အတွေးနယ်မှတောက်ခေါက်သံ
အိန္ဒိယနိုင်ငံကနေ အမိပြည်သို့ အပြန်ခရီးကအစ ပို့စ်တင်ဖို့ကို ဝေးနေခဲ့လေသည်။ အမိပြည်သို့ရောက်သည်နှင့် ဇာတိမြေတောနယ်တွင် ဆရာရှင်၏ ဝေယျာဝစ္စများလုပ်ကိုင်ကာ အချိန်တွေကုန်မှန်းမသိ ရဟန်းတစ်ပါးအဖို့ ၀ါဆိုရတော့မည်ဆိုတော့မှ ရန်ကုန်သို့ ပြန်လာ ခဲ့သည်။
မြို့ရောက်တော့ မြို့စိတ် တောရောက်တော့ တောစိတ်ဟုဆိုသလို တောဆိုတော့ တောဘုန်းကြီးပီပီ ကျောင်းသန့်ရှင်းလေးလုပ်လိုက် စာအုပ်ဖတ်လိုက်နဲ့ နားထောင်စရာဆိုလို့ ရေဒီယိုတစ်လုံးပင် အဆင်ပြေတော့သည်။ တစ်နာရီလောက် အင်ဂျင်စက်မောင်းမှ တီဗီဆိုတာကို ကြည့်ရသည်။ ထို့ကြောင့် ကွန်ပြူတာဆို ဝေလာဝေးနေတော့သည်။ မြန်မာရောက်နေသည့် အချိန်များမှာတော့ မထူးခြားတော့။ မထူးခြားဟုဆိုသော်လည်း အတွေးနယ်ခဲ့မိတဲ့ စိကလေးတွေကတော့ အများသား။ လျှပ်စစ်မီးမရှိတဲ့ တောနယ်မှာ ညဆို ဖယောင်းတိုင်ထွန်းကာ အတွေးနယ်များကတော့ နေ၀င်ချိန်၏ နောက်ကွယ်ကနေ ကိုရင်လေးတစ်ယောက် ချဲ့ခဲ့မိသည်မှာတော့ ရေပြင်ကျယ်မှာပင် ကျဉ်းသွားလောက်တော့မည်ထင်။
တစ်ခါတလေတော့လည်း ဘုရားရှင်လက်ထက်တော်က အရှင်သံဃရက္ခိတ မထေရ် အတွေးနယ်ချဲ့သလိုများ ဖြစ်နေတော့လားဟု ကိုယ့်ကိုယ်လည်းတွေးမိပါသည်။ သို့သော်လည်း နေ၀င်ချိန် နောက်ကွယ်၌ကား အပြောင်းအလဲမဖြစ်ခဲ့ပေ။
သီတင်းဝါလကျွတ်ပြီဖြစ်လို့ အရှင်သံဃရက္ခိတသည်လည်း ခရီးထွက်ရန်အတွက် ကျောင်းအိပ် ရာနေရာများကို သိုမှီးသိမ်းဆည်းလျက်ရှိသည်။ လူ့ဘ၀တွင် သူ၏ဦးရီးတော်စပ်ပြီး ရဟန်းဖြစ် သောအခါ ဥပဇ္ဈာယ်ဆရာဖြစ်သော ဦးရီးတော်မထေရ်ကြီးကို သွားရောက်ဖူးမြှော် မည်ဖြစ်သည်။ ပြုဖွယ်ကိစ္စများပြီးသောအခါ သပိတ်သင်္ကန်းနှင့်အတူ သင်္ကန်းစဖျင်ပိုင်း နှစ်တောင်ခန့်ကိုပါယူ၍ ကျောင်းမှထွက်ခဲ့တော့သည်။ ထိုသင်္ကန်းအပိုင်းစကို ဒါယကာတို့ လှူဒါန်းစဉ်ကပင် ဦးရီးတော်မထေရ်အား လှူဒါန်းမည်ဟု ရည်ရွယ် သိမ်းဆည်းထားခဲ့သည်။ လမ်းခရီးအကြားတွင် ဆွမ်းခံ၍ ဆွမ်းကိစ္စအပြီး ခရီးဆက်ခဲ့ရာ ဦးရီးတော်မထေရ်ကြီး သီတင်သုံးရာ ကျောင်းတော်သို့ ကောင်းစွာပင်ရောက်ရှိခဲ့တော့သည်။
အရှင်သံဃရက္ခိတ ကျောင်းသို့ရောက်ချိန်တွင် မထေရ်ကြီးမှာ ဆွမ်းခံရာမှ ပြန်ကြွမလာ သေးသောကြောင့် တစ်ပါးတည်းပင် တံမျက်လှည်းခြင်း၊ နေရာခင်းခြင်း၊ ခြေဆေးရေဖြည့်ခြင်း၊ သောက်ရေတည်ခြင်း စသောဝတ်ကြီးဝတ်ငယ်များကို ဖြည့်ပြီး ဦးရီးတော်အလာလမ်းဆီသို့ မျှော်မှန်းစောင့်လင့်နေလေသည်။
မထေရ်ကြီးပြန်ကြွလာသည်ကို မြင်သောအခါ အသင့်ဆီးကြို၍ သပိတ်၊ သင်္ကန်းတို့ကိုယူခြင်း၊ ခြေဆေးပေးခြင်းစသည့် ၀တ်များကိုဖြည့်ပြီးနောက် ခင်းထားသောနေရာတွင်ထိုင်ရန် လျှောက် ထားလေသည်။ မထေရ်ကြီး ထိုင်ပြီးသောအခါ သူယူဆောင်လာသော သင်္ကန်းလျာ ဖျင်ပိုင်းစကို ခြေရင်း၌ချထားပြီး “ အရှင်ဘုရား ဤသင်္ကန်းလျာကို သုံးစွဲတော်မူပါ” ဟုလျှောက် ထားလှူဒါန်းလေသည်။ ထိုသို့ လှူဒါန်းပြီးနောက် မထေရ်ကြီးအနီးတွင် ထိုင်ကာ ထန်းရွက် ယပ်ဖြင့် ယပ်ခတ်ပေးနေလေသည်။
မထေရ်ကြီးက “ရှိပါစေ သံဃရက္ခိတ၊ ငါ့မှာသင်္ကန်းပြည့်စုံပါသည်၊ သင်သာသုံးစွဲလေတော့” ဟု မိန့်ကြားလိုက်ရာ သံဃရက္ခိတက “အရှင်ဘုရား၊ ဤသင်္ကန်းလျာကို ရသည့်နေ့မှစ၍ အရှင်ဘုရားကို လှူဒါန်းရန် ရည်မှန်းသိမ်းဆည်းထားခဲ့ပါသည်၊ သုံးစွဲတော်မူပါ၊ အရှင်ဘုရား သုံးစွဲခဲ့သော် တပည့်တော်အား ကြီးမြတ်သော အကျိုးကို ရမည်ဖြစ်ပါသည်” ဟုလျှောက်ထား လေသည်။ မည်သို့ပင်လျှောက်ထားသော်လည်း မထေရ်ကြီးက သုံးစွဲရန်ငြင်းပယ်သောအခါ အရှင်သံဃရက္ခိတသည် ယပ်လေခတ်ပေးရင်း စိတ်မချမ်းမသာဖြင့် တွေးတောနေမိသည်။
“မထေရ်ကြီးသည် ငါလူ့ဘ၀တွင်ရှိစဉ်က ဦးရီးတော်ခဲ့သည်။ ရဟန်းဘ၀သို့ရောက်သောအခါ ဥပဇ္ဈာယ်ဆရာ ဖြစ်ခဲ့သည်၊ သို့ပါလျက် ငါလှူသောပစ္စည်းကို သုံးစွဲရန် အတန်တန်ငြင်း ပယ်ခဲ့သည်။ ငါ့အဖို့ ရဟန်းဘ၀နှင့်နေ၍ အကျိုးမရှိတော့ပြီ၊ လူထွက်မှကောင်းတော့မည်” ဟုစိတ်ကူးမိတော့သည်။
သံဃရက္ခိတသည် ဖျင်ပိုင်းစလေးကိုယူ၍ မထေရ်ကြီးထံမှ ထွက်ခွါခဲ့ပြီးနောက် သူကြံစည်ထားသည့်အတိုင်း လူထွက်လိုက်တော့သည်။ လူ့ဘ၀သို့ရောက်နှင့် စား-၀တ်-နေရေးအတွက် စတင်စဉ်းစားရတော့သည်။ ထိုအရေးတွေအတွက်ကား အလုပ်တစ်ခုခုကို လုပ်မှဖြစ်တော့မည်။ သူ၏၀န်ထမ်းအလုပ်မှလွဲ၍ ငွေအရင်းနှီးမရှိဘဲ မည်သည့်အလုပ်မျှ မဖြစ်နိုင်။ ငွေရင်းငွေနှီး မည်သို့ရှာရမည်နည်း၊ သူ့တွင် ကိုယ်ပိုင်ပစ္စည်းဆို၍ နှစ်တောင်သော ဖျင်ပိုင်းစလေးသာရှိသည်။ ထိုဖျင်ပိုင်းစလေးကိုရောင်းလိုက်လျှက် အရင်းနှီးအနည်းငယ် ရနိုင်သည်ဟုတွေးမိသည့်အတွက် ရောင်းချလိုက်တော့သည်။
ရောင်းရသောငွေဖြင့် သိုးမတစ်ကောင်ကိုဝယ်၍ မွေးမြူရေးလုပ်ငန်းကို စတင်လိုက် တော့ သည်။ သိုးတို့သဘာဝမှာ ပေါက်ဖွားမှုမြန်လေတော့ အချိန်ပေးရသည်နှင့်အမျှ သံဃရက္ခိတမှာ သိုးအုပ်ကြီးကို ပိုင်ဆိုင်လေတော့သည်။ ထိုသိုးများကို ပြန်ရောင်းလိုက်သောအခါ ငွေအတော်များများ စုဆောင်းမိသည့်အတွက် တစ်ဆင့်တက်၍ စိတ်ကူးလိုက်ပြန်သည်။
“ငါတစ်ယောက်တည်း နေရသည်မှာ စားမှု၊နေမှုတွင် အချိုးမကျ၊ ကသီကရီနိုင်လှသည်၊ အိမ်ထောင် ထိန်းသိမ်းမည့်သူရှိမှသာ အစစအရာရာ အဆင်ပြေ၍ သာတောင့်သာယာ ရှိပေလိမ့်မည်။ အိမ်ထောင်ပြုမှ တော်မည်”ဟု ကြံစည်လိုက်လေသည်။ မကြာမီမှာ အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်လိုက်၍ အိမ်တစ်ဆောင် မီးတစ်ပြောင် ဖြစ်နေတော့သည်။ ထိုသို့နေလာခဲ့ရာ ဇနီးသည်မှ သားဦးယောက်ျားလေး ဖွားမြင်လေရာ ထိုသားဦးလေးနှင့်အတူမိသားတစ်စု ဦးရီးတော်မထေရ်ထံ ဖူးမြှာ်ရန် လှည်းယာဉ်လေးဖြင့် ခရီးထွက်ခဲ့ကြသည်။ လမ်းခရီးကြားသို့ရောက်သောအခါ သားငယ်ကိုပွေ့ချီထားရသည်မှာ ကြာပြီဖြစ်သော ဇနီးသည်အား “ရှင်မရေ သားလေးကိုပေးအုံး ကျုပ်တစ်လှည့်ချီအုံးမယ်” ဟုပြောလိုက်ရာ ဇနီးဖြစ်သူက သားငယ်ကို လှမ်း၍အပေးတွင် လှည်းဆောင့် သည့်အရှိန်ကြောင့် မထိန်းနိုင်တော့ဘဲ လှည်းအောက်သို့ လွတ်ကျသွားတော့သည်။
လျင်မြန်စွာ လည်ပတ်နေတဲ့ လှည်းဘီးက သားငယ်အပေါ် နင်းကြိတ်သွားသည်ကို မြင်လိုက်ရသောအခါ ဒေါသကို မထိန်းနိုင်တော့ပဲ “ဟဲ့ မိန်းမပျက်၊ ကလေးကိုမှ နိုင်အောင်မထိန်းနိုင်ဘူးလား၊ ဒီလောက်တောင် ပေါ့ပျက်တဲ့မိန်းမ၊ ကဲဟာ”ဟု ကြိမ်းမောင်းရေရွတ်ရင်း နွားမောင်နေသည့် ကြိမ်လုံးဖြင့် ရိုက်လိုက်တော့သည်။ သို့သော်.. တကယ်အရိုက်ခံလိုက်ရသည်မှာ သူ့၏ဇနီးသည်မဟုတ်ပဲ ဦးရီးတော်မထေရ်ကြီးသာ ဖြစ်နေသည်။
အမှန်မှာ အရှင်သံဃရက္ခိတသည် တကယ်လူထွက်သည်တော့ မဟုတ်ပေ၊ လူထွက်ရန် စိတ်ကူးကြံစည်မိရာက ကာမ၀ိတက်များ ဆက်ကာ ဆက်ကာဖြစ်ပွားနေခြင်းသာဖြစ်သည်။ မထေရ်ကြီးကို ယပ်ခတ်ပးလျက် ရှိသော်လည်း စိတ်ကူးကြံစည်သည်ကား လူထွက် လိုက်သည်၊ သိုးမွေးမြူရေး လုပ်လိုက်သည်၊ အိမ်ထောင်ပြုလိုက်သည်၊ သားတစ်ယောက် ရလိုက်သည်၊ မိသားစုသုံးယောက် လှည်းယာဉ်လေးဖြင့် ခရီးထွက်ကြသည်။ တကယ်ဖြစ် ပျက်သည်တော့မဟုတ်၊ စိတ်ကူးရေယဉ်ကြောမျောနေခြင်းဖြစ်သည်။
လေထဲတွင် တိုက်အိမ်ဆောက်နေသော သူ၏စိတ်ကူးယဉ်ဇာတ်လမ်းတွင် ဇနီးသည်အား နွားမောင်ကြိမ်လုံးဖြင့် ရိုက်သည့်အခန်းပေါ်လာသောအခါ လက်ထဲတွင် တကယ်ကိုင်ထား သော ထန်းရွက်ယပ်ဖြင့် မထေရ်ကြီးဦးခေါင်းကို ဖျန်းခနဲယောင်ရမ်းရိုက်လိုက်မိတော့သည်။
မထေရ်ကြီးမှာ ရဟန္တာမထေရ်ကြီးဖြစ်၍ သံဃရက္ခိတ အဘယ်ကြောင့် ထိုသို့ပြုမူသည်ကို ဆင်ခြင်သောအခါ ကာမ၀ိတက်များ ဖြစ်ပွားပုံအလုံးစုံကို မြင်တော်မူလေသည်။ ထို့ကြောင့် “ဘယ်နှယ်လဲ သံဃရက္ခိတ၊ သင့်ဇနီးကိုတော့ ထိအောင်မရိုက်၊ ငါမထေရ်အိုကြီးမှာ ဘာအပြစ်ရှိလို့ ရိုက်ရသလဲ”ဟု မိန့်ကြားလိုက်သည်။
သံဃရက္ခိတသည် “ငါ၏ ကာမ၀ိတက်များ ဖြစ်ပွားနေပုံကို မထေရ်ကြီး သိသွားပါပေါ့လား”ဟု ရှက်ရှက်ဖြင့် နေရာမှာ ဖဲသွားတော့သည်။ ထိုအကြောင်းအရာကို သိရသော ရဟန်းတော်များ က မြတ်စွာဘုရားရှင်ထံ ခေါ်ဆောင်သွားကြသည်၊ မြတ်စွာဘုရားရှေ့တော်မှောက်သို့ ရောက်သောအခါ ဤရဟန်းသည် မထေရ်ကြီးအား ယပ်တောင်ဖြင့်ရိုက်၍ပြေးကြောင်း လျှောက်ထားကြလေသည်။
မြတ်စွာဘုရားရှင်မှ ရဟန်းတော်များလျှောက်တင်သည်မှာ မှန်ပါသလားဟု မေးတော်မူ သောအခါ အကြောင်းစုံဖြစ်ပျက်ခဲ့မှု့ကို ပြန်လျှောက်ထားလေသည်။ မြတ်စွာဘုရားရှင်မှ ရဟန်းတော်များကို ကာမ၀ိတက်များ မဖြစ်ပွားစေရန် ဆုံးမတော်မူခဲ့လေသည်။
သြော်… ပုထုဇဉ်မှန်သမျှ အတွေးနယ်ချဲ့မိသည်မှာ အမှန်ပင် အတွေးသည်မှ ချဲ့ထွင်ကြချင်း မဟုတ်ပါလော။ ထိုချဲ့ထွင်ခြင်းမှ ကျယ်ပြန့်ခြင်းသို့ရောက်ရှိလာခဲ့သည်။ သို့သော် မိမိအတွေးသည် မိမိအတွက် ဘယ်လောက်အကျိုးဖြစ်ထွန်းသည်ကိုတော့ လူတိုင်းလူတိုင်း သတိထားသင့်တော့သည်။ လေထဲမှာ တိုက်အိမ်မဆောက်မိဖို့လည်း အထူးသတိထား သင့်သည်။ အတွေးနယ်မှ ချဲ့ခဲ့သမျှသည် ဖြစ်မလာတော့ တောက်ခေါက်မိလိမ့်မည် တောက်မခေါက်မိတော့ အတွေးများဖြင့် ချဲ့ထွင်နိုင်ပါစေ။ ကိုရင်လေးလည်း ဆရာရှင်ကို အရှင်သံဃရက္ခိတကဲ့သို့ ယပ်တောင်ဖြင့် မရိုက်မိခဲ့ သည်မှလွဲ၍ အတွေးနယ်များကတော့ ချဲ့မိခဲ့လေတော့သည်။
ကိုရင်လေး
၉.၈.၂၀၁၁


0 comments:
Post a Comment