" ကြည်နူးဖွယ်အမှတ်တရပုံရိပ်လေးများ"
ဘ၀မှာ အမှတ်တရတွေထဲက အမှတ်တရခုအဖြစ် ရပ်တည်ကျန်ရစ်ခဲ့စေမှာ သေချာတဲ့ အမှတ်တရတစ်ခုကတော့ ဒီနေ့ (08/04/2011)စာရေးသူ၏ တက္ကသိုလ်မှာ ပရော်ဖက်ဆာ၊ နည်းပြဆရာ၊ ဒီဂရီ ကျောင်းသားများနဲ့ ဒီပလိုမာကျောင်းသား ကျောင်းသူများ လင်္ကာရဲ့ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ပျော်ရွှင်ကြည်နူးစရာ အခမ်းအနားအစီအစဉ်လေးတစ်ခုကို ပြိုင်ပွဲဝင် ကစားနည်းလေးတွေနဲ့ အတူ ကျင်းပဖြစ်တဲ့ ဒီပျော်ရွှင်ပွဲလေးပါပဲ။ နံနက် ၉.၀၀မှာ စတင်ပါတယ်။
ပျော်ရွှင်စွာပါဝင် ကစားပျော်ပါးနေတဲ့ မှတ်တမ်းဝင်ပုံလေးတွေကို ကြည့်ကြရအောင်နော်။
ဒီပုံလေးကတော့ အခမ်းအနားအစီအစဉ်မစမီ ငါးပါးသီလဆောက်တည်နေတဲ့ပုံလေးပါ။
ဒီအစဉ်လေးက ကျောင်းသားတွေနဲ့ စာသင်စာပြ ပရော်ဖက်ဆာများ ပျော်ရွှင်ဖိုအတွက် ရည်ရွယ်ကျင်းပတဲ့ပျော်ရွှင်ပွဲလေးပါ။ ပျော်ရွှင်ပွဲပင် လုပ်စေကာမူ ဦးစွာပထမ အခမ်းအနားမစမီ ငါးပါးသီလဆောက်တည်လေ့ရှိတဲ့ ဒီနိုင်ငံရဲ့ ဓလေ့လေးကတော့ မြတ်နိုးစရာ အတုယူစရာလေးပါပဲ။
ဒီပုံလေးကတော့ မီးပူဇော်ထွန်းညှိနေတဲ့ ပုံလေးပါပဲ။ ဘယ်လိုအခမ်းအနားပဲ ကျင်းပကျင်းပ ဒီ Lighting မီးထွန်းညှိပူဇော်ခြင်းကို ပြုလုပ်ကြပါတယ်။ ငါးပါးသီလ ခံယူပြိးတော့ပေါ့။ ဒါဟာ သူတို့ရဲ့ ရိုးရာဓလေတစ်ခုပါ။
ဒီပုံလေးကတော့ နိုင်ငံတော်သီချင်းရွတ်ဆိုနေတဲ့ပုံလေးပါပဲ။ ဒီ national anthem ကိုလည်း အခမ်းအနားတိုင်းမှာ ရွတ်လေ့ရှိပါတယ်။
ဒီပုံလေးကတော့ တမာခေါက်တို့၊ဗောဓိပင်အရွက်တို့နဲ့ တစ်ခြားသူတိုရိုးရာမှာ အသုံးပြုတဲ့ သစ်ခေါက်များကို ထောင်းချေပြီး အိုးခွက်လေးထဲကိုထည့်ထားပြီး နှစ်သူစ်ကူးအခမ်းအနားကျင်းပမယ့်နေရာ ဖိုခနှောက်သုံးခုပေါ်အသင့်ပြင်ထားတဲ့အရာလေးကို ဆူပွက်သည်အထိ တည်ထားဖို့ လောင်ဆာပေးနေတာပါပဲ။ ဒီရိုးရာဓလေ့လေးဟာ အိမ်တိုင်းအိမ်တိုင်းမှာ အဲဒီနှစ်သစ်ကူနေ့မှာ (ပုံမှန်အားဖြင့် ဒီနိုင်ငံနှစ်သစ်ကူးရက်က တိတိကျကျပေါ့ ဧပရယ် ၁၄ ရက်လို့ဆိုပါတယ်။) ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုပြုလုပ်တာဟာ အဲဒီနှစ်သစ်ကူးအခါသမယမှာ မီနရရှိယ ကနေ မေရှရရှိယ ကိုပြောင်းရွေ့သွားတဲ့ နေမင်းကြီးကို အရိုအသေပြု အလေးပြုခြင်းဖြစ်ပါတယ်လို့ဆိုပါတယ်။ အဲဒိနေမင်းကြီး မီနရရှီယကနေ မေရှရရှိယ ကိုပြောင်းရွှေ့သွားတာကိုပဲ နှစ်ကူးတယ်လို့လည်း ပြောကြပါတယ်။ နှစ်သစ်ကူးကာလကို သူတိုဘာသာအရ “အာလုအာဝုရုဓု-နှစ်သစ်ကူးကာလ” လို့ဆိုပါတယ်။
ဒီဓာတ်ပုံပါ သူငယ်ချင်းများက အမိ၊အဖ၊ သားနဲ့ သမီး ကိုယ်စားဒီလိုပြုလုပ်ကြတယ်ဆိုတာကို ကိုယ်စားအနေနဲ့ သရုပ်ပြထားခြင်းပါ။
့ သူတို့ရိုးရာဓလေ့အနေနဲ့ အိမ်တိုင်းအိမ်တိုင်း ဒီကျိုချက်မှုလေးအပြီးမှာ မိဘနှစ်ပါးကို သားသမီးတွေက ဦးချကန်တော့ရှိပါတယ်။ ပြီးတော့ မိဘများက သားသမီးများကို အန္တရာယ်အပေါင်းမှလွတ်မြောက်ပါစေ၊ အသက်ရာကျော်ရှည်ပါစေ။ ဘာသာ သာသနာ နိုင်ငံတော်ကို အလေးအမြတ်ထား ချစ်ခင်မြတ်နိုး ပူဇော်တတ်ပါစေ စတဲ့ ဆုပေးခြင်းများကို ကောင်းချီးပြုကြပါတယ်။ (စာရေးသူတို နိုင်ငံမှာလည်း ဒီလို နှစ်သစ်ကူးကာလမှာ မိဘနှစ်ပါးကို လူတိုင်းလူတိုင်း မိသားစုတိုင်း ရွာတိုင်း မြိုတိုင်းမှာ ဒီလို ဓလေ့လေ့ထားရှိမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ။ စားရေးသူတို့နိုင်ငံမှာ ဒီနေ့လိုနေ့မျိုးမှာ မိဘကို ရိုသေသူ ရှိပါတယ်။ ဒါပေမယ့် လက်ချိုးလို့ ရေတွက်လိုရပါတယ်။)
မိဘနှစ်ပါးက သားနဲ့ သမီးကို နိုထမင်း ခွံ့ကျွေးနေတဲ့ပုံလေးပါ။
ဒီပုံလေးကတော့ ရဟန်းသံဃာတွေကို ခဲဖွယ်ကပ်နေတဲ့ပုံလေးတွေနဲ့ အပြီးမှာ သူတိုစားသုံးနေတဲ့ပုံလေးပါပဲ။
အားအင်ပြည့်ပြီးတာကြောင့် ပြိုင်ပွဲအတွက် နေရာယူဖို့ အဆင်သင့်ဖြစ်နေတဲ့ ကျောင်းသူလေးတွေပါ။ ဒီပထမ ပြိုင်ပွဲကတော့ ရိုးရှင်းပါတယ် ခြေထောက်တစ်ဖက်စီ အ၀တ်စလေးချည်ထားပြီး ပန်းတိုင်ကို အရင်ရောက်အောင် ပြေးနိုင်သူအဖွဲ့က အနိုင်ရသူပါပဲ။
ဒီပြိုင်ပွဲအတွက် အနိုင်ဆုကို ရရှိသူနှစ်ယောက်ကို ပရော်ဖက်ဆာ သောမဒသနက ဆုချီးမြင့်နေတဲ့ပုံလေးပါ။
ဒီဆင်ပုံလေးကတော့ ဒုတိယကစားနည်းအတွက်ပါပဲ။ white board မှာ ဆင်ပုံဆွဲထားပါတယ်။ ခြေလှမ်း ၁၀လှမ်းလောက်အကွာနေ မျက်စိနှစ်ဖက်ကို အ၀တ်စည်းပြီးကာ အဲဒီဆင်ရုပ်ရဲ တစ်လုံးတည်းရှိတဲ့ မျက်လုံးအလယ်တည့်တည့်မှာ ဆော့ပင်နဲ့ အမှတ်အသားပြုနိုင်သူက အနိုင်ရသူဖြစ်မှာပါ။
သူတို့ စတင်ပြိုင်ပွဲဝင်နေကြတဲ့ ပုံလေးတွေပါ။
ဒီဖိုင်တွဲကိုင် ထီးဆောင်းပြီး ရယ်ပြုံးနေတဲ့သူနှစ်ယောက်ကတော့ ဒီအစီအစဉ်ကို ဦးဆောင်တဲ့ စာရေးသူတို့၏ အင်္ဂလိပ်စာဆရာမနှစ်ယောက်ပဲဖြစ်ပါတယ်။ စာရေးသူတို့ ပါမောက္ခကိုယ်တိုင်တက်ရောက်ကာ (ဘယ်အစွန်ဒုတိယမြောက်) အားပေးနေတဲ့ပုံလေးပါ။
ဒီပြိုင်ပွဲအတွက် ပထမဆုရရှိသူကို deputy Rector လက်ထောက် ပါမောက္ခက ဆုချီးမြင့်နေတဲ့ပုံလေးပါ။ သူတစ်ယောက်ပဲ မျက်လုံးတည့်တည့်မှာ အမှတ်သားပြုနိုင်တာပါ။
ဒီချိတ်ဆွဲထားတဲ့ ကိတ်လေးတွေကတော့ တတိယကစားနည်းအတွက်ပါပဲ။ ခပ်လှမ်းလှမ်းတစ်နေရာကနေ လက်ကိုနောက်ပြန်ကာ အ၀တ်စနဲ့ချည်ထားပါမယ့်။ ပြီးတော့ အဲဒီမုန်ရှိရာကို ပြေးပြီး ပါးစပ်နဲ့ပဲ ကုန်အောင်ကိုက်စားရပါတယ် စားပြီးရင် အရင်နေရာကို ပြန်ပြေးရပါတယ်။ အရင်စားနိုင်သူက အနိုင်ရမှာပါ။
အဆင်သင့်အနေအထားမှာ ရှိနေတဲ့ ပြိုင်ပွဲဝင်တို့ရဲ့ ပုံလေးတွေပါ။စတင်ပြိုင်ပွဲဝင် စားသောက်နေတဲ့ ပုံလေးတွေပါ။
ဒီပြိုင်ပွဲအတွက် ပထမဆုရသူကို အတွင်းရေးမှုးဖြစ်သူက ဆုချီးမြင့်နေတဲ့ပုံလေးပါ။
ဒီပုံလေးကတော့ စတုတ္ထကစားနည်းလေးပါ။ သူက ဇွန်းပေါ်ကို သံပုရာသီးကိုတင်ပြီး ဇွန်းကိုကိုက်ပြီး ပန်းတိုင်ပြေးရတာပါ။ မကျအောင်ထိန်းပြီး ပန်းတိုင်ရောက်သူကနိုင်သူပါ။
ဒီပုံလေးကတော့ ဒိန်ချဉ်ဗူးလေးကို တစ်ယောက်တစ်ဗူးကိုင်ထားရပါတယ်။ အဝေးကပြေးလာမယ့် ကိုယ့်ရဲ့ လူကို ခွံ့ကျွေးရပါတယ်။ အရင်ရောက်သူ မြန်မြန်စားနိုင်သူက အနိုင်ရပါတယ်။
စားဖို့အတွက် တော်တော်ဝေးဝေးနေရာကပြေးလာတဲ့ သူတွေရဲ့ ပုံလေးတွေပါ။ဒါကတော့ ခွံ့ကျွေးနေတဲ့ ပုံလေးပါ။
ဒီပုံလေးကတော့ ဒီပြိုင်ပွဲမှာ ပထမရသူကို စာကြည့်တိုက်မှူးက ဆုချီးမြင့်နေတဲ့ ပုံလေးပါပဲ။
ဒီပုံလေးကတော့ ပဉ္စမကစားနည်းပုံလေးပါ။ သူက ပူးစည်ဖေါင်း ထဲကို ရေထည့်ပြီး တစ်ဖက်က ကိုယ့်လူဆီကို ပစ်ပေးရပါတယ် မကျအောင် မကွဲအောင်ဖမ်းရတာပါ။ နောက်ဆုံး မကျအောင် မကွဲအောင် ထိန်းနိုင်ပစ်နိုင်ဖမ်းနိုင်သူက အနိုင်ရပါတယ်။
သူတို့ကစားနေတဲ့ ပုံလေးတွေပါ။ဒီပုံလေးတွေကတော့ လွန်ဆွဲတဲ့ ကစားနည်းကလေးပါပဲ။ ပါမောက္ခချူပ်နဲ့ နည်းပြများ ၀န်ထမ်းများဘက်က တစ်ဖက်ပေါ့။
ကျောင်းသူ/သားများဘက်က တစ်ဖက်ပါ။
စတင် အားပြိုင်နေကြတဲ့ ပုံလေးတွေပါ။ ပထမအချီတော့ ကျောင်းသားများဘက်က နိုင်ပါတယ်။ ဒုတိယအချီပြန်ဆွဲကြတော့ အနိုင်အရှုံးမပေါ်လိုက်ပါဘူး။ လွန်ကြိုးပြတ်ထွက်သွားလို့ နှစ်ဖက်သားများ မှောက်လျက်လဲသွားကြလိုပါ။
(နောက်ပြီး မျက်စိကိုအ၀တ်စည်းကာ ချိတ်ထားတဲ့ အိုးကို ရိုက်ခွဲကစားနည်းလည်းပါပါတယ်။ ဓာတ်ပုံက တင်ဖို အဆင်မပြေတာကြောင့် ချန်ထားခဲ့ပါသည်။)
ဒီပုံလေးကတော့ အားရပါးရ အားပေးတဲ့ ပရိသတ်တွေပါ။ (အထက်ပါကစားနည်းတွေကို စာရေးသူတို့ ရဟန်းများအနေနဲ့ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုကြပါဘူး)
ဒါလေးကတော့ သင်္ဘောသီး ကစားနည်းတစ်ခုပါ။ ဉာဏ်စမ်းကစားနည်းပေါ့ စာရေးသူတို့လည်း ပါဝင်ဉာဏ်စမ်းကြပါတယ်။ သူကစားနည်းက ဒီသင်္ဘောသီးလုံးထဲမှာ သင်္ဘောစေ့ ဘယ်လောက်ပါသလဲဆိုတာ မှန်းခိုင်းတာပါပဲ။ စာရေးသူ စမ်းကြည့်တယ်။ စာရေးသူ ဉာဏ်ကြီးရှင် ဟုတ်မဟုတ်ဆိုတာကိုတော့ အဖြေက သမုတ်သွားပါတယ်။ (အဖြေမှန်အောင် မမှန်းတတ်ပါဘူး။ လွဲပါတယ်။)
ဒီပုံလေးတွေကတော့ အနိုင်ရသူတွေကို ဆုချီးမြှင့်နေတဲ့ပုံလေးတွေပါ။
ဆုပေးပွဲအခမ်းအနားပြီးတော့ တစ်ယောက်ကိုတစ်ယောက် Happy New Year လို့ နှုတ်ဆက်မေတ္တာပို့သရင်း နှုတ်ဆက်စကားဆိုဖြစ်ကြပါတယ်။ ဒီ ပုံလေးတွေကို စာချစ်သူတိုအနေနဲ့ သီရိလင်္ကာနိုင်ငံ၏ ရိုးရာဓလေ့လေးများကိုလည်း အတွေးများရဖို့ လေ့လာသိရှိလိုတာကြောင့်လည်းပါပါတယ်။ နောက်ပြီး စာရေးသူတို့ Sri Lanka International Buddhist Academy (SIBA) မှ ကျောင်းသား/သူများ၊ ပါမောက္ခချူပ်နဲ့ နည်းပြဆရာ/ဆရာများ ၀န်ထမ်းများအားလုံး နွေးထွေးပျော်ရွှင်စွာ တက်ညီလက်ညီ ကျင်းပခဲ့တဲ့ ပျော်ရွှင်စရာပွဲလေးတစ်ခုကို စာရေးသူ၏ အမှတ်တရတစ်ခုအဖြစ် ထင်ကျန်ရစ်နေမယ့် အမှတ်တရလေးတစ်ခုကို မှတ်တမ်းပြုထားလိုတာကြောင့်လည်းပါပါတယ်။ ဒီကစားပွဲလေးကို စာရေးသူ ကိုယ်တိုင်ပါဝင် မြင်တွေ့ခွင့်ရတာကြောင့် ဒီမှတ်တမ်းလေးကို ကြည့်မိတိုင်းလည်း ပြုံးရယ်မိသလို ကြည့်ရှု့ခဲ့စဉ်ကလည်း ပျော်ရွှင်ခဲ့ရပါတယ်။ စာချစ်သူတိုလည်း ဒီပုံရိပ်မှတ်တမ်းလေးများကို ကြည့်ရင်း သူတို့ဆီက ကြည်နှုးမှု့လေးများ တွေးတောစရာလေးများ ထင်ကျန်ဖြစ်ပေါ်လာလိမ့်မယ်လို့ စာရေးသူ ယုံကြည်မိပါတယ်။
နှစ်သစ်မှာ........စာချစ်သူအပေါင်းနဲ့တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ စာရေးသူ ဆုမွန်းကောင်း တောင်းပေးလိုက်ပါတယ်။
(ဥယျာဉ်မှူးလေး)

0 comments:
Post a Comment