* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 6, 2011

ဒါနပ်က္စီးမႈ

အရွင္ဘုရား-

သီလဆောက်တည်ပြီး သီလကို ကောင်းကောင်းမွန်မွန် မထိန်းနိုင်ဘဲ သီလပျက်လျှင် အပြစ်ရှိသလို ဒါန ပြုလုပ်ရာကလည်း ဒါနပျက်စီးလျှင် အပြစ်ရှိပါသလား။ လူတို့သည် သီလခံယူပြီး သီလ မပျက်အောင် ထိန်းသိမ်းသလို ဒါနပြုပြီး ဒါနမပျက်စီးအောင် ထိန်းသိမ်းသင့်ကြောင်း ဆရာတော်များက ဟောပြောမှု မရှိပါသဖြင့် ဒါနပြုပြီး ပေါ့ပေါ့ဆဆ နေကြသူများ ရှိပါသည်။

ထို့ကြောင့် သီလကို မပျက်အောင် ထိန်းသိမ်းရသလို ဒါနကို လည်း မပျက်အောင် မည်ကဲ့သို့ ထိန်းသိမ်းရမည်။ ပျက်လျှင် မည်မျှ လောက် အပြစ်ရှိသည် ဆိုသည်ကို သိလိုပါသည်။ ဖြေကြား ပေးတော်မူပါ ဘုရား။

မောင်ခိုင်ဝင်း၊ သန်လျင်။

သီလခံယူပြီးလျှင် သီလကို မပျက်စီးအောင် ထိန်းသိမ်းရ သကဲ့သို့ပင် ဒါနပြုရာကလည်း ဒါနကို မပျက်စီးအောင် ထိန်းသိမ်းဖို့ လိုပါသည်။ သီလက ပါဏာတိပါတာ-သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ဟု သမာဒိယာမိဆို၍ ဆောက်တည် ထားရာမှ သူတစ်ပါးအသက်ကို သတ်မိသွားလျှင် သီလပျက်သွားသကဲ့သို့ ဒါနတွင် သမာဒိယာမိဆို၍ ဆောက်တည် ထားမှုမျိုးမရှိ၊ ပေးလှူထားသော ပစ္စည်းမှာလည်း အလှူခံပုဂ္ဂိုလ်လက်ထဲတွင်ရှိရာ မည်ကဲ့သို့ ဒါနပျက်မှုမျိုး ဖြစ်နိုင်ပါ သနည်းဟု မေးမြန်းဖွယ်ရာ ရှိပါသည်။

သီလပျက်မှုမှာ အလွန်သိသာ၍ ဒါနပျက်မှုမှာ သိသာနိုင်သောကိစ္စ မဟုတ်၍ ပြသနာတစ်ရပ်သဖွယ် ဖြစ်နေပါသည်။ သီလ ခံယူရာက ကာယကံ၊ ၀စီကံတို့ဖြင့် ခံယူခြင်း၊ ဆောက်တည်ခြင်း ပြုရသကဲ့သို့ ဒါနကိုမူ ကာယကံ၊ ၀စီကံတို့သာမက မနောကံဖြင့် ထိန်းသိမ်းမှုပါ အရေးကြီးပေသည်။ ဒါနတွင် စေတနာသည် အရေးကြီးလှ၏။ ဒါန မပြုမီကပင် ပုဗ္ဗစေတနာက ရှေ့သွားပြုပေးရပြီး လှူဒါန်းမှု မုဉ္စစေတနာ၊ လှူဒါန်း ပြီးနောက် အပရစေတနာတို့ကလည်း အရေးကြီးသောနေရာမှ ပါဝင်လာပေသည်။

သီလပျက်ရာက ခံယူပြီးနောက် စောင့်ရှောက်ထိန်းသိမ်းမှု အရေးကြီး၍ စောင့်ရှောက်မှု ဖောက်ပြန်ချို့ယွင်းခြင်းကြောင့် သီလပျက် ရမှု၊ ရှင်းရှင်းဆိုရလျှင် စောင့်ရှောက်ပြီးမှသာ ပျက်စီးမှု ဖြစ်လာနိုင်သော်လည်း ဒါနကိစ္စတွင်မူ ပုဗ္ဗ၊ မုဉ္စနှင့် အပရ စေတနာ သုံးချက်လုံးမှပင် ပျက်စီးမှု ရှိနိုင်ပေသည်။

မလှူမီ ရှေ့အဖို့က ပျက်စီးခြင်း၊ လှူဆဲမှာပင် ပျက်စီးခြင်း၊ လှူပြီးနောက် ပျက်စီးခြင်းများ ဖြစ်တတ်၍ ထိုစေတနာသုံးချက်လုံးမှာပင် ပျက်စီးမှုကြောင့် အပြစ်ရှိမှုများလည်း တွဲဖက် ဖြစ်ပေါ်လာနိုင်ပေသည်။

ဤသို့ စေတနာသုံးချက်မှ တစ်ချက်ချက် ပျက်စီးခဲ့သဖြင့် ဖြစ်ပေါ်လာသောအပြစ်တို့မှာ ဒါနအကျိုးပေးရာ ကာလကသာ ထင်ရှား သဖြင့် သီလပျက်သကဲ့သို့ ချက်ချင်း သိသာနိုင်ဟု ဆိုသင့်ပါသည်။

ဤအကြောင်းကို ဇာတ်ဝတ်္ထုများဖြင့်သာ ဆရာတော် သံဃာ တော်များက တင်ပြ ဟောပြောလေ့ ရှိကြပေသည်။

မလှူမီက ပုဗ္ဗစေတနာပျက်လျှင် ငယ်ရွယ်စဉ်ကပင် အကျိုးပေး ချို့ယွင်းတတ်ပုံ၊ အပရစေတနာပျက်လျှင် အိုမင်းသောအခါ ဆင်းဆင်းရဲရဲဖြစ်ပုံ၊ မုဉ္စ စေတနာ ပျက်ကွက်ပါမူ အင်္ဂါချို့တဲ့ခြင်း ဖြစ်တတ်ပုံတို့ကို ဇာတ်တော် နိပါတ်တော် များမှာ ထင်ရှားလေသည်။

ပုဗ္ဗစေတနာပျက်စီးပုံမှာ-

အမျိုးသမီးတစ်ဦးသည် အိမ်နံရံကို ရွှံ့စေးများ လိမ်းကျံနေစဉ် ပစ္စေကဗုဒ္ဓ တစ်ပါးကလည်း ကျောင်းနံရံတွင် ရွံ့စေးလိမ်းကျံလို၍ လာရောက်အလှူခံရာ အမျိုးသမီးက ရွှံ့စေးကို မလှူလို၍ အလှူခံသော ပစ္စေကဗုဒ္ဓ အရှင်မြတ်အား မျက်စောင်းထိုး၍ ကိုယ်တော်နှယ် တွေ့ရာအလှူခံတာပဲ၊ ရွှံ့စေးကို ဘာလုပ်ဖို့ အလှူခံ နေပါလိမ့်ဟု ကဲ့ရဲ့စကားဆိုမိပြီး ။ သြော် ... လိုအပ်လို့ အလှူခံတာ ဖြစ်မှာပေါ့လေဟု တွေးမိပြီး ရွှံ့စေးကို ပစ္စေကဗုဒ္ဓ အရှင်အား လှူဒါန်းလိုက်ကြောင်း၊ ထို့ကြောင့် နောင်ဘ၀တွင် မျက်စိစွေစောင်းခြင်း၊ အရုပ်ဆိုးခြင်း စသော အကျိုးမဲ့မှု ဖြစ်လာပြီး ရွှံ့စေးအလှူကြောင့် ကိုယ်အတွေ့ ကောင်းသော အကျိုးရသောဝတ္ထု (ပဉ္စပါပီဝတ္ထု)ဖြင့် ပုဗ္ဗစေတနာပျက်၍ အပြစ်ရပုံကို ဖော်ပြလေသည်။

အပရစေတနာပျက်မှုကိုမူ-

ပဒုမဒေ၀ီဝတ္ထုတွင် စည်းစိမ်ရှင် မိဖုရားကြီးဘ၀မှ ပျက်စီးရပုံ ကို ဖော်ပြ၍၊ မုဉ္စစေတနာပျက်ယွင်းမှု အတွက်မူ ကိုယ်အင်္ဂါချို့တဲ့ခြင်း အပြစ်တို့ကို ရတတ်ကြောင်း ဆိုပေသည်။

ဤအကြောင်းကို အကျယ်တ၀င့် မဖော်ပြတော့ဘဲ မဃဒေ၀ လင်္ကာလာ လင်္ကာတစ်ပိုဒ်ကို ထုတ်နုတ်ဖော်ပြ၍ သိစေလိုပေသည်။

မဃဒေ၀လင်္ကာ ပုဒ်(၂၈၅)တွင်

“ဒါနဟူသည်၊ ပြုအံ့ရည်သော်၊ မူနည်ရုပ်မြတ်၊ မမှတ်အညီ၊ လာရောက်ပြီတိုင်း၊ ဒုသီသုသီ၊ အလဇ္ဖီက၊ လဇ္ဇမကြွင်း၊ မချန်ခြွင်းဘဲ၊ ၀မ်းတွင်းခိုင်ကျည်၊ သူမည်မည်၌၊ မလည်မသုန်၊ သဒ္ဓါဟုန်ဖြင့်၊ မတုန် မလှုပ်၊ ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့်။

လှူထွေရှေးဖို့၊ ဉာဏ်မဲ့ချို့၍၊ တွန့်တိုတုံက၊ ပထမရွယ်၊ နောင် ခါဝယ်က၊ နွမ်းနယ်ချမ်းသာ၊ ဆိုးရုပ်ဝါနှင့်၊ မဟာကုသ၊ ပဉ္စပါပီ၊ မဟေသီသို့၊ ယက်္ခီယက္ခ၊ သူတမျှဖြင့်၊ ရူပလက္ခဏာ၊ ပျက်တတ်စွာ၏။

ဤတွင် ဘုရားလောင်း ကုသမင်းသည် မလှူမီ ပုဗ္ဗစေတနာ ပျက်ကွက်မိ၍ ပညာရှိသော်လည်း ဘီလူးတမျှ အရုပ်ဆိုးရကြောင်း ဖော်ပြထားလေသည်။

ထို့အတူ ပဉ္စပါပီ အရုပ်ဆိုးရသည်မှာလည်း ပုဗ္ဗစေတနာ ပျက်စီးမှုကြောင့် ဖြစ်ကြောင်း ဆိုလိုပေသည်။ နောက်မှတွန့်ငြား၊ သားသမီးမဲ့၊ ချို့တဲ့ယွင်းယို၊ ထန်းငုတ်တိုသို့၊ အိုခါဒုက္ခ၊ ရသည်ဆင်းရဲ၊ တိမ်းလွှဲစည်းစိမ်၊ ဂုဏ်သိန်နိမ့်ကျ၊ ဖြစ်တတ်ကြ၏။ ပဒုမ၀တီ၊ ဒေ၀ီနေမြတ်၊ သန္ဓေနတ်နှင့်၊ ပညတ်မည်ထုတ်၊ အပုတ္တက၊ သူဌေးစသည်၊ ထိုမျှဝတ္ထု၊ အစုစုကို၊ မျှော်ရှု့နှိုင်းဆ၊ ထောက်အပ်စွရှင့်။

အပုတ္တက သူဌေး ဟူသည် မြတ်စွာဘုရား လက်ထက်က ထင်ရှား၏။ ဥစ္စာကုဋေလေးဆယ်မျှ ချမ်းသာသော်လည်း မုဉ္စစေတနာ တွန့်တိုခဲ့၍ အပုတ္တကသူဌေးသည်၊ သူဌေးဘ၀တွင် သားသမီး မရဘဲ ၀တ်စားမှုကလည်း နှမြောလွန်းလှ၍ ဆန်ကွဲထမင်း၊ ပုံးရည် ဟင်းသာစားပုံ၊ အ၀တ်ကြမ်း၊ အ၀တ်စုတ်သာ ၀တ်ရပုံတို့ကို ဖော်ပြထား၏။

မုဉ္စအခါ၊ တွန့်တိုပါသော်၊ အင်္ဂါချို့တဲ့၊ ဂုဏ်မဲ့မျိုးနွယ်၊ မတင့်တယ်ဘဲ၊ ငယ်၏တန်ခိုး၊ မပြည့်ဖြိုးသည်၊ ညှိုးနွမ်း ရော်ရမည်ကိုကား...။

လှူဆဲ မုဉ္စအခါ တွန့်တိုသူတို့မှာ မွေးကတည်းက လက်ခြေ အင်္ဂါ ချို့တဲ့စွာနှင့် မတင့်တယ် ဖြစ်ကြရကြောင်း ဆိုသည်။

ထို့ကြောင့် ဒါနစေတနာက စေတနာသုံးချက် တစ်ချက်ချက် ပျက်စီးလျှင် အကျိုးပေးပုံကို တင်ပြသည်။ စေတနာသုံးချက်လုံး ပျက်စီးလျှင်ကား အရွယ်သုံးပါးမှာပင် ဆိုးဆိုးဝါးဝါးဖြစ်တတ်ပုံကို မျှော်ထောက်၍ “ထိန်းအုပ်မစ္ဆေ၊ မတွန့်စေနှင့်” ဆိုသကဲ့သို့ ဒါန၏ ဆန့်ကျင်ဘက် မစေရေမစွက်မိအောင် သတိဆောင်သင့်ကြပေသည်။

မြတ်သတိဝါဒီမဂ္ဂဇင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP