* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, August 10, 2011

ကုရုတိုင်းရှိ မဟာသတိပဋ္ဌာနသုတ်ဟောကြားခဲ့ရာ ကုန်းတော်သို့ ဦးခိုက်ခြင်း

ဘုံဘေ (Mumbai) မှာ သီတင်းသုံးနေစဉ်အတွင်း တစ်ချိန်က အဖမြတ်စွာ ဟောကြားထားခဲ့တဲ့ ပိဋကတ်သုံးပုံ တရား တော်များထဲက အခက်ခဲဆုံး အနက်နဲဆုံး အသိမ်မွေ့ဆုံး မဟာသတိပဋ္ဌာန်တရားဟောကြားခဲ့ရာ ကုန်းတော် ဟာ ယနေ့ခေတ်မှာ နယူးဒေလီမြို့မှာ ရှိနေတယ် ဆိုတဲ့စကားကို ကြားရကတည်းက စိတ်လှုပ်ရှားစွာ နားထောင်ခဲ့မိ တယ်၊ နောက်မှာတော့ တစ်ခြား အကြောင်းတွေ အသာထားတော့၊ သတိပဋ္ဌာန်ကုန်းတော်ကို ဖူးမြင်ရတာ နဲ့တင် ဒေလီကို ရောက်အောင် သွားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ချဖြစ်ခဲ့တယ်၊


ဆန္ဒ၀တော ကိံနာမ ကမ္မံ န သိဇ္ဈတိ - ဆန္ဒရှိရင် ဘာမဆို အားထုတ်ပါက ဖြစ်နိုင်တယ်လို့ ဟောထားခဲ့တယ် မဟုတ်လား၊ “ If you do nothing, There will be nothing ” ဘာမှ မလုပ်ရင် ဘာမှ ဖြစ်မလာနိုင်ဘူး ဆိုတဲ့ အိန္ဒိယ လွတ်လပ်ရေး ခေါင်းဆောင် ဂုရုကြီး မဟတ္တမဂန္ဓီ ရဲ့ စကားကိုလဲ တဆက်ထည်း သတိရမိတော့ New Delhi မြေကို August လ ( 4 ) ရက်နေ့မှာ ခြေချမိတယ် ဆိုပါတော့။

တဆက်တည်းမှာ ဒေလီမြို့ဝန်းကျင်က အမှတ်တရနေရာတော်တော်များစွာကို ရောက်ဖြစ်ခဲ့တယ်၊ Akshardham Temple, ကမ္ဘာကျော် ဟိန္ဒူဘုရားရှိခိုးကျောင်းတော်ကြီး၊ Baha’I House of Worship ( Lotus Temple ) ဘာသာမျိုးစုံတို့ ၀တ်ပြုဆုတောင်းရာ ကြာပန်းပုံဘာသာရေးကျောင်း၊ India Gate , အိန္ဒိယပထမစစ်ပွဲအတွင်းကျဆုံးခံသော စစ်သည်တော်များ၏ အလောင်းများကို မြှုပ်နှံထားရာ အထိမ်းအမှတ်အဆောက်အဦး၊ Indira Gandhi Memorial House, ဂန္ဓီမျိုးဆက် အမျိုးသမီးဝန်ကြီးချုပ် အင်ဒီရာ ဂန္ဓီအမှတ်တရနေရာများ၊ Mahatma Gandhi memorial Smriti and Rajghat, ဂန္ဓီကြီးနေအိမ်နှင့် မီးသဂြိုလ်ခဲ့ရာနေရာများ၊ Jawaharlal Nehru Memorial House, National Museum နယူးဒေလီ မြို့တော် ပြတိုက် တို့ဖြစ်ပါတယ်။

သတိပဋ္ဌာန်ကုန်းတော်ကို အမှန်တကယ် ရောက်ခဲ့စဉ်မှာတော့ စိတ်ထဲမှာ ဘယ်လိုမှ ဖော်မပြနိုင်တဲ့ ခံစားမှုတစ်မျိုးကို ခံစားမိတယ်၊ ၀မ်းနည်းစရာ ၊ ၀မ်းသာစရာ အစုံအလင်လို့ ဆိုရပါမယ်၊ ၀မ်းနည်းစရာက ထေရ၀ါဒဗုဒ္ဓဘာသာအတွက် အထွဋ်အမြတ် ထားရာ နေရာတစ်ခုကို ပေ(၂၀၀)ပတ်လည်အကျယ်ရှိသော ဥယျာဉ်ပုံစံဖြင့် မဖြစ်စလောက် နေရာပေး ထားပြီး ကုန်းတော်လေးကို အသိအမှတ်ပြုထားတဲ့အဆင့်ပဲ လုပ်ပေးထားတယ်။

မြက်တောထဲမှာ ပတ္တမြား ကျောက်တုံး ရှိနေပေမယ့် ပတ္တမြားကို စိတ်မ၀င်စားပဲ မြက်ကိုသာ စားကြတဲ့ တောသမင်များလို ဗုဒ္ဓတရား တော်များကို အလေးမထား တဲ့ ဟိန္ဒူများ ကြီးစိုးရာ အိန္ဒိယလူမျိုးတွေဟာလဲ ဒီလို နေရာကို တန်ဖိုးထားရကောင်းမှန်း မသိကြဘူး၊ ကိုယ့်မြန်မာ လူမျိုးအချင်းချင်းသာ သိတဲ့ နေရာ တစ်ခုအဖြစ် တည်ရှိနေတာကြောင့် ၀မ်းနည်းစရာ သိပ်ကောင်းပါတယ်။
ဝမ်းသာစရာက ဒီလိုအထွဋ်အမြတ်ထားရာ နေရာမျိုးကို ငါလာရောက် ဖူးမြှော်နိုင်တယ် လို့ တွေးတွေးပြီး တလှိုက်လှိုက် တက်လာတဲ့ ပီတိကို ခံစားရတာက ဘာနဲ့မှ မလဲနိုင်တဲ့ ကြည်နူးမှုတစ်ခုပါပေ။

သတိပဋ္ဌာန်တရားတော်ဖြစ်ပေါ်လာပုံနှင့် နောက်ခံသမိုင်းကြောင်း

သတိပဋ္ဌာန်အကြောင်းကို တွေးမိရင်းက ---
ပူဆွေးမူကို လွန်မြောက်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။
ငိုကြွေးမှုကို လွန်မြောက်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။

လို့ဆိုတဲ့ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးရဲ့ သတိပဋ္ဌာနသုတ်တော်လာ ပါဠိတော်များကို စပ်ဆိုထား ခဲ့သော
လင်္ကာတစ်ပိုင်းတစ်စကို ရွတ်ဆိုနေမိခဲ့တယ်။ ယနေ့ကမ္ဘာမှာ လူသားအားလုံး ဘယ်လူမျိုး ဘယ်ဘာသာမဆို ၀ဋ်ဒုက္ခချုပ်ငြိမ်းရာ သံသရာက ထွက်မြောက်လိုတယ် ဆိုရင် သွားဖို့အတွက် တစ်ကြောင်းတည်းသော လမ်းဟာ သတိပဋ္ဌာန်လမ်းသာ ရှိပါတယ် လို့ မြတ်စွာဗုဒ္ဓက “ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ ” စသည်ဖြင့် မဟာသတိပဋ္ဌာန သုတ်မှာ ဟောကြား ခဲ့တယ် မဟုတ်လား…

ဒါကြောင့်လဲ သတိပဋ္ဌာန်ဝိပဿနာရဲ့ အကျိုးတရားတွေကို မြတ်ဘုရားက အတိအလင်းဟောကြားပေးခဲ့ရုံမက လူသာမန် တို့ သိနိုင် နားလည်နိုင်ဖို့ရန် နက်နဲ ခက်ခဲတဲ့ သတိပဋ္ဌာန်တရားတော်ကို ဘုရားရှင်ကလည်း ဒီလို ကျင့်ရင် ဒီလို ဒီလို အကျိုးကျေးဇူးတွေ ရလိမ့်မယ် ခံစားရလိမ့်မယ်လို့ အကြောင်း နှင့် အကျိုးကို ဆက်စပ်ပြီး ဟောတော်မူသွားခဲ့တယ်၊ အဲဒီမှာ စိတ်ဝင်စားစရာ အချက်က မြတ်စွာဗုဒ္ဓဟာ ဒီလိုနက်နဲတဲ့ သတိပဋ္ဌာန်တရားတော်ကို သာဝတ္ထိ ရာဇဂြိုလ် စတဲ့ အမြဲသီတင်းသုံးတဲ့ နေရာေ တွမှာ ေ ဟာေ တာ္မမူပဲ ကုရုတိုင်းထဲက မထင်မရှား ကမ္မာသဓမ္မဆိုတဲ့ နိဂုံးရွာလေးမှာ ဟောကြားခဲ့တာက ထူးဆန်းနေတယ်။

ဒါကြောင့် စိတ်ဝင်စားတဲ့ အချက်ကို စာပေမှာ ရှာကြည့်တော့ ကုရုတိုင်းသား အဲဒီရွာသူ ရွာသားတွေက သာမာန်လူတွေ ထက် ဥာဏ်ပညာ ထက်မြတ် ကြပါသတဲ့၊ ရာသီဥတု နှင့် အစားအသောက်ကလည်း ပြည့်စုံနေလေတော့ ပေါ့ပါး လန်းဆန်းပြီး ဦးနှောက်တွေကြည်လင်ကာ ဒီလို နက်နဲ ခက်ခဲတဲ့ တရားတော်ကို နာယူလက်ခံနိုင်စွမ်းရှိကြတယ်လို့ ဆိုပါတယ်၊ ဂမ္ဘီရဒေသနာပဋိဂ္ဂဟဏသမတ္ထာယ - နက်နဲတဲ့ ဒေသနာတော်ကို ခံယူနိုင်စွမ်း ရှိကြတာမို့ ဘုရားရှင်ဟာ ဒီလိုနေရာကို ရွေးချယ်တော်မူဟန် တူပါတယ်၊

နောက်တချက်ကတော့ သတိပဋ္ဌာန်မဟောကြားခင်ကတည်းက ကမ္မာသဓမ္မရွာသားတွေဟာ အဋ္ဌိက ( အရိုးစုကမ္မဋ္ဌာန်း ) တေဇောကသိဏ ( မီးကသိုဏ်း ) အာပေါကသိဏ ( ရေကသိုဏ်း ) အသုဘသညာ၊ မရဏဿတိ၊ မေတ္တာဘာဝနာ စသည်ဖြင့် လူတိုင်းလူတိုင်း ကမ္မဋ္ဌာန်းတမျိုးမျိုးကို နှလုံးသွင်းနေလေ့ရှိကြတယ်၊ ယုတ်စွအဆုံး လူတွေ မဆိုထားနှင့် တိရိစ္ဆာန်လေးတွေတောင်မှ သူတို့နားလည်သလောက် နှလုံးသွင်းတတ်ကြတယ်လို့ ဆိုတယ်၊

ဗုဒ္ဓရက္ခိတ နှင့် အဋ္ဌိက ကမ္မဋ္ဌာန်း


တခါက လူတစ်ယောက်ဟာ ကြက်တူရွေးလေး မွေးထား ပြီး တောလယ် ခေါ်သွားရာက ဘိက္ခုနီကျောင်းမှာ နားခိုကာ ပြန်သွားတော့ ကြက်တူရွေးလေး ကို မေ့ထားခဲ့တယ်။
ဒီအခါ ဘိက္ခုနီမလေးတွေက သူ့ကို ဗုဒ္ဓရက္ခိတ ( ဘုရားက စောင့်ရှောက်မည့်သူ ) လို့ နာမည်ပေးကာ ခေါင်းဆောင်ထေရီ မကြီးဆီ ခေါ်သွားကြတယ်၊ ဒီအခါ ထေရီ ဘိက္ခုနီမကြီးက အမောင်ကျေးသား ငါတို့ကျောင်းမှာ နေမယ့် သင်ဟာ အမှတ်တမဲ့ နေဖို့ မသင့်လျော်ပေဘူး၊ ဒါကြောင့် နှုတ်ကရော စိတ်ကပါ အဋ္ဌိ အဋ္ဌိ ( အရိုးစု အရိုးစု ) ဆိုပြီး အမြဲနှလုံး သွင်းနေပါ လို့ သြ၀ါဒေ ပးလိုက်တယ်။
တနေ့မှာတော့ ကျောင်းသင်္ခန်းအပြင်ဘက်မှာ နေပူစာ လှုံနေဆဲ သိန်းငှက်တစ်ကောင်က ကြက်တူရွေးလေးကို ချီသွား တယ်၊ ဒါကို မြင်ကြတဲ့ ဘိက္ခုနီမများက ခဲတွေ ဒုတ်တွေနဲ့ ခြောက်လှန့်လေတော့ ကျေးသားလေး လွတ်မြောက် လာ တယ်ပေါ့၊ ကျောင်းပြန်ရောက်မှ ၀ိုင်းဝန်းမေးမြန်းကြတယ်၊

အမောင် ကျေးသား သင့်ကို သိန်းစွန်ကြီး ချီဆောင်သွားစဉ်မှာ ကြောက်စိတ် မဖြစ်မိဘူးလား၊ စိတ်ထဲမှာ ဘယ်လိုများ ခံစားရပါ
သလဲ ?
“ ဘယ်လိုမှ စိုးရိမ်စိတ်မရှိပါ၊ အရိုးစုတစ်ခုက အရိုးစုတစ်ခုကို ချီသွားပြီး ဘယ်နေရာမှာ ပစ်ချကြဲဖြန့်ထားခဲ့မလဲ ဆိုပြီး နှလုံးသွင်းမိပါတယ်၊ ကြောက်စိတ်တော့ မဖြစ်မိဘူး ” ဆိုပြီး ပြန်လည်ပြောပြသတဲ့။

ဒီအခါ ခေါင်းဆောင် ထေရီမကြီးက “ သာဓု သာဓု ဗုဒ္ဓရက္ခိတ၊ အဋ္ဌိကကမ္မဋ္ဌာန်းကိုသာ ဆက်လက်ပွားများပါ၊ အဲဒီဘာဝနာတွေက နောင်တချိန်မှာ သစ္စာလေးပါး သိမြင်ဖို့ အထောက်အကူ ဖြစ်ပါလိမ့်မယ် ” လို့ အားပေးခဲ့သတဲ့။

သတိပဋ္ဌာန်တရားကို ဟောပုံ အခြင်းအရာ

မြတ်စွာဘုရားဟာ သတိပဋ္ဌာန်တရားတော်ကို ဟောကြားတဲ့အချိန်မှာ ပုဂ္ဂိုလ် ( ၄ ) မျိုးကို အကြောင်းပြုကာ ကာယာ နုပဿနာသတိပဋ္ဌာန်အတွက် ရှုမှတ်စရာ ( ၁၄ ) မျိုး၊ ဝေဒနာနုပဿနာ အတွက် ရှုမှတ်စရာ ( ၉ ) မျိုး၊ စိတ္တာနုပဿနာအတွက် ရှုမှတ်စရာ ( ၁၆ ) မျိုး၊ ဓမ္မာနုပဿနာ အတွက် ရှုမှတ်စရာ ( ၅ ) မျိုး စသည်ဖြင့် အနုစိတ် အကျယ်တ၀င့် ဟောကြားတော်မူခဲ့တယ်၊ သမထကမ္မဋ္ဌာန်း အားလုံးလဲ ဆိုင်ရာ ဆိုင်ရာ ပေါင်းထည့်လိုက်ပါက ယခု သတိပဋ္ဌာန်လေးပါးထဲမှာ အကျုံးဝင်သွားတယ် လို့ဟောတော်မူပါတယ်။

မိမိနှင့်သင့်လျော်သော သတိပဋ္ဌာန်ကို ရွေးချယ်သင့်ပုံ

၁။ ရာဂအားကြီး ဥာဏ်နုံ့သူအတွက် ကြမ်းတမ်းသော ကာယာနုပဿနာ သတိပဋ္ဌာန်သည် သင့်လျော်၏။
ရာဂအားကြီး ဥာဏ်ထက်သူအတွက်နူးညံ့သော ဝေဒနာနုပဿနာ သတိပဋ္ဌာန်သည် သင့်လျော်၏။
၂။ ဒိဋ္ဌိ( ယုံကြည်မှု ) အားကြီး ဥာဏ်နုံ့သူအတွက် စိတ္တာနုပဿနာ သတိပဋ္ဌာန်၊
ဒိဋ္ဌိအားကြီး ဥာဏ်ထက်သူအတွက် ဓမ္မာနုပဿနာ သတိပဋ္ဌာန်၊

၃။ သမထသက်သက်အားထုတ်သော ( သမထယာနိက ) နှင့် ဥာဏ်နုံ့သူ အတွက် ကာယာနုပဿနာသတိပဋ္ဌာန်၊
သမထယာနိက နှင့် ဥာဏ်ထက်မြတ် သူအတွက် ဝေဒနာနုပဿနာသတိပဋ္ဌာန်၊
၎။ ၀ိပဿနာသက်သက် အားထုတ်သော ( ၀ိပဿနာယာနိက ) သမားနှင့် ဥာဏ်နုံ့သူများအတွက် နူးညံ့သော စိတ္တာနုပဿနာသတိပဋ္ဌာန်၊
ဝိပဿနာယာနိက အားထုတ်သော ဥာဏ်ထက်သူများအတွက် သိမ်မွေ့သော ဓမ္မာနုပဿနာ သတိပဋ္ဌာန်သည် သင့်လျော်လျောက်ပတ်၏။

အထက်ပါအချက်အလက်များကို ထောက်ဆပါက မိမိနှင့် သင့်လျော်သော သတိပဋ္ဌာန် တစ်ခုခုကို တစိုက်မတ်မတ်အား ထုတ်ဖူးမှသာ မိမိသည် မည်သည့် သတိပဋ္ဌာန်ကို အားထုတ်ရတာ အဆင်ပြေသည်၊ သမာဓိ ရလွယ်သည်၊ တရား တက်လွယ်သည် စသည်ဖြင့် သိနိုင်ပါမည်။ ကာယကံရှင် မိမိမှ လွဲ၍ ဆရာသမားများတောင် မသိနိုင်ပါ။ သိနိုင်သူ မှာလည်း တစ်လောက လုံးတွင် မြတ်စွာဘုရား တပါးသာ ရှိ၏။ ထို့ကြောင့်ပင် ဘုရားရှင်သည် ဤသတိပဋ္ဌာန သုတ်တော်တွင် အရဟတ္တဖိုလ်ကို အထွဋ်တပ်ကာ ( ၂၁ ) ပါးသော ဋ္ဌာနတို့၌ ခွဲခြမ်းဝေဖန်ကာ ဟော်တော်မူခဲ့သည်။

သုတ္တန်အဆုံးနားတွင် ဤသတိပဋ္ဌာန်တရားတော်ကို တရစပ်အားထုတ်ပါက မန္ဒပည ဥာဏ်ပညာ နုံ့သူများအတွက် အကြာဆုံး
( ၇ ) နှစ်အတွင်း ရဟန္တာ ၊ အနာဂါမ် တမျိုးမျိုး ဖြစ်နိုင်၏ ဟု အာမခံထားတော်မူခဲ့သည်။ မဇ္ဈိမ ဝေနေယျ ( အလယ်အလတ် ပုဂ္ဂိုလ်များအတွက် ) ၆ နှစ် ၅ နှစ် စသည်ဖြင့် အောက်ထစ်ဆုံး ( ၇ ) ရက်အတွင်း တရားထူးရနိုင်သည်။
တိဟိတ်ပဋိသန္ဓေ နှင့် ဥာဏ်ပညာ ထက်မြတ်သူများအတွက် ဘယ်အချိန်ဟုပင် ပြောစရာမလို၊ တနေ့ တနံနက်အချိန် အတွင်းမှာပင် တရားထူးရနိုင်၏ ဟု ဟောထားတော်မူခဲ့သည်။
ယနေ့ခေတ်အနေအထားအရ တွေ့မြင်ရသော မြတ်စွာဘုရား သတိပဋ္ဌာန်တရား ဟောကြားခဲ့ရာ ကုန်းတော်
သတိပဋ္ဌာန်တရားတော်ကို အာရုံပြု ကြည်ညိုရင်း ၀မ်းသာမှု ပီတိများဖြင့် အားရပါးရ ဖူးမြှော်ခဲ့တယ်၊ ( အဲဒီသံလှောင်အိမ် ထဲမှာ ကျောက်စာ တချပ်ရှိနေတယ်၊ ကျောက်စာပေါ်က စာတွေကိုတော့ ဖတ်လို့ မရခဲ့ )
ကျောက်ဖြာပေါ်မှာ စာတွေ ထွင်းထားသော်လည်း မည်သို့မျှ ဖတ်လို့မရတော့ပါဘူး၊
ဥယျာဉ်ပုံစံတစ်ခုအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားသော သတိပဋ္ဌာန်ကုန်းတော်ကို အဝေးမှ လှမ်းရိုက်ထားသည်၊
ဥယျာဉ်ဝင်ပေါက်တွင် တွေ့ရသော အထိမ်းအမှတ်များ
ညနေစောင်းချိန် နေအကျနဲ့ မောပန်းတာတွေလဲ ပြေပျောက်ခဲ့ပါတယ်
နေအကျဘက်မှ သတိပဋ္ဌာန်ကုန်းတော်ကို ကြည်ညိုဖွယ်ရာ မြင်ကွင်းတစ်ခုမှ တွေ့မြင်ရပုံ



သတိပဋ္ဌာန်ကုန်းတော်က အပြန်လမ်းမှာတော့ ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရားကြီးရဲ့ လင်္ကာဆောင်ပုဒ်များ ကို တိုးတိုးလေး ရွတ်ဆိုမိရင်း ကားပေါ်မှာ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့မိပါတော့သည်။

စိတ်အညစ်ကြေးကို ကင်းစေလို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။ ( သတ္တာနံ ၀ိသုဒ္ဓိယာ )
ပူဆွေးမူကို လွန်မြောက်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။ ( သောကာနံ သမတိက္ကမာယ )

ငိုကြွေးမှုကို လွန်မြောက်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။ ( ပရိဒေ၀ါနံ သမတိက္ကမာယ )
ကိုယ်ဆင်းရဲကို ချုပ်ငြိမ်းလို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။ ( ဒုက္ခာနံ အတ္ထင်္ဂမာယ )

စိတ်ဆင်းရဲကို ချုပ်ငြိမ်းလို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။ ( ဒေါမနဿာနံ အတ္ထင်္ဂမာယ )
အရိယာမဂ်ကို ရချင်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။ ( ဥာယဿ အဓိဂမာယ )
နိဗ္ဗာန်နန်းကို ရောက်ချင်လို၊ သတိပဌာန်လမ်းကို လိုက်ရမယ်။ ( နိဗ္ဗာနဿ သစ္ဆိကရိယာယ )

စာချစ်သူများလဲ သတိပဋ္ဌာန်တရားတော်များကို အာရုံပြု ကြည်ညိုရင်း မုဒိတာပွားများ ၀မ်းမြောက်နိုင်ကြပါစေလို့ ပတ္ထနာပြုရင်း....

မေတ္တာဖြင့် …
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date.10.Aug. 2011

ကျမ်းညွန်း။ ။ မဟာသတိပဋ္ဌာနသုတ်ပါဠိတော်၊ အဋ္ဌကထာ၊
သုတ်မဟာဝဂ္ဂပါဠိ၊ ဒီဃနိကာယ၊

စာကြွင်း။ နယူးဒေလီမြို့ဝန်းကျင်ကို အားတက်သရော လိုက်ပါပို့ဆောင်ပေးကြသော အရှင်ဇဋိလာလင်္ကာရ ( Delhi University သီတဂူ )နှင့် ဒေလီကျောင်းတော်သားများအား ကျေးဇူးတင်စကား ပြောကြားရင်း ဤဆောင်းပါးဖြင့် တုံ့ပြန်ကျေးဇူးဆပ်ပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP