* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 6, 2011

ထိုင်းနိုင်ငံ မှ ရဟန္တာ Luangta Maha Boowa






ထိုင်းပြည်သူတွေအတွက်ရွှေချောင်းတွေကတော့ သီလ၊ဘာဝနာ၊စရဏ စွမ်းအား နဲ့ ဆွဲယူရရှိထားပြီး ပြန်လည် မပေးလှူခင်မှာ....(စွဲသူ နဲ့ စွန့်သူ)
ထိုင်းတွေကLuangta Maha Boowa လို့တလေးတစားခေါ်ဝေါ်တဲ့ အာဂျန်မဟာဘူးဝါး ရဲ့ မွေးရပ်ဇာတိ ၊ အီဆန် ဒေသ မှာ တာဝန်ထမ်းဆောင် ဘို့ ကျွန်မ ရောက်ရှိလာခဲ့ချိန် ဟာ သက်တော် ၉၈ နှစ်ရှိပြီဖြစ်တဲ့ ဆရာတော် ဘုရားကြီးပျံလွန်တော်မူ တဲ့ရက်နဲ့ တိုက်ဆိုင်လှစွာ တစ်ရက်တည်း ဖြစ်ခဲ့ရ ပါတယ်..။ သက်ရှိထင်ရှား ဖူးတွေ့လို လှ သော်လည်း ကုသိုလ် ကြမ္မာ မမှီပါခဲ့ ပါပကော။

လူအများ သိကြတဲ့ ထိုင်းဘုန်းတော်ကြီး အာဂျန်ချား နဲ့ ထိုင်းမှာ ရဟန္တာလို့နာမည် ကြော်ကြားတဲ့ အာဂျန် မဟာဘူးဝါး တို့ ရဲ့ မွေးရပ်မြေ အီဆန်၊Isan ဆိုတဲ့ဒေသ ဟာ ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ဘက် မှာ လာအိုနိုင်ငံ ရဲ့ နယ်စပ်မှာ တည်ရှိပါ တယ်..။ လာအိုနိုင်ငံ နဲ့ မဲခေါင် ဖြစ်အားဖြင့် နယ်စပ်မှာ ပိုင်း ခြားထားတဲ့ မဲခေါင် မြစ်ဝှမ်း ဒေသလည်း ဖြစ်ပါ တယ်..။အဲဒီဒေသ က ထိုင်းတွေ ကတော့ မဲခေါင်မြစ်နဲ့ မြစ်ဝှမ်း၊ အီဆန်ဒေသ ဟာ နဂါးတို့ ရဲ့ နေအိမ် ဖြစ်တယ် လို့ ယုံကြည် ကြပါတယ်..။

ကျွန်မ မှာ ရောက်ခါစ သွားရောက် လည်ပတ်ခဲ့တဲ့ ကျွန်မ တို့ကျောင်းနားက ဘုန်းကြီးကျောင်း ကိုရောက်သွား တော့ ၊မောက်မောက်ကြွားကြွား ဦးခေါင်းခုနှစ်လုံး ပါရှိ ပြီး စိမ်းလဲ့လဲ့ ကိုယ်ထည် ရှိတဲ့ နဂါးကြီး နှစ်ကောင် ခြံရံထားတဲ့ မုခ်ဦး အဝင်ဝဟာ ထူးဆန်းတဲ့ ခံစားချက် ဖြစ်စေခဲ့ရပါတယ်..။

အီဆန်ဒေသ သားတွေဖြစ်ကြတဲ့ အာဂျန်ချား(၁၉၁၈-၁၉၉၂) နဲ့ အာဂျန်မဟာဘူးဝါး(၁၉၁၃-၂၀၁၁) တို့ ဟာ လေး နှစ် စီခွာပြီး မွေးဖွားကြပါတယ်။ ထိုင်း Thai Forest Tradition လို့ခေါ်တဲ့တောရ ဆောက် တည်ကြတဲ့ ဘုန်းကြီး တွေ ရဲ့ အဝန်းအဝိုင်းမှာ ကျင့်ကြံ အားထုတ်ကြတဲ့ ဆရာတူ တပည့်နှစ်ဦး ဖြစ်ပါတယ်..။ ဆရာကတော့ Ajahn Mun Bhuridatta အာဂျန်မွန်း ဆိုတဲ့ ၁၉၄၉ ခုနှစ် မှာ ပျံလွန်တော်မူသွားတဲ့ ထိုင်း ရဟန္တာ ဆရာတော် ဖြစ်ပါတယ်။

ဒီနည်း နဲ့ ဒီ ထိုင်းဘုန်းကြီးကျောင်းများ ကို အမှီပြုပြီး ရဟန်း ဘဝ ရောက်ခဲ့ တဲ့ မြန်မာနိုင် ငံမှ Geology ဘွဲ့ ရ ဘုန်းဘုန်းအာဂျန်ဥတ္တမော(ယခုသီရိလင်္ကာ) ပြောပြပုံအရတော့ မြန်မာနိုင်ငံမှ ဝေဘူ ဆရာတော်ဘုရားကြီး ရဲ့ အားထုတ်နည်းနဲ့တူပါတယ်တဲ့..။ ဆရာတော် အာဂျန်ချားကတော့ တရားအားထုတ်နည်းကို ဥရောပနဲ့ အနောက် နိုင်ငံများ မှာ ပြန့်ပွားအောင် ဆောင်ရွက်နိုင် သလို ဘုန်းကြီးကျောင်း များစွာကိုလည်း တည်ထောင်နိုင်ခဲ့ပါတယ်..။

အာဂျန် မဟာဘူးဝါးကိုတော့ http://www.forestdhammabooks.com/ တွင်များစွာသော ထေရ ဝါဒ တရားဓမ္မ စာအုပ်များ ကိုရေးသား ခဲ့လေသော စာရေးဆရာဘုန်းကြီး ဖြစ်သာ ကျွန်မ အရင်က တော့ ကြည်ညို ခဲ့တာပါ..။ အခု ထိုင်းနိုင်ငံ ကိုရောက်ရှိနေထိုင်မိကာမှ ဆရာတော် အာဂျန် မဟာဘူ ဝါး ရဲ့ တန်ခိုးရှိန်စော် ကို ထိသိခံစားရပါတယ်..။

ထိုင်းနိုင်ငံ တစ်ဝှမ်း လုံး ၀မ်းနည်း ပူဆွေးကြပါတယ်..။TV ကနေ လိုင်းတစ်ခု ပေးထားပြီး ဂုဏ်ပြု ပူဇော် ထုတ်လွှင့် နေခဲ့ တာမို့ သည်စာကိုရေးဘို့ ကျွန်မ က အဲဒီလိုင်းကို ဖွင့်ထားလိုက်ပါတယ်..။

ဒီနေ့ ည ဝတ်ပြုပွဲမှာ ဦးဆောင် ပူဇော်တဲ့ ဆရာတော်က ကျွန်မ အရင်ပိုစ့်မှာရေးသားခဲ့ဘူးတဲ့ ကျွန်မတို့ ကျောင်းက Faculty of Pharmacy မှာ ပရိတ်လာရွတ်ပေးတဲ့ဆရာတော် ဖြစ်နေလို့ ကျွန် ဝမ်းသာ အားရ ကန်တော့မိပါတယ်..။

ကျွန်မရဲ့တက္ကသိုလ်ကတော့ ဘာသာရေးအဓိက ဦးစားပေးလေတော့ ဆရာတော်ဘုရားကိုပူဇော်ရန် ပို့ဆောင် ပေး ပါတယ်။ ပူဇော်ကြသူတွေများတာမို့ ညဘက်တွင်အေးအေးဆေးဆေး ဝတ်ပြုပူ ဇော်ကြနိုင်ကြဘို့ ၂၀.၂.၂၀၁၁ ညနေမှာ ကားသုံးစီး ဖြင့်သွား ရောက်ပူဇော် ခဲ့ပါတယ်..။

အမှန်တကယ်ပဲ ရိုးစင်း လှတဲ့ တောရကျောင်းလေးပါ..။ ထူထပ်နေတဲ့တောအုပ်ထဲမှာ သဘာဝ သစ်ရိုင်းတွေနဲ့ ခပ်ကြမ်းကြမ်း ဆောက်လုပ်ထားတဲ့ ဘုန်းကြီး ကျောင်း ဖြစ်နေတာ တွေ့ရပါ တယ်..။တောကြက်လေး တွေ ကအိပ်တန်းတက်လို့။ သစ်ပင်တွေ အောက်မှာ ပဲ တရားနာခဲ့ပါတယ်..။

အဲဒီနေ့ က မင်းသမီး ချူလာဘွန်းပါ လာရောက်ဝတ်ပြုခဲ့ပါတယ်..။ ဆရာတော်ဘုရားဟာ ၁၉၉၇ ခုနှစ် လောက်က ထိုင်း နိုင်ငံ မှာစီးပွားရေးအကြပ်အတည်းဖြစ်စဉ် တုံး က အလှူငွေ ရရှိအောင် ၁၄ နှစ်တာ စီမံကိန်းနဲ့ ဦးဆောင်အလှူခံပေးခဲ့ပါတယ်..။ ရွှေချောင်း တန်ချိန် ၁၂-တန် နှင့် အမေရိကန် ဒေါ်လာ ၁၀ သန်းကျော် ရရှိပြီး လိုအပ်တဲ့အခါ နိုင်ငံတော် ရံပုံငွေ အဖြစ် တိုင်းသူပြည်သား များအ တွက် သုံးစွဲရန် ဘဏ်များ မှာ အပ်နှံထား ခဲ့ပါတယ်..။

ထိုင်းဘုရင် နဲ့ မိဘုရားက အခါအားလျော်စွာ လာရောက် ဖူးမျှော်သြဝါဒခံယူလေ့ရှိ ခဲ့ပါတယ်။ သမီးတော် ချူလာဘွန် ကတော့ တောရကျောင်း အစပ် ကလေး မှာ အိမ်တော် ဆောက်ပြီး တရားအား ထုတ်ခဲ့ပါတယ်..။ ဆရာတော် ဘုရားရဲ့ မေတ္တာရိပ်က သမီးလို့ တောင် ထိုင်းပြည်သူတွေက တင်စား ကြပါတယ်..။

ဖူးမျှော် သူများ ကို အခမဲ့ ကျွေးမွေး လှူဒါန်းတဲ့ နေရာတွေက တော့ ကျွန်မတို့ ပွဲဈေးတန်းတွေက ဆိုင်ခန်းတွေလို အခြေချ နေထိုင်လှူဒါန်း နေခဲ့ကြပါတယ်..။ အလှူခံပုံးတွေက တော့မီးခံသေတ္တာ အလတ်စားတွေချထားတာပါ။ ဘဏ် အသီးသီး ကလည်း ATM Machine များစွာ စီမံ ပေးထားကြပါ တယ်..။

ဒီနေ့ ညကတော့ ဆရာတော်ဘုရား ရဲ့ ရုပ်ကလာပ် အဖြစ်နောက်ဆုံး ညပါပဲ..။ မနက်ဖြန်ဆိုရင် မီးသဂြုင်္ီလ် ပါတော့မယ်။ ဆရာဝန်နဲ့ သူနာပြုဆရာ၊ဆရာမ ၅၀၀ကျော် ရောက်ရှိနေခဲ့ပါပြီ။ ရွှေ့ပြောင်းဆေးခန်း အငယ်စား လေးတွေကတော့ ၁၀၀ကျော်ရှိပါတယ်..။လူနာတင်ယာဉ် အစီး ၂၀ နဲ့ ရဟတ်ယာဉ် ၃စီးက လာရောက်ပူဇော်ကြသူ ငါးသိန်းကျော် ကိုစောင့်ရှောက် ပေးနေပါတယ်..။

ဆရာတော် ဘုရားရဲ့ ရုပ်ကလာပ် ကို တော့ စံကျောင်း နေရာကနေ မီးသဂြိုလ် မဲ့ နေရာမှာ ယာယီစံကျောင်း သို့ ရွှေ့ထားကာနှင်းဆီအဖြူ တွေ ဖွေးဖွေးလှုပ် နေအောင် ခြံရံထားပါတယ်..။

ဟင်းလင်း ပြင်ဖြစ်နေတဲ့ တောင်ကုန်းလေး ပေါ်မှာ စီစဉ်ထားတာမို့ ကောင်းကင် ကေဘယ်ကြိုးတွေနဲ့ ထီး အကြီးကြီးကို ချိတ်ဆွဲ အုပ်မိုးနေစေတာ တစ်ခမ်းတစ်နားပါပဲ..။

ထိုင်းနိုင်ငံ Public Health ဒုတိယ ဝန်ကြီး ကတော့ လေ့ကျင့်ပေးထားတဲ့ ထမင်းချက် အယောက် ၁၀၀၀ ကို ဘုန်းကြီး ကျောင်းဆွမ်းချက်ဆောင်မှာ ချက်ပြုတ်စေပြီး သန့်ရှင်းရေး၊ ဘေးကင်းရေးနဲ့ သန့်စင်တဲ့ သောက်သုံးရေ ရရှိရေး တို့ကို စီမံပေးထားပါတယ်..။

"Luangta Wat Ban Tad's Compilation of Anecdotes and Observations".ဆိုတဲ့ ဆရာတော် ရဲ့ အတွေ့အကြုံ များကို စုစည်းရေးသားထားတဲ့ စာအုပ်များ စီဒီများ၊ ရုပ်ပုံတော်များ လှူဒါန်းနေတာ ကတော့ မရည်မတွက် နိုင်အောင်ပါ..။

ဆရာတော်ဘုရားကြီး ရဲ့ ပျံလွန်တော်မူခဲ့တဲ့ နေ့ရက်မှသည် မတ်လ ၁ရက်နေ့အထိ လာရောက် လှူဒါန်းကြတာ တွေကတော့ ထိုင်းဘတ်ငွေ ၂၆၈ သန်းကျော် နဲ့ ရွှေ ၅၅-ကီလို ဂရမ် ရရှိနေခဲ့ပါပြီ..။

ဆရာတော် ဘုရား က ထိုင်းနိုင်ငံတွင်မကဘူး ကမ္ဘာ့ Buddhist Community မှာပါ နာမည် ကျော်ကြား လေးစား ရိုသေ သူတွေများလှပါတယ်..။ ၁၉၃၄ မှာ ရဟန်း အဖြစ်ခံယူခဲ့ ပြီး ၁၆နှစ် တာအားထုတ်ပြီး ချိန်မှာ ရဟန္တာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်..။

မနက်ဖြန် (၅.၃.၂၀၁၁ ) မှာ မီးသဂြိုလ်ပါတော့မယ်..။ ဓာတ်တော်များကြွင်းကျန်လိမ့်မယ်ဆိုတာ အားလုံးကစောင့်မျှော်နေပါပြီ..။

မြတ်ဗုဒ္ဓ ရဲ့ အဘိုးတန် သားတော် တစ်ပါးရဲ့ ဘဝ ခရီး မှာ ကိုယ်တိုင်လည်း ကျင့်ကြံအားထုတ် လို့ ပန်းတိုင် ရောက်စေခဲ့သလို အများ အတွက်လည်း ငြိမ်းချမ်း အေးမြတဲ့ အရိပ်ကို အရှည် တည်တန့်အောင် ချန်ထားပေးခဲ့ကြပါတယ်..။

တောရဆောက်တည် ပြီး ဒါန၊သီလ၊ ဘာဝနာ ဆိုတဲ့ ကုသိုလ် ဖြစ်စေတဲ့ အလုပ် သုံးမျိုး ကို ကျင့်ကြံ ကြိုး ကုတ် အားထုတ်ခဲ့လျှင် လောကီရေးရာ ကော လောကုတ္တရာရေးရာ ပါပြည့်စုံ နိုင်ပါကြောင်း ဆရာတော်ဘုရား ကသက်သေ ပြနေပါတော့တယ်..။

ကျွန်မ တို့ ရဲ့ Buddhist Community တွင် သူတော်စင်များစွာ ထွက်ပေါ်ပြီး လောကကို စောင့်ရှောက် နိုင်ကြပါစေ ကြောင်း ၊ ဆုတောင်းမိ ရင်း တီဗီမှ ဆရာတော်ဘုရား ရဲ့ ရုပ်ကလာပ်တော် ကို ရိုသေစွာ ဦးညွှတ် ကန်တော့မိပါတော့ တယ်။

စာကြွင်း---ဓာတ်ပုံများ ၊မှတ်စုများပေးပို့ပေးပါသော ၊ ကျွန်မ ရဲ့မောင်လေး ဒေါက်တာ ထွန်းလင်းမိုး ( Cornell University ) ကို ကျေးဇူးတင်ရှိပါတယ်..။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP