* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 25, 2009

လူသားကို စားလေယောင် တကားဟု ကဲ့ရဲ့ကုန်၏...


ဒန္တပေါနသိက္ခာပုဒ် - (ဒန်ပူ)

လူသားကို စားလေယောင် တကားဟု ကဲ့ရဲ့ကုန်၏...

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တောတွင် ပြာသာဒ်ဆောင်ပေါက်သော ကျောင်းကြီး၌ သီတင်းသုံး နေတော်မူ သောအခါ ရဟန်းတစ်ပါးသည် ပစ္စည်း အလုံးစုံ ပံ့သကူဓူတင်ကို ဆောင်၍ သုသာန်၌ နေ၏။ ထိုရဟန်းသည် လူတို့ပေးလှူသည်ကို ခံယူခြင်းငှါအလိုမရှိ၊ သုသာန်၌ လည်းကောင်း၊ သစ်ပင်ရင်း၌လည်းကောင်း၊ တံခါးခုံ၌လည်းကောင်း သေလွန် သော မိဘဘိုးဘွား စသည်တို့၏ အကျိုးငှါ စွန့်ထားသော ခဲဖွယ်ဘောဇဉ်တို့ကို ကိုယ်တိုင်ယူ၍ စား၏။

လူတို့က ဤသို့ ပြောဆိုကြသည်...
''အဘယ့်ကြောင့် ဤရဟန်းသည် ငါတို့၏ သေလွန်သော မိဘဘိုးဘွား စသည် တို့၏ အကျိုးငှါ စွန့်ထားသော ခဲဖွယ်ဘောဇဉ်တို့ကို ကိုယ်တိုင်ယူ၍ စားဘိသနည်း၊ ဤရဟန်းသည် ဆူဖြိုး၏၊ လူသားကို စားလေယောင် တကား'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။

သူတော်ကောင်းတွေ ကြည့်စမ်းပါ ဝိနည်း စည်းကမ်း မသတ်မှတ်သေးခင် ဓာတ်ကောင်းကိန်းနေသောသူများဟာ ဒါကတော့ဖြင့် မလုပ်သင့်ဘူးဆိုပြီး အပြစ်ပြောကြတယ် ကဲ့ရဲ့ကြတယ်၊ မလှူဒါန်း မပေးကမ်းသောအစာကို စားလို့ လူသားများစားနေသလားလို့တောင် ကဲ့ရဲ့ကြပါတယ်။ အဓိကတော့ မသင့်တော်တာတွေ လုပ်ရင် ကဲ့ရဲ့ကြတယ်၊ ခု ဒကာဒကာမတို့က မသင့်တော်တာလုပ်နေတာတွေ့ရင် မပြောနဲ့ မပြောနဲ့ အပြစ်ဖြစ်လိမ့်မယ်၊ သူတို့က သင်္ကန်းကြီးတွေနဲ့ ဖက်ပေါ်ဆူးကျဖက်ပေါက် ဆူးပေါ် ဖက်ကျတော့လည်း ဖက်ပေါက်နော် တိတ်တိတ်နေ မပြောကြနဲ့ဆိုပြီး ဒီလိုဖြစ်နေကြပါတယ်။ စဉ်းစားကြနော် လူသာသနာပြုများ။

ရဟန်း တို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာတည်း။

အလိုနည်းသော ရဟန်းတို့က ဤသို့ ပြောဆိုကြ၏ ...
''အဘယ့်ကြောင့် ရဟန်းသည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်ဘိသနည်း'' ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ပ။

ဝိနည်းမသတ်မှတ်သေးခင်တောင် အလိုနည်းတဲ့ ရဟန်းတော်များကလည်း အမြင်မတော်တာတွေ့ရင် အပြစ်ပြ ပြောဆိုကြတယ်။ ခုခေတ်ရဟန်းတော် တချို့လည်း ဝိနည်းစည်းကမ်း မလိုက်နာရင် အပြစ်ပြ ပြောဆိုကြပါတယ်၊ တချို့ကတော့ ဟိုငဲ့ဒီငဲ့ ငဲ့နေကြပြန်တယ်၊ ကျွန်ုပ်လည်း ငဲ့တဲ့ထဲပါတာပါပဲ အပြစ်မပြောပဲ ငဲ့နေသော ကျွန်ုပ်သည်မကောင်းပါ။

မြတ်စွာဘုရားက ဤသို့မိန့်တော်မူ၏...
''ရဟန်း သင်သည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်၏ဟူသည် မှန်သလော'' ဟု စိစစ် မေးမြန်းတော်မူ၏။

မှန်ပါသည် မြတ်စွာဘုရားဟု လျှောက်၏။

ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား အဘယ့်ကြောင့် သင်သည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်ဘိသနည်း။ မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျား ဤ သင်ပြုမိသော အမှုသည် မကြည်ညို သေးသော သူတို့အား ကြည်ညိုစေခြင်းငှါ လည်းကောင်း။ပ။ ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 263

''အကြင်ရဟန်းသည် မပေးအပ်သော 'အကပ်မခံရသေးသော' အာဟာရကို ခံတွင်းဝသို့ ဆောင်ငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန်လော့ဟု မိန့်တော်မူ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ က

မြတ်ဗုဒ္ဓက မဂ်ဖိုလ်မှ အချည်းနှီးဖြစ်သော ယောက်ျားတဲ့၊ ဘုန်းကြီးများ ဘာကြောင့် ရဟန်းဝတ်ကြသလဲဆို မဂ်ဖိုလ် လိုချင်လို့ ဝတ်ကြတာလို့ ဖြေကြရမှာပါ၊ ခုတော့ သူတစ်ပါးက မပေးလှူ၊ အကပ်မခံပဲနဲ့ စားလို့ အပြစ်တင်လိုက်တဲ့စကားလုံးက မဂ်ဖိုလ်မရနိုင်တဲ့သူတဲ့၊ အလွန်အလွန်ကို ကြောက်စရာကောင်းလှပါတယ်။ ဒါဆို ဝိနည်းစည်းကမ်း သတ်မှတ်ပြီးမှ အပြစ်ကျူးလွန်သူ ရဟန်းများဆို မြတ်စွာဘုရား ဘယ်လောက်များ ပြစ်တင် ကဲ့ရဲ့လိုက်မလဲလို့ စဉ်းစားမိပါတယ်။

ထိုအခါ ရဟန်းတို့သည် ရေ, ဒန်ပူတို့ကို မအပ်ဟု တွေးတောမှု ''သံသယကုက္ကုစ္စ' ရှိကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ ရေ, ဒန်ပူကိုကိုယ်တိုင် ယူ၍ သုံးဆောင်ခြင်းငှါ ခွင့်ပြုတော်မူ၏'' ဟု မိန့်တော်မူ၏။

ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။ 264

''အကြင်ရဟန်းသည် ရေ, ဒန်ပူကို ကြဉ်၍ မပေးအပ်သော 'အကပ်မခံရသေး သော' အာဟာရကို ခံတွင်းဝသို့ ဆောင်ငြားအံ့၊ ထိုရဟန်းအား ပါစိတ်အာပတ် သင့်၏'' ဤသို့ ပြကြကုန် လော့ဟု မိန့်တော်မူ၏။ ၈၉။ ၄ဝ- (ခ) ၂၆၅။

အပြစ်ဖြစ်မှာစိုးလို့ သံသယကုက္ကုစ ဖြစ်ပြီး မသုံးဆောင်တဲ့ ရဟန်းနဲ့၊ ဝိနည်းပြစ် ရှိမှန်းသိရဲ့သားနဲ့ လုပ်ချင်တာ လုပ်တဲ့ရဟန်း ဘယ်လောက်ကွာ ခြားသွားပြီလဲ။

ခုတော့
ပါစိတ်က ချာတိတ်ပါကွာလို့
တချို့က ပြောကုန်ပါပြီ မြတ်စွာဘုရား

သူတော်ကောင်းအပေါင်းတို့ သာသနာကို စောင့်ရှောက်နိုင်ကြပါစေ...

၁ဝ - ဒန္တပေါနသိက္ခာပုဒ်၊ ၄ - ဘောဇနဝဂ်၊ ဘိက္ခုပါစိတ်၊ ပါစိတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

မိမိကို လုပ်ကျွေး ပြုစုရန်အတွက် လူအပေါင်းကို ပြောဆိုခြင်းငှါ အလိုမရှိ...

ကမ္မဝိပါကဇသုတ် - (ကံ၏အကျိုးကြောင့်ဖြစ်သည်)

21
အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ် သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ ရဟန်း တစ်ပါးသည် မြတ်စွာဘုရား၏ မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာ ထား၍ တင်ပျဉ်ခွေပြီးလျှင် ရှေးကံ၏ အကျိုးကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲဝေဒနာကို သည်းခံလျက် အမှတ်ရမှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသည်ဖြစ်၍ မပင်မပန်း ထိုင်နေ၏။

မြတ်စွာဘုရားသည် မနီးမဝေး၌ ကိုယ်ကို ဖြောင့်မတ်စွာထား၍ တင်ပျဉ်ခွေပြီးလျှင် ရှေးကံ၏ အကျိုးကြောင့် ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဆင်းရဲဝေဒနာကို သည်းခံလျက် အမှတ်ရမှု 'သတိ' ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' ရှိသည် ဖြစ်၍ မပင်မပန်း ထိုင်နေသော ထိုရဟန်းကို မြင်တော်မူ၏။

မြတ်စွာဘုရားသည် ဤအကြောင်းအရာကို သိတော်မူ၍ ထိုသိသောအချိန်၌-
''ကံအလုံးစုံကို စွန့်ပယ်ပြီး၍ ရှေးက ပြုဖူးသော ရာဂစသော မြူကို ခါထုတ်လျက် ငါ ငါဟု မစွဲလမ်းဘဲ နိဗ္ဗာန်၌ တည်သော တာဒိဂုဏ်နှင့် ပြည့်စုံသော ရဟန်းအား မိမိကို လုပ်ကျွေး ပြုစုရန်အတွက် လူအပေါင်းကို ပြောဆိုခြင်းငှါ အလိုမရှိ'' ဟု ဤဥဒါန်းကို ကျူးရင့် တော်မူ၏။ 21

၁ - ကမ္မဝိပါကဇသုတ်၊ နန္ဒဝဂ်၊ ဥဒါန်းပါဠိတော်၊ ခုဒ္ဒကနိကာယ်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP