သက်တမ်း ရှည်နည်း...
ဒီကမ္ဘာကြီးမှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ၊ တီထွင်မှုတွေ တစ်နေ့တစ်ခြား များပြားလာတာကို နေ့စဉ်နေ့တိုင်း ကြားနေကြရတယ်။ မြင်တွေ့နေရတယ်။ စိတ်ပိုင်းဆိုင်ရာ အတွက် တိုးတက်မှုတွေ ကျတော့ ဘယ်နေရာမှာ လိုက်ရှာရမှန်း မသိဘူး။ တစ်နေ့တစ်ခြား မနာလိုမှု၊ ရန်လိုမှုတွေနဲ့ပဲ ရင်ဆိုင်နေရတယ်။
အခုခေတ်မှာ ဆိုရင် တယ်လီဖုန်းတွေ၊ ကွန်ပြူတာတွေ၊ အင်တာနက်တွေရဲ့  လုပ်ဆောင်မှုတွေဟာ အံ့မခန်းလိလိ တိုးတက်လာကြတယ်။ လူတွေက အဲဒီ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ၊ ထူးဆန်းမှုတွေရဲ့  နောက်ကိုပဲ လိုက်ကြတယ်။ စိတ်ဝင်စားကြတယ်။
အဲဒီ ရုပ်ပိုင်း ဆိုင်ရာတွေကို ဖြစ်လာအောင် တီထွင်လိုက်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ရဲ့  ဆန်းကျယ်မှုကိုတော့ ဘယ်သူမှ စိတ်မ၀င်စားကြဘူး။ ကမ္ဘာမှာ ကျော်ကြားနေတဲ့ သိပ္ပွံပညာရှင်တွေဟာ တော်တော်လေးကို ဦးနှောက်ကောင်းကြတယ်။ တီထွင်နိုင်တဲ့ စွမ်းအားတွေ သူတို့မှာ ရှိကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ တီထွင်နိုင်တဲ့ စိတ်စွမ်းအားတွေ ဘယ်ကလာတယ် ဆိုတာကိုတော့ သူတို့ကိုယ်တိုင် မသိကြဘူး။

လူတွေကလည်းပဲ သိပ္ပံပညာရှင်တွေရဲ့ တီထွင်မှုကိုပဲ ချီးမွမ်းနေကြတယ်။ တီထွင်နိုင်ဖို့ ဖြစ်လာတဲ့ စိတ်ကိုတော့ စိတ်မ၀င်စားကြဘူး။
ဒါကြောင့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုနှုန်း မြင့်လေလေ၊ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုနှုန်း ကျဆင်းလေလေ ဖြစ်နေတယ်။
လူတွေဟာ ရုပ်ပိုင်းကိုပဲ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ဖို့ သတိရကြပြီးတော့ စိတ်ပိုင်းကို ဖွံ့ဖြိုး တိုးတက်အောင် ပြုလုပ်ဖို့ မေ့နေကြတယ်။
အခုခေတ်မှာ လူတွေဟာ မိမိတို့ရဲ့  ရုပ်ခန္ဓာကိုယ်ကို လှပအောင်၊ ကျန်းမာအောင် ဘယ်လောက်ပဲ လုပ်လုပ်၊ တစ်နေ့တစ်ခြား အိုမင်းရင့်ရော်လာပြီး လူ့သက်တမ်းက တဖြည်းဖြည်းနဲ့ တိုလာတာပဲ။
တခြား သွားမကြည့်နဲ့ဦး။ သင်္ချိုင်းကုန်းက အုတ်ဂူတွေကိုပဲ အရင်ကြည့်။ အုတ်ဂူတွေမှာ သေသွားတဲ့လူရဲ့  အမည်နဲ့ အသက်ကို ရေးထားတယ်။ အုတ်ဂူအသစ်တွေ ဆိုရင် အသက်ငယ်ငယ်နဲ့ သေသွားတဲ့ လူတွေချည်းပဲ။ ဟိုး အရင်က သေသွားခဲ့တဲ့ အုတ်ဂူ အဟောင်းတွေမှာ ကျတော့ အသက် ရှည်ရှည်နေပြီးမှ သေသွားတဲ့ လူတွေကိုပဲ တွေ့ရတယ်။

အဲဒါက သက်သေတစ်ခုပဲ။ အခုခေတ် လူတွေဟာ သက်တမ်း တိုလာကြပြီ ဆိုတာလေ။
ဆေးရုံ၊ ဆေးခန်းတွေ ဘယ်လောက်ပဲ ပေါများ ပေါများ၊ ခေတ်မီဆေးဝါးတွေ၊ ဆေးပညာ နည်းစနစ်တွေ ဘယ်လောက်ပဲ ထွန်းကားတိုးတက်၊ ဆရာဝန်တွေ၊ ပါရဂူတွေက လူတွေရဲ့  အသက်ကို ဘယ်လောက်ပဲ ကယ်တင် ကယ်တင် လူတွေရဲ့  သက်တမ်းကတော့ တိုလာ ကြတာပဲ။ အဲဒါတွေ ဖြစ်လာရတဲ့ အဓိက အကြောင်းအရင်းက လူတွေရဲ့  လောဘ၊ ဒေါသ၊ မောဟ တွေက တစ်နေ့ တစ်ခြား တိုးပွားလာလို့ပေါ့။
လောဘ၊ ဒေါသ၊ မောဟတွေ တိုးလာလေလေ သက်တမ်းက တိုလာလေလေပဲ။
မြတ်စွာဘုရားကတော့ သက်တမ်းရှည်ရှည် နေချင်ရင် သီလကို လုံအောင် စောင့်ထိန်း ကြရမယ် လို့ မိန့်မှာခဲ့တယ်။ မိမိရဲ့  စိတ်ကို စင်ကြယ်သန့်ရှင်းအောင် နေရမယ်။ လောဘ၊ ဒေါသ၊ မောဟ တွေကို ကင်းအောင်နေထိုင်ရမယ်။ အဲဒါဟာ လူတွေအတွက် အကောင်းဆုံး အားဆေးပဲလေ။
ဒါကြောင့် ကျွန်ုပ်တို့ဟာ သက်တမ်းရှည်ရှည် နေချင်ရင် သီလကို လုံခြုံအောင် အမြဲတမ်း စောင့်ထိန်းရမယ်။ မိမိတို့ရဲ့  စိတ်ကိုလည်း အချိန်တိုင်းမှာ သန့်ရှင်းနေအောင်၊ ကြည်လင်နေအောင်၊ အကုသိုလ် ကင်းနေအောင် နေထိုင်ကြရမယ်။

စက္ကန့်တိုင်း စက္ကန့်တိုင်းမှာ စိတ်တွေဟာ ဖြစ်ပြီးရင် ပျက်ကုန်ကြတာချည်းပဲ။ စိတ်ကလေး မပျက်သွားခင် ဖြစ်နေတဲ့ အခိုက်အတန့်လေးကို ကြည်လင်အောင် လုပ်နိုင်ဖို့တော့ လိုအပ်တယ်။ ခန္ဓာကိုယ်မှာ စိတ်ကြောင့် ဖြစ်လာတဲ့ ရုပ်တစ်ခုလည်း ပါတယ်လေ။ မိမိရဲ့ စိတ်ကလည်း သန့်ရှင်း ကြည်လင်နေရင် အဲဒီစိတ်ကြောင့် ဖြစ်လာမယ့် ရုပ်လည်းပဲ သန့်ရှင်း ကြည်လင်နေမှာပဲ။
လောဘအလွန်ကြီးတဲ့ လူတွေလည်းပဲ တငွေ့ငွေ့နဲ့ လောင်နေတဲ့ ဖွဲမီးလို မိမိရဲ့ စိတ်ထဲမှာ လောဘမီးတွေ လောင်နေတတ်တယ်။ အဲဒါလည်း ခန္ဓာကိုယ်ကို မီးရှို့နေတာနဲ့ အတူတူပါပဲ။ မိမိကိုယ် မိမိ သက်တမ်းတိုအောင် လုပ်နေတာလေ။
ဒေါသထွက်နေတဲ့ လူတွေရဲ့ မျက်နှာကို ကြည့်ရင် ပိုပြီးတော့ သိသာနိုင်တယ်။ အဲဒီ လူတွေရဲ့ မျက်နှာတွေဟာ ဒေါသထွက်နေချိန် မှာ နီရဲနေတတ်တယ်။ နှလုံးသွေး ခုံနှုန်းတွေလည်း မမှန် ဖြစ်နေတယ်။ ခန္ဓာကိုယ်ရဲ့ သွေးလှည့်ပတ်မှုတွေဟာလည်း မမှန်တော့ပဲ လူကို ဒုက္ခပေးတော့တာပဲ။
သက်တမ်းတိုဖို့ သင်္ကေတတွေကို ပြနေတာနဲ့ အတူတူပါပဲ။
မောဟအားကြီးတဲ့ လူတွေဆိုရင်လည်း စိတ်တွေဟာ အချိန်တိုင်းလိုလို ထိုင်းမှိုင်းနေတတ်တယ်။ စိတ်တွေ ထိုင်းမှိုင်းနေတော့ စိတ်ကြောင့် ဖြစ်လာမယ့် ရုပ်တွေဟာလည်းပဲ ထိုင်းမှိုင်းလာတော့တာပဲ။ အဲဒီတော့ ဘာမှ မလုပ်ချင်၊ မကိုင်ချင် ဖြစ်နေလိမ့်မယ်။ လန်းဆန်းမှု မရှိတော့ဘူးလေ။
အဲဒါဆိုရင် လောဘ၊ ဒေါသနဲ့ မောဟကို နည်းအောင် လုပ်နိုင်မယ် ဆိုရင် စိတ်တွေဟာ ကြည်လင် လန်းဆန်းလာပြီး စိတ်ကြောင့် ဖြစ်လာမယ့် ရုပ်တွေဟာလည်း ကြည်လင် လန်းဆန်း လာလိမ့်မယ်။ ဒါမှမဟုတ်ပဲ လောဘ၊ ဒေါသနဲ့ မောဟကို များအောင် လုပ်နေမယ် ဆိုရင်တော့ စိတ်တွေဟာ မတည်ငြိမ်ဘဲ ထိုင်းမှိုင်းလာပြီး စိတ်ကြောင့် ဖြစ်လာမယ့် ရုပ်တွေဟာလည်း တည်ငြိမ်မှု မရှိတော့ဘဲ ရုပ်တွေ ပျက်စီးဖို့ ပဲ ရှိပါလိမ်မယ်။
ဒီလောက်ဆိုရင် မိမိတို့ရဲ့  သက်တမ်းက ပိုပြီး ရှည်လာအောင် ဘာတွေကို ရှောင်ပြီး ဘာတွေကို ဆောင်ရမယ် ဆိုတာကို သိပြီး ကျင့်ကြံအားထုတ်နိုင်ပါပြီ...

0 comments:
Post a Comment