* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 28, 2010

ဝဋ်ကြွေးကြီးသည့် လင်မုန်းမ အပိုင်း-၄ အဆက်

0005052Kph0.jpg

သူဌေး၏ အတွေး မှန်ပါသလော၊ မမှန်ပါ။
သူဌေး၏ တွက်ကိန်း ကိုက်သလော၊ မကိုက်ပါ။

အကြောင်းသော်ကား၊ ၁၅ရက် အကြာတွင် သူတောင်းစားသည် သူ၏ သူတောင်းစား အဆောင်အယောင် များကို သူဌေးထံမှ ပြန်လည် တောင်းခံသောကြောင့်ပေတည်း။

သူဌေးမှာ အံ့သြလွန်းသဖြင့် စကားမဆိုနိုင်။ သူတောင်းစားအားသာ မျက်လုံးအပြူးသားဖြင့် ကြည့်နေမိ၏။ ထို တဒင်္ဂကာလအတွင်း၌ ဝင်းအတွင်းရှိ ဆွေမျိုးသားချင်းများထံ ပြန့်နှံ့သွား၏။ ပျားတူအုံ တုတ်ဖြင့် ထိုးဘိအလား သူတောင်းစားထံ ရောက်ရှိလာကြ၏။

“အမောင်၊ ဒါလောက်ပြည့်စုံ ကြွယ်ဝတဲ့အိမ်မှာ ဘာအလိုမကျသတုံး၊ အမောင် ဘာလုပ်ချင်သတုံး၊ ပြောသာပြော လုပ်ရစေ့မယ်”

ဣသိဒါသီ တစ်ယောက် သည်တစ်ခါဖြင့် လင်မြဲပြီဟု စိတ်ချ ယုံကြည်ကြသော ဆွေမျိုးများက တစ်ယောက် တစ်ပေါက် မေး၏။ သူတောင်းစားကလည်း မဆုတ်မဆိုင်း ဖြေ၏။

“အရှင်တို့၊ အကျွန်ဟာ ကိုယ့်သဘောနဲ့ကိုယ် ချမ်းချမ်းသာသာ နေခွင့်ရှိတယ်ဆိုရင် ဣသိဒါသီကို မပေါင်းနိုင်ဘူး၊ ဣသိဒါသီ မရှိတဲ့ အရပ်ကို ပြေးပါရစေတော့”

သူတောင်းစားသည် သူဌေးကြီးအား ရှိခိုးပြီး ထွက်ခွာသွားလေ၏။ ဣသိဒါသီကား ရှက်လွန်းသဖြင့် ခေါင်းမဖော် တော့ပေ။ သူတောင်းစားကသော်မျှ မနှစ်သက်သော မိန်းမ အဖြစ်သို့ ရောက်ရခြင်းသည် အပြင်းထန်ဆုံး အရှက်ခွဲခံရခြင်း မဟုတ်ပေသလော။

ဆွေမျိုးများသည် အိမ်ပေါ်မှ တိတ်ဆိတ်စွာ ဆင်းသွားကြ၏။ သူဌေးလင်မယားမှာ လင်ကံဆိုးရှာလွန်းသော သမီးလှအား ယူကျုံးမရ ငေးကြည့်နေကြ၏။

“သူတောင်းစားရဲ့ စွန့်ပစ်ခံရတဲ့ မိန်းမ။ ဘာဖြစ်လို့ ငိုနေမှာတုံး၊ ကိုယ့်ကိုယ်ကို သတ်သေရင်သေ၊ မသေရင် ရဟန်းပြု”

အတွေးသည် ဣသိဒါသီ၏ ရင်တွင်း၌ ယောက်ယက်ခတ်၏။

“အရှင်မ၊ ကြွတော်မူပါ ဘုရား၊ သမီးရေ ‘ဇိနဒတ္တာ’ အရှင်မကြီး ကြွလာတော်မူတယ်၊ ကွမ်းဆေး လက်ဘက် ကပ်ပါတဲ့”

အမေ့အသံ ပေါ်လာသောကြောင့် ဣသိဒါသီ အတွေးများ လွင့်ပြယ်ရ၏။ ကပျာကယာ နေရာထိုင်ခင်း ပေးပြီး ဝတ်ချသည်။ အရှင်မ၏ ရွှေမျက်နှာတ်ာကို ဖူးမြော်သည်။ သီလဖြင့် ပြည့်စုံသော ထေရီ အရှင်မကြီး၏ ရွှေမျက်နှာတော်ကား ငြိမ်းချမ်းလွန်းစွ။

သို့ကြောင့် ဣသိဒါသီသည် ထေရီမ၏ ခြေကို ခေါင်းဖြင့် တိုက်ပြီး လျှောက်ထား၏။

“အရှင်မ၊ ကျွန်တော်မျိုးမ ရဟန်းပြုချင်ပါတယ် ဘုရား”

“သမီးရယ်၊ ရဟန်းမပြုဘဲ အိမ်မှာနေရင်း ရဟန်းအကျင့်ကို ကျင့်ပြီး ဒါနမှုနဲ့ပဲ ပျော်ပိုက်နေပါလား သမီးရယ်”

အဖေ၏ ကြင်နာစွာ ပြောလိုက်သံ ဖြစ်ပေ၏။ အဖေ့မေတ္တာ အဖေ့စေတနာကို နားလည် လေးစားပါ၏။ သို့ရာတွင် လူ့ဘဝ၌ ဆက်လက်နေပါက ထပ်မံ အရှက်ကွဲဦးမည်။ တစိမ့်စိမ့် တွေးလေ သူ့ကိုယ်ကို သူ နာကျည်းလေဖြစ်ရာ မျက်ရည် ဖြိုင်ဖြိုင် ကျလာ၏။

“အဖေ၊ မကောင်းမှုတုံး မကောင်းမှုခဲကြီးကို ဒီဘဝမှာ ဒီမျှနဲ့ပဲ အဆုံးသပ်ပါရစေတော့ အဖေရဲ့”

ဣသိဒါသီသည် ငိုကြွေးလျက် ဖခင်အား ပလုံးပထွေး တောင်းပန်သည်။

“ကောင်းပြီ သမီး၊ အခြေနှစ်ချောင်း ရှိတဲ့ လူ နတ် ဗြဟ္မာတို့ထက် မြတ်တော်မူတဲ့ မြတ်စွာဘုရားဟာ မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ ကိုးပါးကို မျက်မှောက် ပြုတော်မူတယ်၊ ဒီလို သဘောရှိတဲ့ မဂ်ဉာဏ်ကို မြတ်တဲ့ အရဟတ္တဖိုလ် တရားကို ငါ့သမီး ရစေ ရောက်စေသတည်း”

သူဌေးကြီးသည် ထိုသို့ ဆုပေးခြင်းဖြင့် သမီးချောအား ရဟန်းပြုရန် ခွင့်ပေးလိုက်သည်။ ဣသိဒါသီသည် မိဖနှင့် ဆွေမျိုးများအား ရှိခိုးခဲ့ပြီး ဇိနဒတ္တာ ထေရီနောက်သို့ လိုက်ပါခဲ့ကာ ရဟန်းပြုသည်။ ရဟန်းပြု၍ ခုနှစ်လမျှ ဖြင့်ပင် ဝိဇ္ဇာသုံးပါးကို မျက်မှောက် ပြုတော်မူပြီ။


(ဝဋ်ကြွေးကြီးသည့် လင်မုန်းမ အပိုင်း-၅ အား ဆက်တင်ပါမည်)

☺ပြီးပါပြီရှင်...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP