* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 28, 2010

ဝိဘဇ္ဇ နဲ့ ဝေဘန်ရေး

Tuesday, 27 April 2010 17:40 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail

“ကိုယ်ဝယ်ယူမည့် ပစ္စည်းကိုသာ အတု နဲ့အစစ် ခွဲခြမ်း စိစစ်ရမှာ၊ တစ်ဈေးလုံး မှာရှိသမျှ ပစ္စည်းတွေကို အတု အစစ် ဝေဖန် စွပ်စွဲနေရမှာ မဟုတ်ဘူး။”

စာပေညီအစ်ကိုတော်တစ်ဦးနဲ့ စကားဝိုင်းဖွဲ့မိရာက ‘၀ိဘဇ္ဇ ၀ါဒ’ ဆီ စကားစပ်မိသွား တယ်။ “မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က ‘၀ိဘဇ္ဇ ၀ါဒ’ ဖြစ်တယ်လို့ မိန့်ကြားထားတော့ ‘ဗုဒ္ဓ၀ါဒဆိုတာ ဝေဖန်ရေးဝါဒ’ လို့ ဆိုရင် ရမလား”တဲ့ ။

‘၀ိဘဇ္ဇ၀ါဒ’ ဆိုတဲ့စကားကို ဒီနေ့စာပေနယ်မှာ ပြောဆိုနေကြတဲ့ ဝေဖန်ရေး ဆိုတာနဲ့ အတူတူလို့ပြော ဆိုနေကြတာ အရင်ကလည်း ကြားနေပါတယ်။ ‘ ၀ိဘဇ္ဇ ၀ါဒ’နဲ့ ပတ်သက်လို့ စံနမူနာအဖြစ် ထုတ်ပြလေ့ရှိတဲ့ ‘ကေသမုတ္တိသုတ်’ ကို ဟောတော်မူရတဲ့ အကြောင်း နိဒါန်းနဲ့ ဟောကြားတဲ့ စကားရပ်များကို သေသေချာချာ လေ့လာကြည့်ဖို့ လိုပါတယ်။

ကေသမုတ္တိ လို့ခေါ်တဲ့ တိုက်နယ်မှာ နေကြတဲ့ ကာလာမအမျိုးအနွယ်တို့ထံ ဘာသာရေး ဂိုဏ်းဆရာတွေ အသီးသီးက သူတို့ရဲ့ဝါဒတွေကို လာရောက်ဟောကြား နေကြတော့ ဂိုဏ်းအမျိုးမျိုး၊ အယူဝါဒအမျိုးမျိုးတွေ ရှုပ်ထွေးပြီး ဘာကိုပယ်လို့ ဘာကို လက်ခံလိုက်နာ ရမည်ဆိုတာ မခွဲခြားတတ်အောင် ဖြစ်နေချိန်မှာ မြတ်စွာဘုရားရှင် ကြွ ရောက်တော်မူလာတော့ ကာလာမအနွယ်တွေက သူတို့ကြုံတွေ့နေရတဲ့ ပြဿနာကို လျှောက်ထားတယ်။

ဟောပြောသူ တွေကလည်း “အပြောသန် အမှန်ရောက်” ဆိုတဲ့သဘောမျိုးနဲ့ ပြောဟော ကြသလို နာယူသူ တွေကလည်း အပြောပိုင်သူကို အနိုင်ပေး လက်ခံတတ် ကြတာဟာ မောဟ ထူပြောလှတဲ့ လောကကြီးထဲမှာ သံသရာနဲ့ ချီလာပြီဖြစ်တဲ့ အမွေ ဆိုး ကြီးတစ်ခုပါ။ ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က ကာလာမအနွယ်တို့ကို…

“ကဲ လာကြ ကာလာမတို့၊ တစ်ဆင့်ကြားတွေကိုလည်း အသာထားလိုက်၊ အဆက်ဆက် ပြောစမှန်ပြုခဲ့လို့ သမ္ဘာရင့်လှပါပြီ ဆိုတာတွေ၊ ဟိုမှာ ဟိုလိုဆိုတဲ့ ကောလဟလတွေစတဲ့ တစ်ဖက်သား နားကျလောက်တဲ့ ပုဂိုလ်အရှိန်အ၀ါ၊ ကျမ်းဂန် အထောက်အထားတွေစတဲ့ ယုတ္တိယုတ္တာတွေနဲ့ လူကြိုက်များတာကိုလည်း ဘေးချိန် ထားလိုက်ကြ၊ အခု ငါဘုရားရှင် ပြောမည့်စကားကို သင်တို့ ဘယ်လိုသဘောရကြသလဲ” ဆိုပြီး လောဘ ဒေါသ မောဟ ထူပြောသူ ကင်းရှင်းသူတို့အနက် ဘယ်လိုလူဟာ အပူကြွေးထပ်ပြီး ဘယ်ပုဂိုလ်များကို အအေးဓာတ် ရမလဲစတဲ့ အမေးအဖြေများနဲ့ ဝေဖန် စစ်ဆေးခို်င်းပါတယ်။။

ဒီသုတ်ရဲ့ သဘောသွားကိုကြည့်လိုက်ရင် ကိုယ်နှင့်မဆိုင်တာ၊ ကိုယ်မကျွမ်းကျင်ရာ တွေကို ဝေဖန်ခိုင်းတာ မဟုတ်ပါဘူး။ ကိုယ်လက်ခံကျင့်သုံးရမည့် အယူဝါဒ လမ်းစဉ်နဲ့ ပတ်သက်လို့ ကိုယ်ရည်မှန်းတဲ့ အပူကင်းဝေးပြီး ကိုယ်ပိုင်ဆုံးဖြတ်ခိုင်းလိုရင်း ဖြစ်ပါတယ်။

သဘောကတော့ ဈေးထဲမှာ ပစ္စည်းတစ်ခုခု ၀ယ်တော့မယ်ဆိုရင် ကိုဝယ်မယ့် ပစ္စည်းကိုသာ ကိုယ့်အတွက် အသုံးဝင်မည့်ပစ္စည်းမျိုး ဟုတ်မဟုတ်နဲ့ အမျိုးအစား မှန် မမှန်ကို စိစစ်ဝေဖန်ခွဲခြားကြည့်ရမှာပါ။ တစ်ဈေးလုံးမှာရှိသမျှ ပစ္စည်းတွေကို အတုလား အစစ်လား လို့ ခွဲခြား ဝေဖန် အပြစ်တင်စွပ်စွဲကြရမှာ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓရဲ့ ၀ိဘဇ္ဇ၀ါဒ ဆိုတာ ဒီလိုသဘော မျိုးပါ။ ဒါဆို ဒီနေ့ ဘယ်လိုခြားနားတယ်ဆိုတာ အကဲခတ်လို့ရ လောက်ပါတယ်။

ဘုရားအစရှိတဲ့ အရိယာသူတော်စဉ်တို့ရဲ့ ပင်ကိုယ်သဘောက သူတစ်ပါးကို အပြစ် ပြောဝေဖန်တာမျိုးကို ရှောင်ရှားလေ့ရှိပါတယ်။ ဒီဃနိကာယ် “သာမညဖလ”သုတ်မှာ အဇာတသတ်မင်းကြီးက မြတ်စွာဘုရားထံမှာ ရဟန်း(သမဏ)ပြုလုပ်ကျင့်သုံးရခြင်းရဲ့ မျက်မှောက် ထင်ရှားတဲ့ အကျိုးတရားများကို မေးလျှောက်ပါတယ်။ ရဟန်း(သမဏ)ဆို တာ အဲဒီခေတ် အသုံးအနှုန်းအရ အိမ်ရာတည်ထောင်တဲ့ လူ့ဘောင်ကိုစွန့်ခွာပြီး ကျင့်သုံး နေထိုင်သမျှအားလုံးကို ခေါ်ဝေါ်ပြောဆိုကြတာဖြစ်လို့ မြတ်ဗုဒ္ဓ သာသနာတော်မှ အပဖြစ်တဲ့ ဂိုဏ်းဆရားကြီးများထံမှာ ၀င်ရောက် နေထိုင်ကြသူတို့နဲ့လည်း ပတ်သက် နေပါတယ်။

ဘယ်လိုအဆုံးအမ သာသနာမျိုးမှာ ကျင့်သုံးသူဟာ မျက်မှောက် အကျိုးရတယ်၊ မရဘူးဆိုတဲ့ အဖြူ နဲ့ အမည်း ကွဲပြားအောင် ရှင်းပြနိုင်ဖို့အတွက် တခြားဂိုဏ်းဆရာကြီး တွေရဲ့ ၀ါဒကို မလွှဲမရှောင်သာ ဖော်ပြရတော့မယ့် အခြေအနေနဲ့ ကြုံလာတဲ့အခါ မြတ်စွာ ဘုရားက အဇာတသတ်မင်းကိုပဲ ပြန်မေးတယ်။

“ဒီပြဿနာနဲ့ ပတ်သက်ပြီး တစ်ခြား ဂိုဏ်းဆရာကြီးများကတော့ ဘယ်လိုဖြေကြား ကြသလဲ”ဆိုပြီးတော့ပေါ့။

မြတ်စွာဘုရားရှင် ကိုယ်တိုင် သိပြီးဖြစ်ပါလျက်နဲ့ ဘာဖြစ်လို့ ကိုယ်တော်တိုင် တခြား ၀ါဒများကို ဖော်ထုတ်ပြပြီး အဖြူ နဲ့ အမည်း ကို နှိုင်းယှဉ်မဟော ရတာလည်း ဆိုတော့ တကယ်လို့ ဘုရားရှင်ကိုယ်တော်တိုင် တခြားဝါဒတွေကို ထုတ်ဖော်ဟောကြား မယ် ဆိုရင် အဇာတသတ်မင်းရဲ့ ပရိသတ်ထဲမှာ တခြားဝါဒကို လက်ခံယုံကြည်ကြသူတွေ လည်း ပါကြလို့ သူတို့စိတ်ထဲမှာ ဂေါတမမြတ်စွာဘုရားရှင်က တခြားဝါဒတွေရဲ့ အပြစ်ကို ဖော်ထုတ်ပြီး ‘တရားကင်း’ပြောနေတယ်လို့ အထင်မှားနိုင်စရာရှိလို့ ကိုယ်တိုင်ထုတ်ဖော် မပြဘဲ အဇာတသတ်မင်းကြီးကိုသာ သူအတွေ့အကြုံ သူလျှောက်ထားစေခဲ့တာ ဖြစ်တယ်လို့ ကိုယ်တိုင် ထုတ်ဖော်မပြဘဲ အဇာတသတ် မင်းကြီးကိုသာ သူ့အတွေ့အကြုံ သူလျှောက်ထား စေခဲ့တာ ဖြစ်တယ်လို့ အဋ္ဌကထာဆရာက ရှင်းပြပါတယ်။

မြတ်စွာဘုရားရှင် ပရိနိဗာန်စံတော်မူခါနီးမှာ သုဘဒ္ဒပုရဗိုဇ်က တခြားဂိုဏ်းဆရာ ကြီးများရဲ့ ၀ါဒနဲ့ ပတ်သက်ပြီး မှားသလား၊ မှန်သလား ခွဲခြားဟောတော်မူဖို့ လျှောက် ထားတဲ့အခါမှာလည်း မြတ်စွာဘုရားရှင်က “အလံသုဘဒ္ဒ- ဒါတွေမလိုအပ်ဘူး သုဘဒ္ဒ လို့ မြစ်ပယ်တော်မူပြီး မဂ္ဂင်ရှစ်ပါး တရားလမ်းစဉ်မှန်ကို ဟောညွှန်ပြနိုင်သူသာ ‘သဗ္ဗညူ’ ဖြစ်တယ်။ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားကို ကျင့်သုံးနိုင်တဲ့ သာသနာတော်မှာသာ ဒုက္ခ ခပ်သိမ်းအေးငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ အရိယာပုဂ္ဂိုလ်များရှိနိုင်တယ်”လို့ မိန့်ကြားပြီး သာသနာအစစ် နဲ့ အတုကို ခွဲခြားနိုင်တဲ့နည်းကိုပဲ ဟောပြတယ်။ သူတစ်ပါး ၀ါဒကို ဝေဖန်တာမလုပ်ခဲ့ဘူး။

ဒီဖြစ်ရပ်တွေကို စဉ်းစားကြည့်ရင် မြတ်ဗုဒ္ဓရဲ့ ၀ိဘဇ္ဇ၀ါဒ ဆိုတာ မိမိလက်ခံမည့် တရားနဲ့ ပတ်သက်ပြီးတော့သာ မှန်း မှန် ကောင်း ဆိုး ခွဲခြားဝေဖန်ရမှာဖြစ်တယ်။ ကိုယ်နဲ့ မဆိုင်တာကို ဝေဖန်ရေးအမည်ခံပြီး အတင်းအဖျဉ်းပြောဆိုရမယ်လို့ ဆိုလိုတာ မဟုတ်ကြောင်း ထင်ရှား သိသာ ပါလိမ့်မယ်။

စစ်မှန်တဲ့ ၀ိဘဇ၀ါဒကို နားလည် အသုံးပြုနိုင်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP