ်ဆောင်တဲ့ သူတွေရော၊ လူဆိုးသူခိုးအဖြစ် သရုပ်ဆောင်သူရော၊ ဆိုင်းတီးတဲ့လူ၊ နှဲမှုတ်တဲ့လူ အားလုံးအရေးကြီးတယ် မှုတ်ဖူးလား။ ကဲပါလေ။ တောင်ငူကို တိုက်တာ ဘယ်သူတုန်း။ ဗိုလ်မှူးချုပ်ကျော်ဇော တစ်ယောက်တည်း တိုက်လို့ရလား။"

"အား။ ကျွန်တော် မဖြေတတ်တော့ဘူး ဆရာ။ ဆရာပြောတာကို ကျွန်တော် သဘောပေါက်သလိုလိုတော့ ရှိသွားပြီ။ လူနာတစ်ယောက်ကို ဆေးကုတယ်ဆိုတာမှာ ကွန်ဆာ့တန့်က မိုးပျံအောင် တော်နေပါစေ။ လက်ထောက်ဆရာဝန်တွေ အလုပ်သင်ဆရာဝန်တွေရဲ့ ဂရုစိုက်မှု မပါရင် အဲဒီလူနာအသက်ရှင်ဖို့ မလွယ်ဘူး။ အဲဒီလိုပဲ သူနာပြုက တိတိကျကျ မလုပ်ရင် ဒုက္ခတွေ့နိုင်တာပဲ။"

"အေးလေ။ ခွဲစိတ်တယ်ပဲ သဘောထားကြည့်ပါဦး ကိုလွန်းဝေ။ ဟုတ်လား။ မေ့ဆေးဆရာဝန်နဲ့ အဖွဲ့၊ သူနာပြုအဖွဲ့၊ ခွဲစိတ် လက်ထောက်ဆရာဝန်၊ ခွဲစိတ်ဆရာဝန်၊ အဲဒီခွဲခန်းပစ္စည်းတွေကို ပေါင်းရပြုရ တဲ့ ဋ္ဌာနက အလုပ်သမားတွေ၊ သန့်ရှင်းရေးလုပ်ရတဲ့ အလုပ်သမားကစလို့ အားလုံး လုပ်ရတာ မဟုတ်လား။ အဲဒီ team ကြီးတစ်ခုလုံးကို ဖယ်ထားပြီး ခွဲစိတ်တဲ့အကောင် FRCS ရေ နင်ချည်းလာခဲ့။ ငါ့လာခွဲစမ်းဆိုပြီး လုပ်လို့ရလား"

ကျွန်တော် ပြန်ဖြေရမဲ့အစား အတိတ်ကိုကြောင်ငေးပြီး တွေးနေမိတယ်။ ဆယ်တန်းအောင်ခါစက မြို့မှာရှိတဲ့ အထက နဲ့ အလက ကျောင်းနှစ်ကျောင်းလုံးက ဆရာ၊ ဆရာမ ၂၀၀ ကျော်ကို အာစရိယပူဇော်ပွဲ လုပ်ဖို့ စီစဉ်ကြဖူးတာ အမှတ်ရတယ်။ သူငယ်ချင်းတွေအားလုံး မှတ်မိကြလိမ့်မယ် ထင်တယ်။ ကျောင်းနှစ်ကျောင်းလုံးက ဆရာဆရာမများ ဆိုတာမှာ အဲဒီတုန်းက အစီအစဉ်အရ အထကဆိုရင် သူငယ်တန်းကနေ ဆယ်တန်းအထိ၊ အလကဆိုရင်လည်း သူငယ်တန်းကနေ ၈ တန်းအထိ ဆရာဆရာမတွေ အားလုံးကို တစုတစည်းတည်း ကန်တော့မယ်ဆိုတဲ့ အစီအစဉ် ဖြစ်တယ်။ အဲဒီတုန်းက ကျောင်းနှစ်ကျောင်းဟာလည်း အပြိုင်အဆိုင် ဖြစ်နေတဲ့ အချိန်ပဲ။ နောက်ပြီးတော့ အာစရိယပူဇော်ပွဲလုပ်တဲ့ အချိန်လောက်မှ ပြောင်းလာတဲ့ ဆရာဆရာမအသစ်တွေနဲ့ အတူ ကိုယ်မသင်လိုက်ဖူးတဲ့ ဆရာဆရာမတွေလည်း ပါဝင်နေတဲ့အတွက် အဲဒီဝေဖန်ချက်တွေကို ဖြေရှင်းဖို့ မူတွေစဉ်းစားရ၊ ဖြေဖို့ကြားဖို့ ၀ိုင်းစဉ်းစားကြရ၊ ဆုံးဖြတ်ရ လုပ်ရကိုင်ရ ပြောရဆိုရတာတွေအားလုံး အခက်ကြီး ခက်နေတော့တယ်။

အဲဒီတုန်းက kkm နဲ့ tz က အခမ်းအနားစီစဉ်တာတွေ လုပ်တယ်။ hkl က ကွန်ပြူတာနဲ့ စာစီတယ်။ စာရင်းအင်းတွေ လုပ်တယ်။ သူက စကားနည်းတယ်။ စကားပြောတတ်တဲ့ လူမှုရေးကောင်းတဲ့ tn တို့ pmmm တို့က bb တို့က အလှူငွေကို ဦးဆောင်ပြီး ကောက်တယ်။ လူတောမတိုးတဲ့ ကျွန်တော်က ပလန်တွေကို စဉ်းစားတယ်။ စကားပြောဖို့ စာရေးပေးတယ်။ tzt က စကားပြောတယ်။ ppk တို့ El တို့က မရှင်းလင်းတဲ့ ဆရာဆရာမတွေကို သံတမန်လုပ်ပေး၊ ပြောပေးဆိုပေးတယ်။

ကျွန်တော်တို့မြို့က ရွာတွေအများကြီးရှိတယ်။ သူငယ်ချင်းတွေအများစုရဲ့ အိမ်တွေဟာ ရွာတွေမှာရှိနေတယ်။ သူတို့တွေရဲ့ လိပ်စာတွေအားလုံးကို ကျွန်တော်တို့ မသိဘူး။ တချို့တလေကိုပဲ သိတယ်။ တချို့ သူငယ်ချင်းတွေဟာ သူတို့အိမ်ကို အလှူခံရောက်လာတဲ့အခါတိုင်း အလှူခံအဖွဲ့ကို ဦးဆောင်ပြီး တခြားသူတွေရဲ့ အိမ်ရောက်တဲ့ အထိပို့ပေးကြတယ်။ တချို့က လမ်းညွှန်လိုက်ကြတယ်။

ကျွန်တော်တို့တွေမှာ စာရင်းစစ်တဲ့သူက စပြီး အလှူငွေထည့်ပြီး လမ်းညွှန်ပေးတဲ့ သူအထိ ဘယ်သူက သာတယ်၊ ဘယ်သူက အဓိကကျတယ် ဆိုတာမျိုး မရှိဘူး။ အားလုံးဟာ ညီတူညီမျှ အရေးကြီးတယ်လို့ သဘောထားမိ ခံယူမိကြဖူးတာကို အမှတ်ရတယ်။ တချို့သူငယ်ချင်းတွေဟာ အခမ်းအနားကျင်းပတဲ့ နေရာထဲကိုတောင် မ၀င်ကြရဘူး။ မုန့်ဟင်းခါးအိုးကို မီးထိုးနေတာနဲ့ အိုးမည်းတွေပေနေတဲ့ အ၀တ်အစားနဲ့ ပြီးတဲ့အထိ နေကြရတာပဲ။ တချို့သူငယ်ချင်းတွေက ဖိနပ်တွေ စောင့်ပေးရ စီပေးရတာပဲ။ ဒါပေမဲ့ အိုးမည်းပေတဲ့ ကိစ္စကို တာဝန်ယူနိုင်သူထက် ကော်လံကတုံးဝတ်ပြီး စကားတက်ပြောနိုင်တဲ့သူက အရေးကြီးတယ်လို့ ဘယ်သူမှ မယူဆမိခဲ့ကြဘူး။

အဲဒီလို ခံယူမိကြ၊ သဘောထားမိကြတဲ့ စိတ်အခြေခံနဲ့ အခုထက်ထိ သူငယ်ချင်းတွေ အစုအစည်းမပျက် လုပ်သင့် လုပ်ထိုက်တာလေးတွေ (ဥပမာ- စာကြည့်တိုက်ကလေးတွေ လုပ်တာတို့၊ ဇီဝိတ ဆေးခန်းကလေးတွေ လုပ်တဲ့သူတွေ့လို့ ၀ိုင်းကူတာတို့ ပညာသင်ဆုပေးတာလေးတွေ စီစဉ်ကြတာတို့) အစရှိသည်ဖြင့် လုပ်နေကြတာပဲ။ ၀ိုင်းလုပ်ကြတယ် ၀ိုင်းခံစားကြတယ်ပဲ ဆိုပါစို့။ အဲဒီလို သဘောထားတာတွေ ခံယူတာတွေကို အခုခေတ်က အများအမြင်မှာ မှားတယ်လို့ မြင်ကြမလား မပြောတတ်ဘူး။ ဝေဖန်ချင်လည်း ဝေဖန်ကြမှာပဲ။

ဒါပေမဲ့ ဝေဖန်တာတွေကို အလေးထားတတ်တဲ့ ကျွန်တော်က ဘာကြောင့်မှန်းမသိ၊ ဒီတစ်ခါ အဲဒီစိတ်သဘောထားတွေကို မှားတယ်လို့ တစ်ယောက်ယောက်က ဝေဖန်ခဲ့မယ်ဆိုရင် လက်မထောင်ပြီး ရင်ကော့ပြီး ဝေဖန်စကားကို ဂုဏ်ယူစွာ နာကြားလိုစိတ် ပေါ်ပေါက်နေတယ်။ ဆရာဘုန်းကြီးဖြစ်တဲ့ ရိပ်သာဆရာတော်က "သာသနာတော်မှာ အညတြ ရဟန်းတွေဟာ အရေးကြီးတယ်၊ သာသနာတော်ကို အညတြရဟန်းများနဲ့ တည်ဆောက်ထားတယ်"လို့ ရဲရဲဝံ့ဝံ့ မိန့်တဲ့အခါမှာလည်း ကျွန်တော်ဟာ အလှူငွေလိုက်ကောက်ရင်း ချော်လဲလို့ ရွှံ့အလိမ်းလိမ်းဖြစ်နေတဲ့ သူငယ်ချင်းတွေ၊ ရွှံ့တောထဲ စက်ဘီးတွေ ထမ်းပို့ပေးတဲ့ သူငယ်ချင်းတွေ၊ စာအကြမ်းတွေကို အချောပြန်ကူးပေးတဲ့ သူငယ်ချင်းတွေ၊ ပန်းကန်ဆေးရင်း ရယ်စရာပြောနေ လုပ်နေတဲ့ သူငယ်ချင်းတွေကို အားလုံးကို သတိရရင်း ဂုဏ်ယူစိတ်တွေ တဖွားဖွား ပေါ်ပေါက်နေတော့တယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP