သူ့အရပ်နဲ့သူ့ဇာတ်
သူ့အရပ်နဲ့သူ့ဇာတ် ဣန္ဒြိယပစ္စည်း အပိုင်း(၄)
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
ဒီနေရာမှာ ဣနြေ္ဒအပြား(၂၂)ပါးတို့ ဟောကြားပုံ အစီအစဉ်ကို သိထားသင့်ပါသေးတယ် -
(က) ပထမဆုံးအနေနဲ့ သက်ရှိခန္ဓာကိုယ် အတ္တဘောအတွင်းမှာ အကြုံးဝင်တဲ့ (သက်ရှိသတ္တဝါလို့ သိသာစေတဲ့) ဣနြေ္ဒများဖြစ်ကြလို့ စက္ခုစတဲ့ ရုပ်စွမ်းအား ဣနြေ္ဒ(၅)ပါးရယ်၊ မနိနြေ္ဒရယ်ပေါင်း(၆)ပါးကို အဦးဆုံးဟောပါတယ်၊ (အထက်မှာပြောခဲ့တဲ့အတိုင်း အတွင်းအရှိတရား အားလုံးကို ကိုယ်စားပြုတဲ့ ဣနြေ္ဒများဖြစ်လို့ပါပဲ)။
(ခ) အဲဒီနောက်မှာ ယောကျာ်း၊ မိန်းမဆိုတဲ့ အတ္တဘောချင်း ကွဲပြားခြားနားမှုကို သိစေဖို့အတွက် ဣတ္ထိçပုရိသဣနြေ္ဒ(၂)ပါးကိုဟောပါတယ်။
(ဂ) အဲဒီနောက်မှာ အတ္တဘောကြီး ကြာမြင့်စွာသက်ရှည်တည်နေကြောင်းဖြစ်တဲ့ ရုပ်နဲ့နာမ် ဇိဝိတိနြေ္ဒ(၂)ပါးကိုဟောပါတယ်။
(ဃ) အဲဒီနောက်မှာ တည်နေသမျှ တဏှာဥပါဒါန်စတဲ့ ကိလေသာ တရားတွေဖြစ်ပေါ်ကြောင်း ဣနြေ္ဒတွေကို သိစေဖို့အတွက် သုခစတဲ့ ဝေဒနိနြေ္ဒ(၅)ပါးကို ဟောပါတယ်။
(င) အဲဒီနောက်မှာ ကိလေသာတရားတွေ ချုပ်ပျောက်အောင် ပွားစေ များစေရမည့် ဣနြေ္ဒတွေကိုသိဖို့အတွက် သဒ္ဓါစတဲ့ နာမ်စွမ်းအား ဣနြေ္ဒ(၅)ပါး တို့ကိုဟောတော်မူပါတယ်။
(စ) အဲဒီနောက်မှာတော့ အကျင့်ပဋိပတ်အားလျော်စွာ တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်တဲ့ပညာတရားတို့ကိုသိစေဖို့ နောက်ဆုံးမှာ ပညာဣနြေ္ဒ အထူး(၃)ပါးတို့ကို ဟောတော် မူပါတယ်။
-----___-----
ဒီနေရာဟာ သံသရာနဲ့နိဗ္ဗာန်၊ အစွန်းနှစ်ပါးနဲ့ မဇ္ဈိမပဋိပဒါတို့ လမ်းခွဲကြရမှာဖြစ်လို့ အရေးအကြီးဆုံး နေရာ ရောက်နေပါပြီ၊
အကျဉ်းချုပ်ထပ်ပြီးသတိပေးပါဦးမယ်။
ဣနြေ္ဒတွေကိုဟောပုံ အစီအစဉ်ထဲမှာ သက်ရှိခန္ဓာကိုယ် အတ္တဘောရဲ့ အရေးအကြီးဆုံး ဣနြေ္ဒ(၆)ပါးရှိပါတယ်၊ အဲဒီ(၆)ပါးထဲမှာ စက္ခု၊ သောတ၊ ဃာန ၊ ဇိဝှါတို့က ရုပ်ဣနြေ္ဒပါ၊ မနက နာမ်ဣနြေ္ဒပါ၊ သတ္တဝါတို့ရဲ့အခြေခံ ရုပ်နဲ့နာမ်(၂)ပါးဆိုတာလည်း ဒါပါပဲ။
စက္ခု၊ သောတစသည်တို့ဟာ အပြင်မှာရှိတဲ့ အဆင်းအသံစတဲ့ အာရုံတွေကို ယူတတ်တဲ့(ဂေါစရဂ္ဂါဟက)ရုပ်များဖြစ်လို့ “ရုပ်ရဲ့စွမ်း အားများ” လို့သတ်မှတ်ခေါ်ဆို နိုင်ပါတယ်။
မနိနြေ္ဒဆိုတဲ့ စိတ်(နာမ်)မှာလည်း သဒ္ဓါစတဲ့ စွမ်းအား(၅)ပါးရှိပါတယ်၊ ဒီနာမ်စွမ်းအားတွေကတော့ သဗ္ဗညုဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက် လာလို့ ဟောညွှန်ပြသမှသာ သိခွင့် သုံးခွင့်ရကြတာပါ၊ သာသနာပ ကာလကြီး တစ်လျောက်မှာတော့ ပုထုဇဉ်အများစုကြီးက လုံးဝမသုံးသလောက် ပစ်ပယ် ထားခြင်းခံရတဲ့အတွက် နာမ်တရားများနဲ့ သူစိမ်းပြင်ပြင်လို ကင်းကွာနေတာများပါတယ်။
စိတ်(နာမ်)တရားမှာ သူ့ကိုမြှင့်တင်အကျိုးပြုပေးမယ့် နာမ်စွမ်းအားတွေ ကင်းကွာနေတာနှင့်တပြိုင်နက်၊ သံသရာ ခရီးဖော်လည်းဖြစ်၊ အိမ်ရှင်သဖွယ်လည်းဖြစ်တဲ့ အဝိဇ္ဇာတဏှာတို့က အလိုလို ပူးပေါင်း ဝင်ရောက်လာပါတယ်၊ အဲဒီအခါမှာ စိတ်ဟာရိုးရိုးသန့်သန့် စိတ်ကလေး မဖြစ်တော့ဘဲ အဝိဇ္ဇာတဏှာ ဦးစီးပြီး သတိမဲ့ အသိမဲ့တဲ့ စိတ်ဆိုးစိတ်ရိုင်း၊ စိတ်ညစ်မဲကြီးဖြစ်သွားပါတယ်။
စိတ်ရဲ့သဘောက “စိတ်စေစားတယ်” ဆိုတဲ့အတိုင်း လိုချင်တဲ့အာရုံအသစ်တွေကို တိုက်ရိုက် ယူနိုင်တာမဟုတ်ပါဘူး၊ စက္ခု အစရှိတဲ့ ဆိုင်ရာရုပ်စွမ်းအားတွေကို စေခိုင်းပြီး ရယူခံစားတာပါ။ စိတ်မှာ တဏှာလောဘ ယှဉ်တွဲမိပြီဆိုကတည်းက ဒီစိတ်ဟာ “လိုချင်စိတ်” ဖြစ်သွားပါပြီ။ လိုချင်စိတ်နဲ့ ရုပ်စွမ်းအားတွေနဲ့ ပေါင်းမိသွားပြီဆိုရင်တော့ ဒီခန္ဓာကိုယ်ကြီးဟာ စက္ခုစတဲ့ ဣနြေ္ဒတွေရဲ့ ကျေးကျွန်လုံးလုံးဖြစ်သွားပြီး အာရုံငါးပါးကာမဂုဏ်တရားတွေကို မနားမနေရှာပေရော့ပဲ။ ရှာလို့ရတဲ့ အာရုံတွေကို ဝေဒနာက ခံစားမိပြီဆိုတာနဲ့ တစ်ပြိုင်နက် တဏှာဥပါဒါန်စတဲ့ အညစ်အကြေး တွေကလည်း ထူသည်ထက်ထူပြီး ခန္ဓာကြီးတစ်ခုလုံး ဝန်ထုပ်ကြီးဖြစ်သွားရတော့တာပါပဲ။
ဘာရာ ဟဝေ ပဉ္စက္စက္ခန္ဓာ = ခန္ဓာငါးပါးတို့ဟာ ဝန်ထုပ်ကြီးဖြစ်တယ်။
ဘာရ ဟာရောစ ပုဂ္ဂေလော = သတ္တဝါတွေဟာ ခန္ဓာဝန်ထုပ်ကို ထမ်းနေရတယ်။
ဘာရာဒါနံ ဒုခံ ဟောတိ = ဝန်ထုပ်ကို စွဲလန်းထမ်းပိုးထားရတာဟာ ဒုက္ခပဲ။
ဘာရ နိက္ခေပနံ သုခံ = ဝန်ထုပ်ကို ပစ်ချနိုင်မှ ချမ်းသာရမယ်။ (သံ၊၂-၂၂) လို့ ဘုရားရှင်သတိပေး ဆုံးမခဲ့တာဟာဒီလိုခန္ဓာဝန်ထုပ် ကြီးကို သိမြင်တော်မူလို့ပါပဲ။
မြတ်စွာဘုရားရှင်တို့ကသာ သိမြင်တော်မူကြပေမယ့် သာသနာပ ကာလကြီးမှာတော့ ဒီလို ဝန်ထုပ်ကြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို မသိနိုင်ကြပါဘူး။ ဝန်ကို ဘာနဲ့ ထုပ်ထားတယ်ဆိုတာ အမှန်မသိတဲ့အတွက် ဝန်ထုပ်ကို ဖယ်ရှားဖို့ရာ နည်းလမ်းမှန်ကိုလည်း မသိကြပါဘူး။ ဝန်ထုပ်ကြီး ပိနေတာကိုတော့ ကိုယ်တွေ့မျက်မြင်ခံစားနေကြရတာဖြစ်လို့ သိကြပါတယ်။
သူတို့လည်း ဝန်ပိတဲ့ဒဏ် မခံနိုင်ကြတဲ့အတွက် ကိုယ်ဉာဏ်မီသမျှနဲ့ ဝန်ထုပ်ကို ဖယ်ရှားဖိြု့ ကိုးစားကြပါတယ်။ ဖယ်ရှားတဲ့ နည်းကလည်း ဘာမှလေးလေးနက်နက် တွေးကြံနေတာတော့ မဟုတ်ပါဘူး။ အာရုံတွေ ဝင်ခွင့်ပေးထားလို့ ခန္ဓာဝန်လေးရတာဖြစ်တဲ့အတွက် ဒီဝန် ထုပ် ပေါ့သွားအောင် အာရုံ ဝင်ပေါက်တွေအားလုံးကို ပိတ်ဆို့ပစ်တဲ့နည်းပါပဲ။ အထက်မှာ ပြောခဲ့ပြီးဖြစ်တဲ့ ဒွါရအားလုံးကို အသေပိတ်ပြီး ခန္ဓာကိုယ်ကို ညှင်းဆဲတဲ့နည်းပါ။
စဉ်းစားကြည့်ရင်တော့ ဒုက္ခကို ဒီနည်းနဲ့ဖြေရှင်းမှု ကြိုးစားတာဟာ ရယ်အားထက် ငိုအားသန်စရာပါပဲ။ နို့ဆာလို့ ငိုနေတဲ့ကလေးကို “အဆာ” ရပ်အောင်မလုပ်ဘဲ “အစာ” ဖြတ်ပြီး ပါးစပ်ပိတ်ချော့တဲ့ အူလည်လည် မိခင်တစ်ယောက်ရဲ့ လုပ်နည်းမျိုး ခပ်ဆင်ဆင်ပဲ။ အာရုံဝင်ပေါက်တွေ အတင်းပိတ် ထားပေမယ့် အာရုံကို ဆာတတ်တဲ့ တဏှာဥပါဒါန်ကိုရပ်အောင် မလုပ်နိုင်တဲ့အတွက် အစာဖြတ်လေ အငတ်ပြင်းလေ ဆိုတာမျိုး ဖြစ်ကုန်ကြတာပါပဲ။ ဒီအစွန်းကတော့ ထူးထူးခြားခြား လူနည်းစုသာ ကျင့်သုံးတဲ့အစွန်းတရားဖြစ်လို့ လကျာစွန်းကို သတ်မှတ်ခေါ်ဆို ကြပါတယ်။
အဲဒီ အခြေအနေတွေကြားမှာ ဘုရားရှင်ပွင့်တော်မူလာတာပါ။ ဘုရားရှင်က သဗ္ဗညုဘုရား အဖြစ်မရောက်မီ လူဝတ်ကြောင်အဖြစ်နဲ့ အသက် (၂၉)နှစ်သားအထိ နေခဲ့ရာမှာ (၁၆)နှစ်သားအရွယ်ကစပြီး (၂၉)နှစ်အထိ (၁၃)နှစ်တာကာလကြာအောင် ကာမသုခလ္လိကအစွန်းကိုလည်း သူမတူအောင်လျှောက်ခဲ့ဖူးပါတယ်။ နောက်ဆုံးတော့ အိုçနာçသေဆိုတဲ့ အခန်းမှာ အငိုနဲ့ ဇာတ်သိမ်းကြရတာချည်းဖြစ်လို့ အစွန်းရဲ့ ဟိုဘက်ချောက် ကမ်းပါးမကျမီ ဥရုဝေဠတောကို ထွက်လာတာပါ။ အဲဒီမှာလဲ (၆)နှစ်တိတိ အတ္တကိလမထအစွန်းကို လျှောက်ခဲ့တာ နောက်ထပ် အချိန်အနည်းငယ်လောက် ထပ်တိုးလိုက်ရင် မရဏချောက်ထဲ ကျတော့မည့်ဆဲဆဲ တဲတဲကလေးလိုတော့တဲ့ အထိပါပဲ။ ပါရမီရှင်မို့သာ ချောက်ထဲ မကျခင် အချိန်မှီနောက်ပြန်ဆုတ်နိုင်ခဲ့လို့ မဇ္ဈိမလမ်းမပေါ်ရောက်ပြီး သဗ္ဗညုဘုရားရှင်အဖြစ်ရောက်ခဲ့တာပါ။ ဒါကြောင့် အစွန်းနှစ်ပါးကိုရော မဇ္ဈိမပဋိပဒါကိုရော ကိုယ်တွေ့ကိုယ်ကြုံသိပြီးဖြစ်လို့ ဘယ်လမ်းဆုံမှာ ဘယ်လိုလမ်းခွဲရမယ် ဆိုတာကိုလည်း အပြည့်အစုံသိမြင် လမ်းညွှန်တော် မူနိုင်တော်မူတာပါ။
မြတ်စွာဘုရားရှင်တွေ့ရှိခဲ့တဲ့ မဇ္ဈိမလမ်းခွဲဆိုတာကတော့ “အတွင်းအား” ကို သုံးတဲ့နည်း လို့တောင် ဆိုနိုင်လိမ့်မယ်ထင်ပါတယ်။
ဟုတ်ပါတယ်။ အစွန်းလမ်း(၂)ခုတို့က ရုပ်စွမ်းအားတွေကို အခြေခံပြီး သွားနေတဲ့လမ်းတွေပါ။ ရုပ်စွမ်းအားတွေဆိုတာ အပြင်က အာရုံတွေကိုသာ ယူနိုင်တဲ့ စွမ်းအားတွေဖြစ်လို့ “အပြင်အား” များလို့ ဆိုနိုင်ပါတယ်။ အခု မဇ္ဈိမပဋိပဒါလမ်းမှာ အသုံးပြုမှာက သဒ္ဓိနြေ္ဒအစရှိတဲ့ နာမ်စွမ်းအား ဣနြေ္ဒ(၅)ပါးကိုပါ။ နာမ်စွမ်းအားတွေဆိုတာ အတွင်းအဇ္ဈတ္တဖြစ်တဲ့ စိတ်(နာမ်)တရားကိုမှီပြီး ဓမ္မာရုံကိုသာ အာရုံပြုတဲ့ အားတွေဖြစ်လို့ “အတွင်းအား” များလို့ ဆိုရတာပါ။
အတွင်းအား(၅)ပါးတို့က နာမ်တရားကို မြှင့်တင်တည်ဆောက်ပုံကို အသေးစိတ် လေ့လာကြည့်မယ်ဆိုရင် (က) ပထမဆုံး သဒ္ဓါစွမ်းအားက စိတ်ကို ကောင်းရာမှန်ရာဆီရောက်အောင် စည်းရုံးပေးပါတယ်။ “သဒ္ဓါ” ဆိုတာကို မြန်မာလို “ယုံကြည်” တယ်လို့ ပြောလေ့ရှိပါတယ်။ ဒီစကားက လက္ခဏသဒ္ဓါနဲ့ ရသသဒ္ဓါနှစ်မျိုးလုံးကို ပေါင်းပြီးပြောထားတာပါ။
သဒ္ဓါတရားက လက္ခဏာအနေနဲ့ “သဒ္ဓဟနလက္ခဏာ = ယုံခြင်းလက္ခဏာ” ရှိပါတယ်။ ရသခေါ်ကိစ္စအားဖြင့်တော့ “ပသာဒနရသာ = ကြည်ခြင်းကိစ္စရှိပါတယ်။ ယုံတယ်ဆိုတာ ဘုရားအစရှိတဲ့ ရတနာသုံးပါးတို့၊ ကံနဲ့ ကံရဲ့အကျိုးတို့အပေါ်မှာ သံသယမရှိ စိတ်ချလက်ချ ဆုံးဖြတ်လက်ခံမှုကို “ယုံတယ်” လို့ ဆိုတာပါ။
ကြည်တယ်ဆိုတာကတော့ အမှုံအနယ်တွေကင်းသွားတဲ့ရေလို စိတ်အစဉ်မှာ လောဘ ဒေါသစတဲ့ အနယ်အမှုံတွေ ကင်းသွားတဲ့အတွက် ကြည်လင်တဲ့ စိတ်အစဉ်ကလေး ဖြစ်လာတာပါ။ ယုံသဒ္ဓါနဲ့ ကြည်သဒ္ဓါနှစ်ခုပြည့်စုံမှလည်း အင်္ဂါစုံတဲ့သဒ္ဓါအစစ်ဖြစ်နိုင်တာမို့ နှစ်မျိုးလုံးကို ပေါင်းပြီး “ ယုံကြည်တယ်” လို့ သုံးရတာပါ။
“သဒ္ဓါအင်္ဂါစုံတယ်” ဆိုတဲ့ စကားကို အလေးအနက် သတိထားစေချင်ပါတယ်။ မဇ္ဈိမလမ်းခွဲမှာ အလွန်အရေးကြီးတဲ့လမ်းညွှန် စကားတစ်ရပ်ဖြစ်လို့ပါ။ ယုံတာနဲ့ကြည်တာ နှစ်ခုစုံမှ အင်္ဂါစုံတဲ့ သဒ္ဓါဖြစ်ပါတယ်။ အများယုံလို့ လိုက်ယုံပြီး နောက်ဆက်တွဲမှာ စိတ်ရှုပ်စရာ၊ စိတ်ညစ်စရာ၊ သံသယ ဖြစ်စရာတွေ နဲ့ ကြုံရပြီဆိုရင် ဒီသဒ္ဓါဟာ ယုံကြည်တဲ့ သဒ္ဓါမဖြစ်တော့ဘဲ ယုံမှားတဲ့ သဒ္ဓါတုကြီး ဖြစ်နေပါလိမ့်မယ်။
အရင်ကပြောခဲ့တဲ့ သီရိဓမ္မာသောကမင်းကြီးရဲ့ အဖြစ်အပျက်ထဲမှာ မိရိုးဖလာဂိုဏ်းဝင်တွေကို အစဉ်အလာမပျက် ယုံနေရပေမယ့် မကြည်နိုင်ဘဲ ဖြစ်နေရပုံကို ပြန်တွေးကြည့်ရင် သဘောပေါက်လို့ရပါတယ်။ ဒါကို အထူး သတိပြုရပါလိမ့်မယ်။
(ခ) သဒ္ဓါတရားက စည်းရုံးပေးထားတဲ့ စိတ်ဓာတ်တွေကို ဝီရိယစွမ်းအားက အကောင် အထည် ဖော်လုပ်ဆောင်ပါတယ်။
ဆက်လက်ဖေါ်ပြပေးသွားပါမည်။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်

0 comments:
Post a Comment