* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 25, 2009

သံေ၀ဂ

နုနယ်ရုပ်ဆင်း၊ တောင့်တင်းခိုင်မာ။
ဇရာထောင်းတော့၊ ကောင်းကောင်း မမာ။
ဗျာဓိနာခြင်း၊ လာညှဉ်းလေတာ။
မရဏ၊ သေရ နောက်ဆုံးပါ။

ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၂ )

( မှတ်ချက် )
ထေရ၀ါဒ ဗုဒ္ဓဘာသာ နှင့် မဟာယာန ဗုဒ္ဓဘာသာ နှိုင်းယှဉ်ဝေဖန်ချက် ( ၁ ) ပါ
မြတ်မင်္ဂလာ စာစောင် မရှိသေးပါသဖြင့် မတင်ပြပေးနိုင်တာကို သည်းခံခွင့်လွှတ်ကြပါရန်။


( ယခင်လမှ အဆက် )
မြတ်စွာဘုရားကို မဟာသက္ကရာဇ် ၆၈-မှာ မွေးတော်မူခဲ့တယ်။ မြတ်စွာဘုရား မွေးတော်မူတာဟာ ခရစ်တော်ထက် ၆၂၃-နှစ် စောတယ်။ မဟာသက္ကရာဇ် ၆၈-ဆိုတာက ဘိုးတော် အဉ္စနဖြိုပြီး ၁-နှစ်မှ စမှတ်လာတဲ့နှစ်၊ ဘိုးတော်အဉ္စန ဆိုတာ မဟာမာယာရဲ့ ဖခင်၊ သိဒ္ဓတ္ထမင်းသားရဲ့ ဘိုးတော် ဖြစ်တယ်။ အစ္စလာမ်ဘာသာ မိုဟာမက်ကတော့ သက္ကရာဇ် ၁၁၇၀-မှာမွေးတယ်။ ဗုဒ္ဓဟာ ပထမဦးဆုံး ဘာသာရေး သာသနာရေး စတင်တည်ထောင်တဲ့ ပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ထားပါ။ ဂုဏ်ယူပါ။

မဟာသက္ကရာဇ်၊ ၆၈-ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊ နတ်လူအောင်မြို့၊ လမ်းပါကိုး-လို့ ဆိုထားတာ မှတ်ထားပါ။
ကလေးအများ သင်တန်းတက်ဖူးလို့ သိနေကြတယ်။ လူကြီးတွေ ကောင်းကောင်းသိထားဖို့ အရေးကြီးပါတယ်။ မြတ်စွာဘုရား အဲဒီလိုမွေးလာတာ နိဗ္ဗာန်တည်းဟူသော အောင်မြို့ကို သွားဖို့ မွေးလာတာ။ မွေးလာတာနဲ့ တပြိုင်နက် သီဟနာဒ-ခြင်္သေ့ဟောက်သလို ရဲရဲတောက် စကားသုံးခွန်း ပြောပါတယ်-

အဂ္ဂေါဟမသ္မိ လောကဿ-ငါသည် ဒီလောကမှာ အမြတ်ဆုံးပဲ။
အယမန္တိမာ ဇာတိ-ငါ ဒီပဋိသန္ဓေဟာ နောက်ဆုံးပဲ။
နတ္ထိ ဒါနိ ပုနဗ္ဘဝေါ-နောက်တဖန် မွေးဖွားခြင်း မရှိတော့ဘူး။

သိဒ္ဓတ္ထမင်းသား မွေးဖွားလာပုံကို ဒီလိုတခမ်းတနား ပြထားတယ်။ မဟာယာနဂိုဏ်းသားများအဆိုကို နောက်တပတ် ဟောပြပါမယ်။ ထေရ၀ါဒနှင့်မတူ။ မဟာယာနက တမျိုး ပြထားတယ်။ ငါသည် အမြတ်ဆုံးလို့ ထင်ရှားကြေညာထားတဲ့ ဂေါတမမှာ ဒီကမ္ဘာမှာ သူ-ရှိခိုးစရာလူ ရှိသေးသလား၊ မရှိတော့ဘူး နော်။ အဲဒါကို ပီပီသသ အမှတ်တရပြုထား။

မဟာယာနကျတော့ တခုလေးပြောပြရမယ်ဆိုရင် ဘုန်းကြီး ဂျပန်ပြည်ကို အကြိမ်ကြိမ်ရောက်ဖူးတယ်။ အားလုံး မဟာယာနချည်းပဲ။ ထေရ၀ါဒအနေနဲ့ ကျွန်းမြောက်ပိုင်းမှာ မြန်မာဘုန်းကြီးကျောင်း တကျောင်းပဲ ရှိတယ်။ သူတို့ဆီရောက်တုန်း သူတို့ရဲ့ နေထိုင်ကိုးကွယ်ပုံ ဓလေ့ထုံးစံတွေ သိချင်လို့ သူတို့နဲ့အတူ တနေ့နေကြည့်တယ်။ သူတို့က မနက်ခင်း အိပ်ရာကထပြီးရင် မျက်နှာသစ်၊ ကိုယ်လက်သန့်ရှင်းပြီး မြတ်စွာဘုရားရှေ့သွားပြီး ဘုရားရှိခိုးတယ်။ အဲဒါပဲ။ အဲဒီဘုရားခန်းကို ကြည့်လိုက်တော့ ဘုရားကိုယ်တော်မြတ်က အလယ်မှာ။ ဘုရားကိုယ်တော်မြတ် ဘေးပတ်လည်ကတော့ ဘုရားလောင်းတွေ အများကြီးတွေ့ရတယ်။ ဒီလိုဘုရားလောင်းတွေ မွေးပေးတဲ့ အမေကိုလဲ ရှိခိုးရသေးတယ်။ ဘုန်းကြီးတို့မြန်မာပြည်မှာ မယ်တော်ကြီး၊ မယ်တော်ကြီးနဲ့ ကိုးကွယ်ဆည်းကပ်သူ တွေ့ ရဖူးတယ်။ ဘယ်ကမယ်တော်ရယ်လို့တော့ မသိဘူး။ ဂျပန်ကတော့ အဲဒီဘုရားလောင်းတွေ မွေးပေးတဲ့ မယ်တော်ပဲ။ နောက်ပြီး အဲဒီဂျပန်ဘုရား ဘေးနားမှာ နတ်မင်းကြီး ၄-ပါးလဲ ရှိသေးတယ်။ အဲဒီနတ်တွေလဲ ဘုန်းကြီးတွေက ရှိခိုးကြရသေးတာ တွေ့ခဲ့တယ်။

ဘုန်းကြီးတို့မြန်မာပြည် ဘုရားတွေမှာ နတ်တွေ၊ ဘီလူးတွေ၊ နဂါးတွေလဲ ရှိတယ်။ ဒါပေမယ့် ဘုန်းကြီးတွေကတော့ ရှိမခိုးကြပါဘူး။ ဒါက သေချာတယ်။ ဘုရားနားက နတ်ဟာ ဘုရားကို စောင့်ရှောက်ဖို့ပဲ ဖြစ်မယ်။ ကိုးကွယ်ရှိခိုးဖို့တော့ မဟုတ်ဘူး။ ဂျပန်ဘုရားခန်းမှာတော့ ဘုရားလဲ ရှိခိုး၊ ဘုရားလောင်းတွေလဲ ရှိခိုး၊ မယ်တော်ကြီးဆိုတာကိုလဲ ရှိခိုး၊ နတ်ကြီးလေးပါးလဲ ရှိခိုးနေတာနဲ့ အချိန်တွေ အများကြီးကုန်သွားတယ်။

ဓမ္မဆိုတဲ့ဥစ္စာက သီလက ကိုယ်နှင့်နှုတ်ပေါ်မှာ ကျင့်ရမယ်။ သမာဓိက စိတ်ပေါ်မှာ ကျင့်ရမယ်။ ပညာက စိတ်ထဲ ရုပ်ထဲမှာ ကျင့်ရမယ်။ ရှိခိုးတာကို တခမ်းတနားကြီးလုပ်ပြီးနေခြင်းဖြင့် ဘာသာရေး လုပ်ငန်းတခုအနေနဲ့ ပြီးသွားမယ်ဆိုရင် အဲဒါ မဟာယာနပဲ။ အဲဒါကို rites, rituals, ceremonies လို့ ခေါ်တဲ့ အပိုအလုပ်တွေပဲ။ ပူဇော်ခြင်း။ ရှိခိုးခြင်း အခမ်းအနားများပေါ့။ အဲဒါတွေကို အစီအစဉ်များစွာနဲ့ လျှို့ဝှက်တဲ့နည်းစနစ်တွေပါ ထည့်သွင်းပြီးတော့ တခမ်းတနားလုပ်ကြတာဟာ မဟာယာနပဲ။

ကျုပ်တို့ဘုရားလောင်းတော် မွေးခါစ မင်းသားကလေးက ချက်ချင်း ကြွေးကြော်လိုက်တာက-ငါသည် လောကမှာ အမြတ်ဆုံး၊ ဒီပဋိသန္ဓေသည် နောက်ဆုံး၊ နောက်ထပ်တဖန် ပဋိသန္ဓေနေခြင်း ငါ့မှာ မရှိတော့ဘူး။ ရဲရဲတောက်စကားသုံးခွန်း မိန့်ကြားခဲ့တယ်။ သူ ရှိခိုးစရာ သတ္တ၀ါ မရှိဘူးဆိုတာ ဟောခဲ့တယ်။

မြန်မာပြည်က ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ သိပ်ကွဲပြားခြားနားတာပေါ့။ ဒီမှာက ပရိယတ် ပဋိပတ် ပဋိဝေဓ ဆိုပြီး ရှင်းရှင်းလင်းလင်း သန့်သန့်ရှင်းရှင်း ရှိပြီး အလေးအနက် အယူရှိကြတာ။ မြတ်စွာဘုရားဟာ မဟာသက္ကရာဇ် ၁၀၃-ခုမှာ ဘုရားဖြစ်တော်မူတယ်။ ဒါ အထင်အရှား ပြသနိုင်တယ်။ သက်တော် ၃၅-နှစ်မှာ ဗုဒ္ဓဖြစ်တော်မူတယ်။ ခရစ် ၅၈၈-ခုနှစ်မှာပေါ့။ တရားအပေါင်း ကိုယ်တော်တိုင် အပင်ပန်းခံပြီး ကျင့်တော်မူတယ်။ သယမ္ဘူဉာဏ် ရတော်မူတယ်။ ဒီနေရာမှာ မှတ်သားထားဖို့က သယံ-ဆိုတဲ့ စကားလုံးပဲ။ ဘယ်သူကမှ ပြတာ၊ သင်ပေးတာ မဟုတ်ဘူး။ သယံ-ကိုယ်တော်တိုင် ကျင့်သုံးပြီး ရတော်မူတဲ့ ဓမ္မတွေ။ သမ္မာသမ္ဗုဒ္ဓေါ-ကောင်းစွာ ဟောကြားထားတဲ့ တရားဓမ္မတွေ။

ဒါနဲ့ မြတ်စွာဘုရား ပွင့်တော်မူခါနီးတော့ သစ်ပင်၊ ပန်းပင်တွေ ရာသီမဟုတ်ဘဲ ပွင့်၊ လူတွေ ပျော်ရွှင်ကြ၊ နတ်၊ ဗြဟ္မာတွေ မြူးတူးရွှင်ပြကြ၊ အင်မတန်ထူးခြားတဲ့ အချိန် ကြုံရတယ်။ အကြောင်းက သတ္တ၀ါတွေကို မျက်စိပေးမယ့် လူ ပေါ်လာတော့မယ်တဲ့။ စက္ခု-ဆိုတာ မံသစက္ခုကို ဆိုလိုတာ မဟုတ်။ ဉာဏစက္ခုကို ဆိုလိုတာ။ လူတွေဟာ ကန်းနေကြတယ်။ ဉာဏစက္ခု လိုတယ်။ ယခု ဉာဏစက္ခုပေးမယ့် ပုဂ္ဂိုလ် ပေါ်လာပြီဆိုပြီးတော့ လောကကြီးတခုလုံး မြူးပျော်ကြတာ။ အဲဒီဉာဏစက္ခုဟာ အခုအခါမှာ ပိုပြီးတောင် လိုလာတယ်။ အကြောင်းကတော့ ဘုရားဟောဓမ္မကို ဓမ္မအတိုင်း မကျင့်သုံးဘဲ လွဲမှားတဲ့အယူတွေ တဖြည်းဖြည်း စိမ့်ဝင်လာတာ တွေ့နေရတယ်။ လူတွေဟာ သစ်ပင်ကို ကိုးကွယ်ရတာနဲ့။ ကျောက်တုံး ကျောက်ခဲ ဘုရားစင်ရှေ့ထားပြီး ကိုးကွယ်ရတာနဲ့ ပွဲအမျိုးမျိုးပေးပြီး ဆုတောင်းရတာနဲ့ အတော် ရောယှက်ရှုပ်ထွေးလာကြတယ်။ မြတ်စွာဘုရားက စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ လို့ အထင်အရှားဟောခဲ့တာ သတိမထားဘူး။

ကမ္ဘာမှာ အချို့ဘာသာတွေဟာ မည်မည်ရရ ဘာမှမရှိဘဲနဲ့ တို့ဘုရားက ဒီလိုယူရမယ်တဲ့ဆိုပြီး ဘာမှစဉ်းစားခွင့်မပေးဘဲ မျက်စိမှိတ်ယူရတဲ့ အယူဝါဒတွေ တော်တော်များများ ရှိတယ်။ ဘုန်းကြီးက တခြားဘာသာတွေကို ဘာမှပြောဖို့ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ ထေရ၀ါဒအမည်ခံပြီး အလွန်ကွဲပြားခြားနားတဲ့ မဟာယာနဆိုတဲ့ ဗုဒ္ဓအယူဝါဒကို စိတ်ဝင်စား လိုက်နာနေကြတဲ့ သာသနာဝင်အကြောင်းကို ဟောပြဖို့ ရည်ရွယ်ထားတာပါ။

မြတ်ဗုဒ္ဓဟာ အသက် ၃၅-နှစ်မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် မိဂဒါဝုန်ခရီးသွားတော်မူတဲ့အခါ ဂယာသီသ တောလမ်းမှာ ကိုယ်တုံးလုံး ဆရာကြီးဥပကနဲ့ တွေ့တော်မူတယ်။ မြတ်စွာဘုရားရဲ့ ကြည်ညိုဖွယ် ရုပ်နဲ့ ထူးခြားတဲ့ ဣနြေ္ဒတော်တို့ကို တွေ့မြင်ရတဲ့အခါ-သင့်ဆရာ ဘယ်သူလဲ-လို့ မေးတော့ မြတ်ဗုဒ္ဓက ( သယံ အဘိညာယက ဗုဒ္ဓိသေယျ )ငါ့မှာ ဘယ်သူကမှ လမ်းညွှန်တာ မရှိ၊ ဆရာမရှိ။ မိမိအလိုလို တရားတော်တွေ သိတာ-လို့ ပြောတော့ ဥပကကြီးက ခေါင်းညိတ်လက်ခံပြီး ဟုတ်ပေလိမ့်မယ်-လို့ ဆိုပြီး သူ့ခရီး သူဆက်သွားတယ်။

ဒီလိုသမ္မသမ္ဗုဒ္ဓ အရှင်မြတ်ကို ထေရ၀ါဒဗုဒ္ဓဘာသာတိုင်း ဘယ်သူမှ သံသယမရှိ၊ ဒါကို မဟာယာနဂိုဏ်းအချို့က ဘုရားကို တန်ခိုးရှင်တဦးက ပူးဝင်ပြီး ဓာတ်စီးပြီးပြောတာလို့ တွေးခေါ်ကြသေးတယ်။ မြတ်စွာဘုရားဟာ တရာအပေါင်းကို မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်းပြီး သိတော်မူတာ။ သီလ သမာဓိ ပညာကို အဓိကဟောတော်မူတာ။ စိတ်ကူးကြံဆပြီး ပြောတာ ဟောတာ တီထွင်တာ မဟုတ်ဘူး။ ဒါကြောင့် ဘုန်းကြီးက ထေရ၀ါဒဗုဒ္ဓဘာသာသည် ဘုရား၏ဘာသာ (စကား) ဖြစ်သည်။ ကိုးကွယ်စရာအဖြစ် ကြံဖန်စီစဉ်ထားသော အယူဝါဒ (Religion) မဟုတ်လို့ ရဲရဲကြီး ပြောနေတာ။ realistic teaching တိကျမှန်ကန်နက်နဲသော အယူအကျင့်များသာ ဖြစ်တယ်။

တဖန် မဟာယာနက နိဗ္ဗာန်ကို သူတို့စိတ်ကူးနဲ့ အဓိပ္ပါယ်ဖွင့်ထားတာ ရှိသေးတယ်။ နိဗ္ဗာန်ရောက်တယ်ဆိုတာ အရဟတ္တဖိုလ်စိတ်နဲ့ အထူးဖြစ်ပေါ်လာတဲ့ ရုပ် နာမ် တမျိုးနဲ့ နိဗ္ဗာန်ဘုံကို ရောက်သွားတာတဲ့။ အဲဒီဘုံမှာ အစဉ်အမြဲ ဘယ်တော့မှမပျက်စီးတော့ဘဲ နိဗ္ဗာန်အရသာကို အမြဲခံစားနေတာတဲ့။ လူ့ပြည်က တင်ပလ္လင်ခွေ ထိုင်ရင်း သေသွားရင်လဲ နိဗ္ဗာန်မှာ အဲဒီလို ထိုင်ပြီး အမြဲတမ်းစံစားနေရတယ်တဲ့။ ထေရ၀ါဒက နိဗ္ဗာန်ရောက်တယ်ဆိုတာ မီးစာလဲ ကျွမ်း၊ ဆီလဲခန်းပြီး ငြိမ်းချမ်းသွားတဲ့ သဘော။ မီးတောက်ငြိမ်းသွားပြီ၊ ငြိမ်းပြီး ဘယ်ရောက်သွားသလဲ။ စိစစ်နေစရာမလို၊ ထေရနဲ့ မဟာယာန ကွဲပြားခြားနားပုံတွေ များစွာရှိတယ်။

နောက်အပတ်တွေမှာ သာသနာဝင်တွင် ဘယ်လိုဂိုဏ်းကွဲတွေ ပေါ်လာပြီး ၀ါဒသစ်တွေ သွတ်သွင်းပြီး ဗုဒ္ဓတရားတွေ လွဲမှားစွာ ခံယူနေကြပုံများကို ဆက်ဟောမယ်။ အခုတော့ ဆုတောင်းအမျှဝေပြီး ရပ်နားကြဦးစို့။
( ရှေ့လ ဆက်ရန် )

သီတဂူ ဆရာတော်

( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )

Wednesday, September 23, 2009

ကောင်းမှုလုပ်သူ ကောင်းကျိုးရ

ကျွန်တော်သည် စာအုပ်စာပေများကို ဖတ်ရှုရန် များစွာ ၀ါသနာပါလွန်းသူတဦး ဖြစ်ပါသည်။ ကျွန်တော်ဖတ်ရှုခဲ့သော စာပေများထဲမှလည်း ကျွန်တော့်ဘ၀အတွက် ယူစရာသင်ခန်းစာများ၊ ဆောက်တည်စရာ ကိုယ်ကျင့်တရားများ၊ ကျင့်သုံးစရာ ဆင်ခြင်တုံတရားများ အများအပြား ရရှိခဲ့ပါသည်။ ရယူခဲ့ဖူးပါသည်။ သို့အတွက်လည်း ကျွန်တော်၏ ဘ၀တည်ဆောက်ရာ၌ အထိုက်အလျောက် အောင်မြင်မှုများ ရရှိခဲ့သည်ဟု ကျွန်တော် ယုံကြည်ပါသည်။

ယခုအခါတွင်တော့ သူတပါး၏ အတွေ့အကြုံများမှ သင်ခန်းစာကို ကိုယ်ယူခဲ့သည့်နည်းတူ ကျွန်တော့်အတွေ့အကြုံများကိုလည်း သူတပါးအား မျှဝေပေးလိုသည့်ဆန္ဒများ ပြင်းပြလာ၍ ဤစာစုကို ရေးဖွဲ့မိခြင်း ဖြစ်ပါသည်။ ဤစာစု၏ခေါင်းစဉ်ကို မြတ်မင်္ဂလာစာစောင်၏ ဆောင်ပုဒ်တခု ဖြစ်သည့်-
ကောင်းမှုလုပ်သူ ကောင်းကျိုးရ၏
မကောင်းမှုလုပ်သူ မကောင်းကျိုးရ၏
အကြင်မျိုးစေ့ကို စိုက်ပျိုး၏
ထိုအသီးကို သုံးဆောင်ရ၏-ဆိုသည့် ဗုဒ္ဓဘုရားရှင်၏ အဆုံးအမစာစုထဲမှ ရယူမိပါသည်။

ကျွန်တော်၏ဘ၀သက်တမ်း အတွေ့အကြုံ တလျှောက်ဝယ် ကောင်းကျိုးရသော အတွေ့အကြုံများ ရှိခဲ့ပါသည်။ ထိုနည်းတူ မကောင်းမှုလုပ်၍ မကောင်းကျိုးရသော အတွေ့အကြုံများလည်း ရှိပါသည်။ ကောင်းကျိုးဆိုးကျိုး တွေ့ကြုံခံစားခဲ့၊ ကြားမြင်သိရှိခဲ့သည့် အဖြစ်အပျက် များစွာရှိခဲ့သည်။ ယင်းတို့ကို လှိုက်လှဲပ်ီတိဖြစ်မှုများ၊ ကြောက်ရွံ့ထိတ်လန့် ခါးသီးဖွယ် ခံစားရမှုများဖြင့် အကြိမ်ကြိမ် ဖြစ်တည် ခံစားခဲ့ဖူးပါသည်။ ယင်းတို့ထဲမှ ပထမအဖြစ်အပျက်တခုကို ဖော်ပြလိုပါသည်။

ကျွန်တော် ပဲခူးမြို့တွင် နေထိုင်စဉ်အခါက ဖြစ်သည်။ ကျွန်တော့်အမ၀မ်းကွဲ တဦးက ပဲခူးနှင့် ၇-မိုင်လောက်ဝေးသော သနပ်ပင်မြို့နားရှိ ရွာကလေးမှာ နေပါသည်။ အမ၏ လည်ချောင်းရင်းမှာ အသားပိုဖု(ဘု) လုံးကြီးဖြစ်နေသဖြင့် ရန်ကုန်မြို့ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းကု ဆေးရုံကြီးတွင် ပြသထားပါသည်။ ထိုနေ့က အမ၏လည်ချောင်း ခွဲစိတ်ကုသဖို့ ဆေးရုံကို ကျွန်တော်လိုက်ပို့ရမည် ဖြစ်သည်။

သနပ်ပင်-ရန်ကုန်သွား မှန်လုံကားက နံက် ၄-နာရီထွက်သည်။ သူတို့ညီအမနှစ်ယောက်က ထိုင်ခုံ ၃-ခုံ လက်မှတ်ဖြတ်လာပြီး ကျွန်တော်က ပဲခူးကနေ ဖြတ်စီးရမည်ဖြစ်သည်။ မှန်လုံကား ပဲခူးရောက်တော့ နံနက် ၄-၁၅ မိနစ်လောက် ရှိပါပြီ။ အမနှစ်ယောက်က ၂-ခုံတွဲ၊ ကျွန်တော်က အခြားခရီးသည်တဦးနှင့် တွဲပြီးထိုင်ရပါသည်။ မနက်စောစော နှင်းတွေကြောင့် မှောင်မှောင်မည်းမည်းမို့ ကျွန်တော်လမ်းဘေးဝဲယာကိုသာကြည့်ပြီး ပါလာခဲ့သည်။ ကျွန်တော့်ခုံနေရာက ကားအတွင်းဘက်လမ်းနှင့် ကပ်နေသဖြင့် မတ်တတ်စီးကြသော ခရီးသည်များနှင့် ပူးပူးကပ်ကပ် ဖြစ်နေသည်။ ကျွန်တော် ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်သောအခါမှာတော့ ကားကမြို့ပြင်ဘက် ရောက်နေပါပြီ။ ရဟန်းတော်တပါးကို ခရီးသည်ယောက်က်ျား၊ မိန်းမတွေကြားမှာ တိုးတိုးဝှေ့ဝှေ့နှင့် မတ်တတ်ရပ် လိုက်ပါနေသည်ကို တွေ့ရသည်။

မြင်တွေ့လျှင်မြင်တွေ့ချင်းပင် ကျွန်တော် နေရာကထပြီး ဖယ်ပေးလိုက်ဖို့ စိတ်ကူးမိပါသည်။ သို့သော် ကိုယ်သွားရမည်က ပဲခူး-ရန်ကုန် မိုင် ၅၀-ခရီးကြီး၊ ခရီးရှည်ကြီးမို့ ဖယ်၍ မပေးချင်ပါ။ သို့ဖြင့် ကိုယ်ကို အသာပြန်ကျုံ့ထိုင်ရင်း မျက်လုံးကို အသာပိတ်ပြီး မမြင်သလို လုပ်နေလိုက်သည်။ သို့ရာတွင် စိတ်ထဲမှာတော့ မလုံမလဲနှင့် ဖယ်ပေးရကောင်းနိုးနိုး၊ ဆက်ထိုင်နေရ ကောင်းနိုးနိုးနှင့် ဝေခွဲမရ ဖြစ်နေပါသည်။ ထိုအချိန်တုန်းက ကျွန်တော် ပဲခူးမှာနေရာ၊ ရန်ကုန်-ပဲခူး ခရီးကို အိမ်ဦးနှင့်ကြမ်းပြင်လို သွားနေရင်း လိုင်းကားစီးနေကျဖြစ်သည်။ တခါတရံ ထိုင်ခုံ အဆင်မပြေလျှင် ပဲခူး-ရန်ကုန် မတ်တတ်လိုက်တန် လိုက်နေကျ ဖြစ်ပါသည်။

နောက်ဆုံး၌ စိတ်ကို ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်သည်။ အခါတိုင်းလည်း သည်ခရီးကို မတ်တတ်တွယ်လိုက်ဖူးတာပဲ၊ ယခု ကိုယ့်အသက်အရွယ်အရရော၊ ကျန်းမာရေးအရရော ငါလိုက်နိုင်တာပဲ။ ငါဖယ်ပေးမယ်-ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ ဦးပဉ္စင်း ဒီနေရာ ထိုင်တော်မူပါဘုရား-ဟု လျှောက်ထားပြီး နေရာကို ဖယ်ပေးလိုက်သည်။ ရဟန်းတော်က ဒကာကြီး ဘယ်သွားမှာလဲ-ဟု မေးရာ ကျွန်တော်က ရန်ကုန်ကိုပါဘုရား-ဟု လျှောက်ပါသည်။

သည်အချိန်မှာ ရဟန်းတော်က ကျွန်တော့်ကိုကြည့်လိုက်သော မျက်လုံးအကြည့်ကို ကျွန်တော်နားလည်လိုက်ပါသည်။ အေးချမ်းတည်ငြိမ်စွာနှင့် ကျေးဇူးတင်သည့်အကြည့်၊ ခရီးရှည်တခု ဖြစ်ပါလျက် ရဟန်းသံဃာတော်ကို အမွန်အမြတ်ပြုသော စိတ်ကို သာဓုခေါ်သည့်အကြည့်ပင်၊ ကျွန်တော့်ရင်ထဲမှာ အေးခနဲ၊ စိမ့်ခနဲ ဖြစ်သွားသည်။ ကျွန်တော့အပြုအမူ ကျွန်တော့်ဆုံးဖြတ်ချက်အတွက် ကျွန်တော့်ကိုယ် ကျွန်တော် ကျေးဇူးအလွန်တင်သွားပါသည်။

ရဟန်းတော်က ကျွန်တော်ဖယ်ပေးသောနေရာမှာ အသာအယာ ၀င်ထိုင်လိုက်ပါသည်။ မျက်လွှာစုံချပြီး တည်ငြိမ်သောဣနြေ္ဒ ၀ါရွှေသောသင်္ကန်း အရောင်တို့နှင့် လိုက်ဖက်တင့်တယ်နေသော ရဟန်းတော်ကိုကြည့်ရင်း ကျွန်တော့်တကိုယ်လုံး ပီတိတွေလှိုက်၊ ကြက်သီးတွေ ဖြန်းဖြန်းထသွားသည်။ မထင်မှတ်ဘဲ ပြုလိုက်ရသော ကုသိုလ်လေးတခုအတွက် ၀မ်းသာကျေနပ်မှုတွေကို အတော်လေး ခံစားလိုက်ရပါသည်။

ထိုအချိန်ပိုင်းကလေးအတွင်းမှာပင် ကျွန်တော့်နှင့် ဘေးချင်းယှဉ်ထိုင်နေသော လူရွယ်တဦးသည် သူ့နေရာမှ ချက်ချင်းထပြီး ကျွန်တော့်ကို ထိုင်ဖို့ နေရာဖယ်ပေးပါသည်။ ကျွန်တော်လည်း အံ့အားသင့်သွားသည်။ ချက်ချင်းပင် ထိုင်ဖို့ ငြင်းလိုက်ပါသည်။ သို့သော်မရပါ၊ လူရွယ်က အတင်းထိုင်ခိုင်းနေသည်။ ကျွန်တော်တို့ စကား ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ဘေးကခရီးသည်တွေ အာရုံပြုမိလာကြပါသည်။

ထိုအခါ လူရွယ်က လှည်းကူးအထိတော့ ထိုင်ပါခင်ဗျာ၊ လှည်းကူးရောက်ရင် ကျွန်တော်တလှည့် ပြန်ထိုင်ပါ့မယ်-ဟု တောင်းတောင်းပန်ပန် ပြောနေသည်။ ဘေးကလူတွေလည်း ထိုင်ကြည့်နေကြသည်။ ကျွန်တော်လည်း ထိုင်ချလိုက်ရသည်။ ရဟန်းတော်ကတော့ ကျွန်တော်ဖယ်ပေးသော နေရာကလေးမှာ တည်ငြိမ်သောဣနြေ္ဒဖြင့် အသာအယာ ထိုင်နေဆဲပင်။

လှည်းကူးရောက်ရောက်ချင်း ကျွန်တော်နေရာကထပေးသည်။ လူရွယ်ကိုတလှည့် အတင်းထိုင်ခိုင်းလိုက်ရပါသည်။ လူရွယ်ထိုင်ပြီးပြီးချင်းပင် ကားရှေ့ပိုင်းမှ ကျွန်တော့်နာမည်ခေါ်သံ ကြားရသည်။ လှမ်းကြည့်လိုက်တော့ အသိမိတ်ဆွေတဦး ဖြစ်နေသည်။ စောစောကတော့ လူတွေနှင့်ကွယ်နေ၍ မတွေ့မိပါ။ လှည်းကူးမှာ ခရီးသည်တွေ အတော်အတန်ဆင်းသွားသဖြင့် ကျွန်တော့်ကိုတွေ့သွားပြီး လှမ်းခေါ်ပုံရသည်။ သူ့အနားမှာ ခုံတနေရာစာ လွတ်နေသဖြင့် ထိုခုံနေရာမှာပင် ထိုင်လျက် ရန်ကုန် ရောက်သည်အထိ ကျွန်တော် သက်သောင့်သက်သာ လိုက်ခဲ့ရပါသည်။

ရဟန်းတော်ကို နေရာဖယ်ပေးခဲ့သော်လည်း ခရီးစဉ်တလျှောက်လုံးမှာ ကျွန်တော် ထိုင်ခုံဖြင့်သာ လိုက်ခဲ့ရသည်ကို အံ့သြမိပါသည်။ အမှတ်မထင် သေးငယ်သော ကုသိုလ်ကလေး၏ အဟုန်သည် သည်မျှနှင့် ရပ်မသွားသေးပါ။ ထိုနှစ်အတွင်းမှာပင် ဌာနက ကျွန်တော့်အတွက် ရုံးကားတစီး သုံးခွင့်ပြုသည်။ ကျွန်တော် ယခုအချိန်အထိ သတိထားမိသည်မှာ ထိုကုသိုလ်ပြုပြီးသည့် နောက်ပိုင်းတွင် ယာဉ်၊ ရထား၊ ကား၊ လေယာဉ် ဘယ်ခရီးပင်ဖြစ်စေ ကျွန်တော့်အတွက် ကြံဖန်ပြီး လွယ်လွယ်ကူကူ ဖြစ်နေပါသည်။ မရတော့ဘူးဟု ထင်သော လက်မှတ်၊ မသွားဖြစ်တော့ဘူးဟုထင်သော ခရီးစဉ်တွေမှာ အံ့သြဖွယ်ကောင်းလောက်အောင် ချောမောသွားသည်ကို တွေ့ရသည်။ ပြည်တွင်းပြည်ပ ခရီးစဉ်တွေတိုင်းမှာလည်း သက်သောင့်သက်သာနှင့် အန္တရာယ်ကင်းကင်း သွားနေရသည်ကိုလည်း သတိထားမိပါသည်။

အမှတ်မထင်ပြုခဲ့သော မုန့်ညင်းစေ့ပမာဏ သေးငယ်သော ကုသိုလ်ကလေး၏ အဟုန်ကို ပြောပြ၍မကုန်နိုင်အောင် ယခုတိုင် ခံစားနေရဆဲပင်။ ကျွန်တော့်ကိုယ်တွေ့ အမှန်ဖြစ်ရပ်ကို မြတ်မင်္ဂလာ ပရိသတ်အား ဆီမီးတိုင်သဖွယ် ကူညှိခံစားရစေခြင်းငှါ တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

မောင်စံလွင် (ငါး-ဦးစီး)

ဲ( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )

မြတ်ဗုဒ္ဓ၏ ဆဋ္ဌမ၀ိပါက်တော်

( မှတ်ချက် )
ပထမ, ဒုတိယ, တတိယ, စတုတ္ထ, ပဉ္စမ ၀ိပါက်တော်-ပါ စာအုပ် မရှိသေးပါသဖြင့် မတင်ပြနိုင်သေးတာကို သည်းခံခွင့်လွတ်ပါရန် မေတ္တာရပ်ခံပါသည်။



တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည် ဗုဒ္ဓအဖြစ်သို့ ရောက်သည်အထိ ဒေ၀ဒတ်၏ ကျောက်တုံးကြီးဖြင့် ကြိတ်ချေသတ်ဖြတ်ရန် ကြိုးစားမှုကို ခံတော်မူရသေးသည်။ အကြောင်းမှာ
တခုသောဘ၀က ညီဖြစ်သူအား အမွေခွဲဝေမပေးလိုသော လောဘကြောင့် ကျောက်ခဲနှင့် မသေမချင်း ထုသတ်ခဲ့သော အကျိုးဆက် ဖြစ်လေသည်။

ထိုမျှ ကြမ်းကြုတ်ရက်စက်စွာ ပြုမှုကြောင့် နောက်ဆုံးဘ၀ထိ အပြစ်ခံရခြင်း ဖြစ်သည်။ ထိုမျှမက ခြေမကို ကျောက်လွှာထိ၍ နာကျင်သော ဝေဒနာလည်း ခံရသေးသည်။ သံသရာတလျှောက် မတော်တဆ ထိမှန်ခြင်းခံရသည်လည်း အကြိမ်များစွာ ရှိသည်။ ထိုခံရမှုတို့မှာ အမှတ်မထင် မြူးတူးပျော်ပါး ကစားရင်းဖြင့် ရရှိသောအပြစ် ဖြစ်ခဲ့လေသည်။

ရှေးလွန်လေပြီးသော ဘ၀တခုတွင် ဘုရားအလောင်းတော်သည် မထင်ရှားသောအမျိုးမှာ ဖြစ်တော်မူခဲ့သည်။ အရပ်ထဲတွင် သူငယ်ဘာဝ အခြားသော အရွယ်တူကလေးများနှင့် လမ်းပေါ်မှာ ပြေးလွှားခုန်ပေါက် ပျော်ရွှင်မြူးတူးစွာ ကစားနေကြသည်။ ကလေးများနှင့် ရွှင်ပျော်မြူးတူးနေစဉ် ခပ်လှမ်းလှမ်းတွင် ဣနြေ္ဒသိက္ခာနှင့် ဖြည်းညင်းစွာဆွမ်းခံကြွလာသော ပစ္စေကဗုဒ္ဓါကို တွေ့မြင်လေသည်။

ထိုအခါ လက်တည့်စမ်းလိုသည့် သဘောနှင့် ကျောက်ခဲလေးတလုံးကို ကောက်ယူကာ ရှင်ပစ္စေကဗုဒ္ဓါဆီသို့ မှန်းပြီး ပေါက်လိုက်လေသည်။ ကျောက်ခဲသည် ရှင်ပစ္စေကဗုဒ္ဓါ၏ ခြေမတော်ကို မှန်လေသည်။ အတွင်းကြေ ကြေကာ သွေးများ ယိုစီးသွားသည်။ ဤသို့ အမှတ်မထင်ပြုမိသော အကုသိုလ်ကံကြောင့် ငရဲတွင်ခံရပြီးနောက် လူ့ဘ၀ပြန်ရောက်သောအခါ မတော်တဆ ထိခိုက်မှုများ မကြာခဏ ခံရ၊ ကြုံရလေသည်။

ဘုရားရှင်ဘ၀တွင်လည်း ဒေ၀ဒတ်၏ ကျောက်တုံးကြီးဒဏ်က လွတ်ခဲ့ရသော်လည်း ခြေမတော် သွေးစိမ်းတည်ခြင်းကို ဆရာဇီဝက၏ ကုသမှုခံရပြီးမှ ပျောက်ကင်းလေသည်။ အမှတ်မထင် မြူးတူးပျော်ပါး ကစားလိုသည့်စိတ်ပင် ဖြစ်လင့်ကစား သူတော်ကောင်းကို ပြစ်မှားမိက အကုသိုလ်အပြစ်မှ မလွတ်ကင်းပေ။ ထို့ကြောင့် သတိထားဖွယ် ဖြစ်သည်ကို အထူးသိရန် လိုအပ်လှပေသည်။ ဤ၀ဋ်တော်နှင့် ပတ်သက်၍ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ အမေးအဖြေ လင်္ကာမှာ-

ကျောက်လွှာထိပါး၊ မြတ်ဖျားထွတ်တင်၊
တည်နေ၀ပ်ကိန်း၊ သွေးစိမ်းအရှင်၊
ခြေမတော်ထဲ၊ ကိုက်ခဲနာကျင်၊
ဝိပါက်ရင်း၊ အလင်းပြစေချင်။

သူငယ်ဖြစ်ခိုက်၊ လမ်း၌ပျော်ရွှင်၊
ရှင်ပစ္စေက၊ ဝေးမှအမြင်၊
ခဲနှင့်ပစ်လိုက်၊ ထိခိုက်ခြေတွင်၊
သွေးယိုဆင်း၊ ရှေးရင်းဝိပါက်ပင်။

မောင်အဂ္ဂ

( မြတ်မင်္ဂလာ ၂၀၀၁-ဇန်န၀ါရီလ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP