ငါ ကို အရှိထင်တော့ ငါ မီးလောင် ...
အများမုန်းစရာပ၊ ခါးကုန်းလို့ ဆံကေဖြူ။
အသက်ကြီးပြန်တော့၊ ပျက်စီး ကိုယ်ခန္ဓာက၊
အိုဒဏ်နာ ရန်ရှာချက်ကယ်ကြောင့်၊
ခွေယိုင်ကာ နေထိုင်ခက်လှတယ်၊
နှောက်ယှက် ဘေးထူ။
မကြားပါ နားမှာ လေးတဲ့ပြင်၊
အားမပါ သွားလာနှေးပါဘိ၊
ဝါးတောင်ဝှေး ဖေးတွယ်ကူ၊
ရှေးငယ်မူနှင့် လွန်ကွာဝေး။
အရိုးပဒေသာ အဘိုးဝေဒနာက၊
လေအလာ ကြွေကာသက်ရှာမယ့်၊
နွေအခါ ရွှေဝါရွက်လိုပ၊
မြေအလွှာ ခွေကာစက်တော့မည်ထင့်၊
ချောင်းတဟက်ဟက်ကယ်နှင့်၊
အပြောင်းခက်ပါဘိ၊
(အိုကွယ်…………) စောင်းလျက်မှိတ်မှေး။ ။
လှသိန်းဝင်း(ကနီ)
၁ ။။
ဝါးရင့် သည် တစ်ချိန်က ၀ါးနှ ပင်ဖြစ်လေသည် ။
ဝါးရင့်သည်လည်း အချိန်တန်လျှင် ၀ါးခြောက် ဖြစ်ရပေဦးမည် ။
အဆုံးတွင်တော့ ၀ါးခြောက်သည်ပင်လျှင် ဆွေးမြေ့လောင်မြိုက်ကာ ပျက်စီး ရပေဦးမည် ။ ဘ၀ ဟူသည် ဆပ်ပြာပူပေါင်းကဲ့သို့ အရောင်အဆင်း စုံလင်စွာဖြင့် ခဏတာ တောက်ပကာ ဖြိုးကနဲ့ ဖျောက်ကနဲ့ ပျောက်ကွယ်သွားတတ်ပေသည် ။ အဘယ်ကြောင့် မကြောက်မရွံ့ မေ့လျော့ ပျော်ပါးနေကြသနည်း ။
တွေ့ဆုံလာလျှင် ခွဲခွာရဦးမည် ။ မွေးဖွားလာလျှင် သေဆုံးရဦးမည် ။ မေ့လျော့ပျော်ပါးနေကြသော ကျွန်ုပ်တို့သည် သေဆုံးခြင်း တရားကို ဦးတည်နေသည်ကို သတိမှ ရပါလေစ ။
မိုးကုတ်ဆရာတော်ဘုရားကြီး သြ၀ါဒနှင့် ဆိုရသော် သားသတ်ရုံသို့ ခေါ်ဆောင်ခြင်း ခံနေရသော နွားသည် လမ်းခုလတ်၌ မြက်စိမ်းစိမ်းလေး တွေ့ရှိသဖြင့် ပျော်ပါးစားသောက် ကျေနပ်နေပြီး သေရမည်ကို မေ့နေသလိုမျိုးပင် ။
မွေးဖွားခြင်း၌ စခဲ့သော ကျွန်ုပ်တို့တွင် သေခြင်းတရားသည် ဧကန်မုချ ရှိနေလေပြီ ။ ဆပ်ပြာပူပေါင်းနှင့် တူသော ဘ၀ တစ်ခုသည် ကျွန်ုပ်တို့တွင် ရှိနေလေပြီ ။ ရရှိလာသော ဘ၀ ကို မည်သို့သော အရာမျိုးဖြင့် အလဲအထပ် လုပ်မည်နည်း ။ ကျွန်ုပ်တို့ဘ၀သည် ငွေကြေးတစ်ခုဖြင့် လုံလောက်ပြီလား ။
ဘွဲ့တွေဖြင့် လုံလောက်ပြီလား ။
ရာထူး အာဏာတွေဖြင့် လုံလောက်ပြီလား ။
ကျွန်ုပ်တို့ လူဖြစ်လာရသော ဘ၀အဓိပ္ပာယ်သည် ဤမျှဖြင့် ပြည့်စုံပြီလား ။
တစ်မျိုးဆိုရသော် ကျွန်ုပ်တို့ ခန္တာကိုယ်က ကလာပ်စည်းဆဲလ်တွေဟာ အကြောင်းအမျိုးမျိုးနဲ့ ပျက်ပြီးရင်းပျက်နေကြတယ် ။ အသစ် အသစ် ဆဲလ်တွေကလည်း ဖြစ်နေကြတယ် ။ အဲ့ဒီဆဲလ်တွေရဲ့ ဖြစ်ပျက်မှုအစဉ် ကို တကယ်ရှိနေ ၊ တည်နေတဲ့ အစုအဝေး ခန္တာပဲလို့ ထင်နေတယ် ။ ဆဲလ်တွေရဲ့ ပျက်နေမှုနဲ့ အသစ်ဖြစ်မှုတွေက မြန်ဆန်လွန်းတယ် ။ မြန်ဆန်လွန်းတဲ့ ဖြစ်ပျက်နေမှုကို သာမန်အမြင်နဲ့ မမြင်နိုင်ဘူး ။ စောစောက ကလာပ်စည်းဆဲလ်တွေဟာ အခု ကလာပ်စည်းဆဲလ်တွေ မဟုတ်တော့ဘူး ဆိုတာကို မမြင်နိုင်ဘူး ။ စောစောက ခန္တာကိုယ်ဟာ အခု ခန္တာကိုယ်မဟုတ်တော့ဘူးလို့ မမြင်နိုင်ဘူး ။ အခု ခန္တာကိုယ်ဟာ မူလခန္တာကိုယ် အရင်က ခန္တာကိုယ် မဟုတ်တော့ဘူးဆိုတာကို မမြင်နိုင်ဘူး ။ မမြင်နိုင်တော့ အဲ့ဒီ ဖြစ်ပျက်အစဉ်ရဲ့ အပေါ်ယံ သဏ္ဍာန်ကို တကယ်အဟုတ် အရှိ ထင်နေတယ် မြင်နေတယ် ။ ငါ သူ ယောက်ကျား မိန်းမ လို့ ထင်နေတယ် ။
ကျွန်ုပ်တို့ဟာ တစ်လျှောက်လုံး ဒီအထင်မှားတွေနဲ့ပဲ နှစ်ပါးသွားခဲ့ကြတယ် ။
တရစပ် ဖောက်ပြန်ပျက်စီးနေတဲ့ သဘော ၊ အသစ် အသစ် အစားထိုးနေမှု သဘောတွေကို မမြင်နိုင်ပဲ တစ်ခုခုပဲ တစ်ယောက်ယောက်ပဲ ငါပဲ သူပဲ စတဲ့ အထင်မှားမှုတွေပဲ တရစပ်ဖြစ်နေတယ် ။ အထင်မှားနေမှုများသာ တရစပ် ဖောက်ပြန်ပျက်စီးနေတယ် ။
ငါ သူ ယောက်ကျား မိန်းမ ကို အရှိထင်နေတဲ့အတွက် ၄င်းတို့အပေါ် ကပ်ညှိကာ ဒေါသ လောဘ မာန်မာန အာဃာတတရားတို့ ဖြစ်ပွားရတယ် ။ ထို ကိလေသာမီးများ ဟုန်းဟုန်းတောက်နေလို့ ကြီးစွာသော ပင်ပန်းဆင်းရဲခြင်းသည်လည်း ဖြစ်ရတယ် ။ ချမ်းသာစွာ နှစ်ခြိုက်စွာပင် မအိပ်စက်နိုင် ။ ကိလေသာမီး တောက်သောသူ၏ ညဥ့်တာသည် ရှည်လျားလွန်းလှတယ် ။ ထို့အတူ သံသရာသည်လည်း အဆုံးမရှိ ရှည်လျားလွန်းလှပေတယ် ။
ငါ သူ ယောက်ကျား မိန်းမ ကို မသိပဲ အထင်မှားနေမှုသဘောများသာ တရစပ်ဖောက်ပြန်ပျက်စီးနေမှု အမှန်တရားကို ဆင်ခြင်နှလုံးသွင်းပေးခြင်းဖြင့် အထင်မှားနေမှုမှန်း သိလာသည်နှင့်အမျှ ၄င်းတို့ အပေါ် ကပ်ညှိ လောက်မြိုက်သော ကိလေသာမီးများလည်း လျော့လေသည် ။
မင်းတို့အားလုံး ဒုက္ခနွံထဲမှာ နစ်မနေကြနဲ့တော့၊ မအို..မနာ..မသေတဲ့၊ ဒုက္ခခပ်သိမ်းငြိမ်းတဲ့ အရပ်ရှိတယ်၊ အဲ့ဒီ့ကို ရောက်အောင်သွားကြ ။
ဘုရားဟောသော စကားပင် ။
ဗုဒ္ဓဘာသာဟု ခံယူပြီး ဗုဒ္ဓ့စကားကိုပင် မယုံလေသောကြောင့် နားမထောင်ကြလေသလား ၊ ဗုဒ္ဓညွှန်သောလမ်း မလျှောက်ကြလေ သလား ။
၂ ။ ။
အထက်ပါ စကားများကို ပြောပြီးနောက် မိတ်ဆွေဖြစ်သူသည် ကံဆိုသည်မှာ စိတ်တို့၏ အရိပ်တစ်ခုသာ ဖြစ်ကြောင်း ဆက်လက် ပြောဆိုနေပြန်လေသည် ။ ကျနော်သည် သူ့ကို တစ်ခွန်းမှ ပြန်မပြောနိုင်ပဲ နုတ်ဆိတ်၍သာ နေရလေသည် ။ သူသည် ကျနော့်ကို မည်သို့ မြင်သည် မသိ ။ ကျနော်၏ စိတ်အစဉ်တို့သည် အတိတ်သို့ လည်း ပြေးနေလေသည် ။ အနာဂတ်သို့လည်း ပြေးပြန်သည် ။
ဆင်ခြင်နှလုံးသွင်းမှုအပိုင်းတော့ ဟုတ်ပါပြီ ၊ ငါ ဒီ လုပ်လက်စလေးကိုတော့ ပြီးဆုံးအောင် လုပ်လိုက်ပါဦးမယ် ဟူသော အတွေးသည် ဖြစ်မိလေသည် ။ ဤ အတွေးကိုများ သူသိလျှင် ငါ ကို အရှိထင်နေသဖြင့် ငါအတွက် လိုချင်နေသေးတယ် လောဘမီးတွေ တောက်နေသေးတယ် လို့များ ပြောလေမလား ။
ကျနော့်တွင် ခိုင်မာသော အကြောင်းပြချက်တစ်ခုတော့ ရှိနေသည်မှာ ပြောစရာ လိုမည် မထင်ပါ ။ လူဆိုသည်မှာ မိမိကိုယ်မိမိတော့ မှန်တယ်ဟု ထင်သော သဘော ရှိသည် မဟုတ်ပါလား ။
" နေရာမကျတာကို နေရာမကျဘူးလို့ သိရင် နေရာကျပြီဗျာ့ ။ နေရာလည်း မကျဘဲနဲ့ နေရာကျတယ် ထင်နေတာကတော့ နည်းနည်းလေးမှ မျှော်လင့်စရာမရှိဘူးဗျာ့ ။ " ဝေဘူဆရာတော်ဘုရားကြီး ဦးကုမာရ ၏ သြ၀ါဒ ကို ပြန်လည် အမှတ်ရမိသည် ။
မိမိကိုယ် မိမိ အမှန်မြင်ရဲဖို့ အမှန်ဝန်ခံရဲဖို့ ကြိုးစားရပေဦးမည် ၊ ငါ ၏ မှန်တယ်ထင်သော အတ္တကို ချိုးနှိမ် တိုက်ဖျက် ရလေဦးမည် ဟု သတိတွေ အကြိမ်ကြိမ် ပေးနေမိသည်။
ဖတ်ဖူးသော ဗုဒ္ဓစာပေတစ်ချို့ကို အမှတ်ရလိုက်မိသည် ။
အတိတ်ခန္ဓာသို့လည်း အစဉ်မလိုက်ရာ အနာဂတ်ခန္ဓာကိုလည်း မတောင့်တရာ ၊ အတိတ်သည် ချုပ်ပြီးပြီ ၊ အနာဂတ်သည်လည်း ရောက်မလာသေး ။ ပစ္စုပ္ပန်ဖြစ်သော သဘောတရားကို ထိုသို့ဖြစ်ဆဲခဏ၌သာလျှင် အဖန်ဖန်အားထုတ်ရာ၏ ။
ကျနော်၏ စိတ်တို့ ပစ္စုပ္ပန်တည့်တည့် မကျသေးသည်မှာ သေချာလှပေသည် ။

0 comments:
Post a Comment