* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 28, 2010

လွမ်းစရာ့ ပွဲ

ကဆုန်လပြည့် ဗုဒ္ဓနေ့တဲ့။ ဒီပင်္ကရာမြတ်စွာဘုရားခြေတော်ရင်းမှာ အလောင်းတော် နိယတဗျာဒိတ်ခံယူရာနေ့။ မဟာသက္ကရာဇ် ၆၈ ခု၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ရာနေ့။ မဟာသက္ကရာဇ် ၁၀၃ ခု၊ ဂယာသီသအရပ်၌ သဗ္ဗညုတရွေဉာဏ်တော်ကိုရ၍ ဘုရားဖြစ်ရာနေ့။ မဟာသက္ကရာဇ် ၁၄၈ ခု၊ သက်တော်ရှစ်ဆယ် ၀ါတော် လေးဆယ့်ငါးဝါအရမှာ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ရာနေ့ တို့သည် ကဆုန်လပြည့်နေ့ ပင်ဖြစ်လေ၏။


နေနန်းရယ်တဲ့ ဖန်သူရိန်
တန်ခိုးဥဏှဂူနှင့်
ကဆုန်ဟူ ဒီမာသမှာ
ပြင်းပြပူရှိန်

မဇ္ဈိမအရပ်မှာတော့ ကဆုန်နွေသည် ပြင်းပြစွာအစွမ်းပြနေပေတော့သည်။ နွေရိပ်ခိုရင်း စာဖတ်ခြင်း၊ စာတမ်းအတွက်ပြင်ဆင်ခြင်း စသည်ဖြင့် နားနေတိုးဝင်မိလေ၏။ ပြက္ခဒိန် စာမျက်နှာများကို လှန်လှောမိတော့ ဒီနေ့ ကဆုန်လပြည့်နေတဲ့။ ဘုရားရှင်နှင့် ပတ်သက်တဲ့ နေ့ထူးနေ့မြတ် ပေတကား။

နိယတဗျာဒိတ်ခံယူစဉ်က လောင်းတော်ရဲ့စိတ်ဓာတ်၊ ဝေနေယျတို့အပေါ်ထားတဲ့သူရဲ့ ကြီးမားတဲ့မေတ္တာ၊ တစ်ကိုယ်ကောင်း မဆန်တဲ့လုပ်ရပ်၊ တသသဖတ်ပြီး ကြည်ညိုမိတော့သည်။ ယောက်ျားဇာနည်တို့ရဲ့ ဇွဲခရီးကို စတင်မည့်သူအဖြစ် သူ့ရဲ့စိတ်မှာ မှတ်တိုင်သစ်ရေးထိုးခဲ့လေ၏။ ပြုနိုင်ခဲတဲ့အထူးထူးသော ပါရမီတော်တို့ကို တစိုက်မတ်မတ် ဖြည့်ကျင့်ခဲ့လေတော့သည်။ တဆက်တည်း ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ဗြဟ္မစိုရ်နာရေးကူညီမှု အသင်းခေါင်းဆောင် ကိုကျော်သူရဲ့ လူမှုဝန်ထမ်းဆုရရှိခြင်း ပူပူနွေးနွေးသတင်းလေး ဖတ်ပြီး အော် သူလည်း သူတော်မြတ်တို့လမ်းစဉ်လိုက်နေသူပါလားလို့.. လေးစားရင်းကို အားဖြည့် လိုက်မိတော့သည်။


ဝိသာခါ ယှဉ်ပြိုင်ဝန်းပါလို့
ထွန်းလှတဲ့ ငွေတာရိန်ငယ်
ဒွတ္တိံသနေ့စွဲ

ငယ်ရွယ်စဉ်က ကျက်မှတ်ခဲ့ရတဲ့ လယ်တီဆရာတော်၏ ခုနှစ်နေ့ဘုရားရှိခိုးလေးမှ ကဆုန်လပြည့် ၀ိသာခါနက္ခတ်နှင့်ယှဉ်လျှက် အလောင်းတော်မြတ်မင်းသားလေးကို ဖွားမြင်ခဲ့သည်ကိုလည်း မှတ်သားရ၏။ ၀ိသာခါနက္ခတ်ဆိုသည့် အဓိပ္ပါယ်ကိုတော့ ဆက်မတွေးတက်ခဲ့ပေ။ အလောင်းတော်မြတ် ဖွားမြင်ခဲ့ခြင်းကိုသာ စိတ်ထဲမှာ သိသာစေခဲ့၏။ လောကကောင်းကျိုးအတွက် အလင်းရောင်ပေါ်ထွက်မဲ့ နိမိတ်တစ်ခုပေ။ လူသားတစ်ယောက် အဖြစ်မွေးဖွားခဲ့ခြင်း၊ လူသားတစ်ယောက်လို နေထိုင်ပြုမှုခဲ့ခြင်းဖြင့် ဖန်ဆင်းခံရခြင်း သံသယကိုပယ်ဖျောက် ပေးနိုင်ခဲ့လေ၏

မဟာဗောဓိညောင်ပင်ရင်းမှာ သစ္စာအလင်းကို ကိုယ်တိုင်ထွန်းညှိနိုင်တဲ့နေ့။ ဘုရားရှင်ရဲ့ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ခဲ့တဲ့ ပါရမီ၊ လေ့ကျက်ခဲ့တဲ့ ပညာအစွမ်းဖြင့်ရအပ်တဲ့ အောင်ပန်း၊ ကိုယ်တိုင်တတ်လှမ်းနိုင်ခဲ့ ခြင်းပင်ဖြစ်လေ၏။ ထိုမှစ၍ လေးဆယ့်ငါးဝါပတ်လုံး ဝေနေယျတို့ကို တရားရေအေး တိုက်ကျွေးတော်မူခဲ့လေ၏။

လေးဆယ့်ငါးဝါပြည့်လို့ မလ္လာမင်းတိုက်၏ အင်ကြင်းဥယျာဉ်တော်ကိုကြွရောက်ပြီး သေခြင်းတရားကို မည်သူမျှမလွန်ဆန်နိုင်ပုံ၊ ဘုရားပင်ဖြင့်သော်လည်း ဖြစ်ပြီးလျှင်ပျက်ခြင်း သဘောအတိုင်း ပရိနိဗ္ဗာန် စံဝင်တော်မူလေ၏။ နောက်ဆုံးမိန့်မှာချက်ကိုတော့ .. “ဟန္ဒ ဒါနိ ဘိက္ခဝေ အာမန္တယာမိဝေါ၊ ၀ယဓမ္မာ သင်္ခါရာ အပမာဒေန သမ္ပာဒေထ။ ချစ်သားတို့ ငါဘုရားနောက်ဆုံးမှာတော်မူခဲ့မယ် ဖြစ်ဖြစ်သမျှသော တရားအားလုံးတို့သည် အစိုးမရ ပျက်စီးခြင်းသဘောရှိကုန်၏၊ မမေ့သော သတိ၊ မလျှော့သော ၀ီရိယ၊ မဆသော ပညာတရားတို့ဖြင့် ကိုယ်စီကိုငှ ပြည့်စုံ၍ နေရစ်ကြ ” တဲ့။ နောက်ဆုံးအချိန်အထိ သတ္တ၀ါဝေနေယျတို့ကို သားရင်းတွေပမာ စိတ်မချလို့ မှာတမ်းလေး ပေးခဲ့ခြင်းပင်။


ပန်းစကားဝါ
နန်းဘမယာ ကေသီဆင်လို့
ရွှေပြည်ခွင် ဗိုလ်ပါပေါင်းရယ်တို့
ငြိမ့်ညောင်းအောင်ထာဝစဉ်ဖြင့်
ခါသဘင် ညောင်ရေသွန်းကြတယ်
လွမ်းစရာ့ပွဲ

ထိုကဲ့သို့ ဘုရားရှင်နှင့်ပတ်သက်တဲ့နေ့၊ သက်တော်ထင်ရှားဘုရားကို အာရုံပြုပြီး ကဆုန်ညောင်ရေသွန်းပွဲများ စည်ကားစွာကျင်းပလေ့ရှိကြ၏။ မြန်မာပြည်မှာတော့ ရှိသည်။ ဗာရာဏသီမှာတော့ အလေ့မရှိ၊ သတိလေးရရုံနဲ့ပဲ ၀မ်းနည်းစွာကျေနပ်နေရတော့သည်။ လွမ်းစရာ့ပွဲ၊ ဘုရားရှင်မှာတမ်းလေးကို မြည်တမ်းရင်းလည်း လွမ်းသည်။ ဤနေ့လေးမှာဖြင့် ဘုရားရှင်ကို ရည်မှန်း ရေသွန်းခြင်း၊ လှူဒါန်းမှုပြုခြင်းတို့ဖြင့် အမိမြေသည် ကုသိုလ်ဖြင့်တန်ဆာဆင်နေပေလိမ့်မည်။ သမုဒယမပါပဲ တစ်ယုတစ်ယပင် လွမ်းလိုက်ပါ တော့သည်။
0 comments Links to this post

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP