Cakkavattisutta (Part 1) - စက္က၀တ္တိသုတ် (အပိုင်း ၁)
အကျွန်ုပ် အာနန္ဒာ ဤသို့ ကြားနာမှတ်သားခဲ့ရပါ၏။ ဘုရားရှင်သည် မဂဓတိုင်း မာတုလမြို့၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့ကို ခေါ်၍ မိန့်တော်မူပါသည်။
ရဟန်းတို့ . . . သင်တို့သည် မိမိမှတစ်ပါး အခြားကိုးကွယ်ရာ မရှိကုန်သည်ဖြစ်၍ နေကုန်လော့။ တရားမှတစ်ပါး အခြားကိုးကွယ်ရာ မရှိကုန်သည်ဖြစ်၍ နေကုန်လော့။ ပြင်းစွာအားထုတ်လျက်၊ ဆင်ခြင်လျက်၊ သတိရှိလျက်၊ ရုပ်အပေါင်း၌ ရုပ်အပေါင်းဟု အဖန်ဖန်ရှုလျက်၊ ဝေဒနာ၌ ဝေဒနာဟု အဖန်ဖန်ရှုလျက်၊ သညာ၌ သညာဟု အဖန်ဖန်ရှုလျက်၊ သင်္ခါရ၌ သင်္ခါရဟု အဖန်ဖန်ရှုလျက်၊ လောက၌ လိုချင်တပ်မက်ခြင်းနှင့် နှလုံးမသာခြင်းကို ပယ်ဖျောက်၍နေသော ရဟန်းသည် မိမိမှတစ်ပါး အခြားကိုးကွယ်ရာ မရှိသည်ဖြစ်၍ နေသည်မည်၏။ တရားမှ တစ်ပါးအခြား ကိုးကွယ်ရာ မရှိသည်ဖြစ်၍ နေသည်မည်၏။
သင်ချစ်သားတို့သည် အဖဘုရားမှ ဆက်သက်လာသည့် အမွေဖြစ်ကုန်သော မိမိတို့၏ ကျက်စားရာအာရုံ၌ ကျက်စားကြကုန်လော့။ သင်ချစ်သားတို့၏ သန္တာန်၌ ကိလေသာစသော မာရ်သည် ၀င်ရောက်ခွင့် မရလတ္တံ့။ ကုသိုလ်တရားတို့ကို ဆောက်တည်ခြင်းကြောင့် ကုသိုလ်၏ အကျိုးသည် တိုးပွါး၏။
ဒဠှနေမိ စကြဝတေးမင်း
ရှေးအခါက ဒဠှနေမိအမည်ရှိသော စကြဝတေးမင်းသည် ရှိ၏။ ထိုမင်းသည် တိုင်းပြည်ကို အနိုင်ထက်ပြု၍ အုပ်ချုပ်သည် မဟုတ်။ နှိပ်စက်၍ အုပ်ချုပ်သည် မဟုတ်။ ထိုမင်းသည် တရားစောင့်၏။ တရားနှင့်အညီ မင်းပြု၏။ သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရ၏။ ရန်အပေါင်းကို အောင်မြင်၏။ တိုင်းနိုင်ငံကို တည်ငြိမ်စေ၏။ “စကြာရတနာ၊ ဆင်ရတနာ၊ မြင်းရတနာ၊ ပတ္တမြားရတနာ၊ မိန်းမရတနာ၊ သူဌေးရတနာ၊ သားကြီးရတနာ”ဟူသော ရတနာခုနစ်ပါးနှင့် ပြည့်စုံ၏။ ထိုမင်း၏ အထောင်မကသော သားတော်တို့သည် ရဲရင့်ကြကုန်၏။ သူရဲကောင်း အင်္ဂါရုပ်ရှိကြကုန်၏။ တစ်ဖက်စစ်သည်တို့ကို နှိမ်နင်းနိုင်ကြကုန်၏။ ဘုန်းတန်ခိုး ကြီးမြတ်သော ထိုမင်းသည် တုတ်ဓားလက်နက် မဆောင်မူ၍သာလျှင် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို တရားသဖြင့် အောင်မြင်လျက် အုပ်စိုး၏။ မင်းစည်းစိမ်ကို ကာကွယ်ရန်လည်း စိုးစဉ်းမျှသော ကောက်ကျစ်ယုတ်မာမှုကို ပြုရသည်မရှိ။
ထိုစကြ၀တေးမင်း လက်ထက်၌ အလွန်ငြိမ်းချမ်း၏။ တိုင်းသူပြည်သားတို့သည် ပျော်ရွှင်၏။ မင်းသည် တိုင်းသူပြည်သားတိုင်းကို စောင့်ရှောက်၏။ တိုင်းသူပြည်သားတို့သည် မင်းကို လေးမြတ်စွာ ချစ်ကြည်၏။ တိုင်းပြည်အတွင်း၌ အချင်းချင်း အမျက်အအီ မရှိကြ။ အချင်းချင်း ချစ်သောမျက်စိဖြင့်သာ ကြည့်ကြ၏။ အချင်းချင်း မဖိနှိပ်။ အချင်းချင်း မကွပ်ညှပ်။ မနာလိုသည်မရှိ။ ကုန်းချောသည်မရှိ။ လူသည် လူကို လူလိုဆက်ဆံ၏။ လူတိုင်းလူတိုင်း လူ့ဂုဏ်သိက္ခာကို ပြည့်စုံကုံလုံစွာ ပိုင်ဆိုင်ကြ၏။ မင်း၏ မှူးမတ်အရာရှိတို့သည် လစာရိက္ခာ လုံလောက်သောကြောင့် တံစိုးမစားကြ။ လာဘ်မယူကြ။ တိုင်းသူပြည်သားတိုင်း အခွင့်အရေး ညီမျှသောကြောင့် ငါ့ဆွေမျိုးအတွက် ငါ့ဆွေမျိုးအတွက်ဟူ၍ အခွင့်ထူး ရှာရသည် မရှိ။ ခိုက်ရန်မရှိ။ စစ်မက်လည်းကင်း၏။ အသတ်အဖြတ် အခိုးအတိုက် အလုအယက် အမှုအခင်း အငြင်းအပွားလည်း ငြိမ်း၏။ မင်း၏ လွှတ်တော်ခုံရုံးသည် အစဉ်အမြဲ တိတ်ဆိတ်ငြိမ်သက်နေ၏။ စည်းစိမ်ဥစ္စာ အလွန်အမင်း ချမ်းသာသူ အလွန်ရှား၏။ အလွန်အမင်း ဆင်းရဲသူလည်း အလွန်ရှား၏။ လူနှင့်လူချင်း နှိုင်းစာသော် အတန်းအလွှာ တူသူတို့သာ များကုန်၏။ လူဦးရေသည် အစဉ်အမြဲ တိုးပွားလျက် ရှိနေ၏။ လူတို့၏ အရေအတွက်ကား ကိုင်းပင်မြင်ပင်အလား လှုပ်လှုပ်ရှားရှား တိုးပွားနေ၏။ တိုင်းပြည်ကို လုပ်ကျွေးကုန်သော လက်မှုပညာသည် နှုတ်မှုပညာသည်တို့ များစွာထွန်းကား၏။ လူတည်းဟူသော အရင်းအမြစ်သည် ပြည့်ဖြိုးကြွယ်ဝ၏။ ရောဂါဘယလည်း ကင်း၏။ အသေအပျောက်လည်း ရှား၏။ အရွယ်မတိုင်မီ သေရသည် မရှိ။ အသက်ရှည်သော ကျန်းမာသော လူတို့သည် လွယ်လွယ်ကူကူ ချမ်းချမ်းသာသာ မျှမျှတတ အသက်မွေးကြကုန်လျက် ကုသိုလ်တရားကို များစွာ ဆည်းပူးနိုင်၏။ ရသေ့ရဟန်းတို့ကို ကြည်ညိုစွာ လှူဒါန်းကြ၏။ ရိုသေစွာ ဆည်းကပ်ကြ၏။ ရသေ့ရဟန်းတို့၏ သင်္ခမ်းကျောင်းတို့၌လည်း သီလပျက်စီးခြင်း ကင်း၏။ သူမြတ်တို့၏ သီလရနံ့သည် ဘ၀ဂ်တိုင်အောင် ရောက်ရှိပျံ့နှံ့လေ၏။
ထိုဒဠှနေမိ စကြဝတေးမင်းသည် မင်းပြုနေရင်း နှစ်ပေါင်းများစွာ ကုန်လွန်သောအခါ မင်းချင်းယောက်ျား တစ်ယောက်ကို မိန့်ဆို၏။
“အချင်းယောက်ျား . . . မြတ်သော လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော ငါ၏ စကြာရတနာ တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းသည်ကို မြင်မိလျှင်ပင် ငါ့အားပြောကြားလော့။”
နှစ်ပေါင်းများစွာ ကုန်လွန်သောအခါ ထို မင်းချင်းယောက်ျားသည် စကြာရတနာ တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းသည်ကို မြင်၏။ မြင်လတ်သော် ဒဠှနေမိ စကြဝတေးမင်းထံသို့ ချဉ်းကပ်၍ လျှောက်ထား၏။
“မင်းကြီး . . . အရှင်မင်းကြီး၏ စကြာရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်း နေပါပြီ။”
ထိုအခါ ဒဠှနေမိ စကြဝတေးမင်းသည် သားကြီးဖြစ်သူ အိမ်ရှေ့မင်းသားကို ခေါ်၍ မိန့်တော်မူ၏။
“ချစ်သား . . . မြတ်သော လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော ငါ၏ စကြာရတနာသည် တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းလေပြီ။ စကြာရတနာ တည်နေရာမှ အနည်းငယ် လျှောကျသက်ဆင်းလျှင် စကြာမင်းသည် ကြာမြင့်စွာ အသက်မရှည်ဟု ငါ ကြားဖူး၏။ ငါသည် လူ့စည်းစိမ်ချမ်းသာတို့ကို ခံစားခဲ့ပြီ။ ယခုအခါ နတ်စည်းစိမ်ချမ်းသာတို့ကို ရှာဖွေရန် အချိန်တန်ပြီ။ ချစ်သား . . . လာလော့။ သင်သည် သမုဒ္ဒရာလေးစင်း အဆုံးရှိသော ဤမြေကြီးကို သိမ်းဆည်း အုပ်စိုးလော့။ ငါသည် ဆံမုတ်ဆိတ်တို့ကို ပယ်ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှထွက်၍ ရသေ့ရဟန်းဘောင်သို့ ဝင်ရောက်အံ့။”
ဒဠှနေမိ စကြဝတေးမင်းသည် သားကြီးဖြစ်သူ အိမ်ရှေ့မင်းသားကို ထီးနန်းလွှဲအပ်ကာ ဆံမုတ်ဆိတ်ကို ပယ်ရိတ်၍ ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ပြီးလျှင် လူ့ဘောင်မှ ရသေ့ဘောင်သို့ ဝင်ရောက်၏။ ဒဠှနေမိ စကြဝတေးမင်း ရသေ့ပြုပြီး၍ ခုနစ်ရက်မြောက်သောနေ့၌ စကြာရတနာသည် ကွယ်ပျောက်လေ၏။
ထိုအခါ မင်းချင်း ယောက်ျားတစ်ယောက်သည် သားတော်မင်းအား လျှောက်ထား၏။
“မင်းကြီး . . .။ အရှင်မင်းကြီး၏ စကြာရတနာ ကွယ်ပျောက်သွားပါပြီ။”
စကြာရတနာ ကွယ်ပျောက်သည်ရှိသော် မင်းသည် နှလုံးမသာမယာ ဖြစ်လေ၏၊ နှလုံးမသာဖြစ်ခြင်းကိုလည်း သူတစ်ပါးအား ပြောကြားလေ၏။ ထိုမင်းသည် ဖခင်ရသေ့ထံ ချဉ်းကပ်၍လည်း လျှောက်ထား၏။
“ဖခင် ရသေ့မြတ် . . . အမှန်ကို သိတော်မူပါလော့။ မြတ်သော လိုရာအရပ်သို့ အပိတ်အပင်မရှိ သွားနိုင်သော စကြာရတနာ ကွယ်ပျောက်ပါပြီ။”
ရသေ့သည် မင်းအား ပြန်လည် မိန့်ကြား၏။
“ချစ်သား . . . စကြာရတနာ ကွယ်ပျောက်သောကြောင့် နှလုံးမသာမယာ မဖြစ်လင့်။ နှလုံးမသာမယာ ဖြစ်မိသည်ကိုလည်း သူတစ်ပါးအား မပြောကြားလင့်။ စကြာရတနာသည် သင့်ဖခင်မှ ဆင်းသက်လာသော အမွေပစ္စည်း မဟုတ်။ သင်ချစ်သားသည် အပြစ်ကင်းသော စကြာမင်းတို့၏ ကျင့်ဝတ်တို့ကို ကျင့်လော့။ တစ်ဆယ့်ငါးရက်မြောက်သော လပြည့်ဥပုသ်နေ့၌ ဦးခေါင်းဆေးမင်္ဂလာ ပြုပြီးလျှင် မြတ်သော ပြာသာဒ်ထက်သို့ တက်၍ ဥပုသ်ဆောက်တည်လျက် အပြစ်ကင်းသော စကြဝတေးမင်း ကျင့်ဝတ်ကို ကျင့်လော့။ အကန့်တစ်ထောင်ရှိသော အကွပ်ပုံတောင်းနှင့် တကွသော အခြင်းအရာ အလုံးစုံရှိသော မြတ်သော လိုရာအရပ်သို့ အပိတ်အပင် မရှိသွားနိုင်သော စကြာရတနာသည် ချစ်သားထံမှောက် ရောက်ရှိလတ္တံ့။”
------
မြတ်သော စကြာမင်းတို့၏ ကျင့်ဝတ်
“ဖခင် . . . စကြာမင်းတို့၏ ကျင့်ဝတ်ဟူသည် အဘယ်ပါနည်း။”
“သင် ချစ်သားသည် တရားကိုသာလျှင် အမှီပြုလျက်၊ တရားကိုသာလျှင် အရိုအသေပြုလျက်၊ တရားကိုသာလျှင် အလေးပြုလျက်၊ တရားကိုသာလျှင် မြတ်နိုးလျက်၊ တရားကိုသာလျှင် ပူဇော်လျက်၊ တရားကိုသာလျှင် တုပ်ဝပ်လျက်၊ တရားကိုသာလျှင် တံခွန်သဖွယ်ပြုလျက်၊ တရားကိုသာလျှင် မှန်ကင်းကဲ့သို့ ပြုလျက်၊ တရားကိုသာလျှင် အကြီးအမှူးပြုလျက် နေလေလော့။ အတွင်း သားမယား စသည်၌ လည်းကောင်း၊ စစ်သည်ဗိုလ်ပါ၌ လည်းကောင်း၊ အရံမင်းတို့၌ လည်းကောင်း၊ ပုဏ္ဏားနှင့် သူကြွယ်တို့၌ လည်းကောင်း၊ နိဂုံးဇနပုဒ်သားတို့၌ လည်းကောင်း၊ ရဟန်းပုဏ္ဏားတို့၌ လည်းကောင်း၊ သားငှက်တို့၌ လည်းကောင်း တရားနှင့်လျော်သော စောင့်ရှောက်မှု ကာကွယ်မှု လုံခြုံစေမှုကို စီရင်လော့။
ချစ်သား . . . သင်၏ နိုင်ငံတော်၌ အနိုင်အထက် နှိပ်စက်မှုများ မဖြစ်စေလင့်။ သင်၏ နိုင်ငံတော်၌ ပစ္စည်းဥစ္စာ မရှိသူတို့ကို ပစ္စည်းဥစ္စာ ပေးကမ်းလော့။ သင်၏ နိုင်ငံတော်၌ ရဟန်းပုဏ္ဏားတို့ ရှိကုန်၏။ ရဟန်းပုဏ္ဏားတို့သည် မာန်ယစ်ခြင်း မေ့လျော့ခြင်းတို့မှ ရှောင်ကြဉ်ကြကုန်၏။ သည်းခံခြင်း ကောင်းသောမွေ့လျော်ခြင်း၌ တည်ကြကုန်၏။ စိတ်ကို ဆုံးမကြကုန်၏။ စိတ်ကို ငြိမ်သက်စေကြကုန်၏။ စိတ်ကို ငြိမ်းအေးစေကြကုန်၏။ လျောက်ပတ်သောအခါ၌ ထိုသမဏဗြာဟ္မဏတို့ထံ ချဉ်းကပ်၍ မေးမြန်းလေလော့။ စုံစမ်းလေလော့။
အသျှင်ဘုရားတို့ . . . အဘယ်သည် ကုသိုလ်ပါနည်း။ အဘယ်သည် အကုသိုလ်ပါနည်း။ အဘယ်သည် အပြစ်ရှိပါသနည်း။ အဘယ်သည် အပြစ်မရှိပါသနည်း။ အဘယ်ကို မှီဝဲအပ်ပါသနည်း။ အဘယ်ကို မမှီဝဲ အပ်ပါသနည်း။ အဘယ်တရားသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွား မဲ့ခြင်းငှာ ဆင်းရဲခြင်းငှာ ဖြစ်ပါသနည်း။ အဘယ်တရားသည် ရှည်စွာသော ကာလပတ်လုံး အစီးအပွားရှိခြင်းငှာ ချမ်းသာခြင်းငှာ ဖြစ်ပါသနည်းဟု မေးမြန်းလေလော့။ စုံစမ်းလေလော့။
ထို သမဏဗြာဟ္မဏတို့၏ စကားကို ကြားနာ၍ အကုသိုလ်တရားကို ကြဉ်ရှောင်လော့။ ကုသိုလ်တရားကို ဆောက်တည်၍ ကျင့်လေလော့။ ချစ်သား . . . ဤသည်ကား စကြဝတေးမင်းတို့၏ အပြစ်ကင်းသော ကျင့်ဝတ်တည်း။”
(ဆက်ရန် . . . . .)
ကျမ်းညွှန်း - စက္က၀တ္တသုတ်၊ ပါထိက၀ဂ်ပါဠိတော်၊ ဒီဃနိကာယ်၊ သုတ္တန္တပိဋက

0 comments:
Post a Comment