* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, March 6, 2011

Child Thought - ကေလးအေတြး

(. . . မှ အဆက်)


မောင်ဌေးလွင်ကလေးသည် (ရွှန်းစိုတင်ထွား ပွင့်ကားဖို့ရန် နံနက်ခင်း နေမင်းရောင်ခြည်ကို စောင့်မျှော်နေသော ပဒုမ္မာကြာငုံပမာ) ဆရာသမားတည်းဟူသော အလင်းရောင်ပေးမှုကို ရလိုက်သောအခါ နေ့ချင်းညချင်းလို အသိဉာဏ်များ ပွင့်ကား ကျယ်ဝန်းလာတော့သည်။ မကျယ်ဝန်း၍ နေနိုင်ပါမည်လော။ သင်ကြားနာယူ နေရသော စာပေတို့က အခြေခံ သင်ပုန်းကြီးမှ စ၍ မင်္ဂလသုတ်၊ နမက္ကာရ၊ လောကနီတိ စသည်ဖြင့် တစ်ဆင့်ထက်တစ်ဆင့် မြင့်မြင့်လာရာက ပိဋကတ်လှေကား သဒ္ဒါကြီးများကိုပင် သင်ယူနေရပြီ မဟုတ်တုံလော။ ထို့ကြောင့်ပင် သဒ္ဒါကြီး ပြယုဂ်များတွင် “ဗုဒ္ဓေါ - ဘုရား၊ ဓမ္မော - တရား၊ သံဃော - သံဃာ”ဟု ရတနာ သုံးပါးနှင့်စပ်သော စကားလုံးတို့ကို တွေ့ရသောအခါ စကားပီစ အရွယ်တုန်းက အဘိုးအဘွားတို့က သြကာသမှ စ၍ ဣတိပိ သော ဘဂ၀ါ - တို့ကို နှုတ်တိုက် ချပေးပြီးလျှင် ပုံပြင်လို ပြောပြခဲ့သော ဘုရားအကြောင်းအရာတို့ကိုပါ ဆက်စပ်တွေးမိလာ၏။

"ဘုရားလောင်း ဘွဲ့တော်က သိဒ္ဓတ္ထတဲ့၊ ခမည်းတော်က သုဒ္ဓေါဒနတဲ့၊ မယ်တော်က မဟာမာယာတဲ့၊ သူတို့တစ်တွေဟာ ရွှေဘိုသားတွေလား၊ မုံရွာသားတွေလား၊ ဒါမှမဟုတ် မန္တလေးသားတွေလား" ၀ိုးတ၀ါး တွေးမိလာပြန်သည်။

မောင်ဌေးလွင်ကလေးသည် သူ့မှာရှိသော ဉာဏ်ကလေးဖြင့် သူ လက်လှမ်းမီသလောက် လွတ်လွတ်လပ်လပ် တွေးတောနေတော့၏၊ တစ်ခါတွင်လည်း ကျောင်းမှ ဆရာတော်ကြီးက သင်ပေးလိုက်သော စာတို့ကို အိမ်မှာ အံရင်း ကျက်ရင်းက အိမ်ရှေ့ဘက်မှာရှိသော မန်ကျည်းပင်ကြီးဆီသို့ မျက်လုံးရောက်သွားမိ၏၊ အတွေး ရေအလျဉ်လည်း တစ်ပါတည်း ပါလာသည်။

"ဒီ မန်ကျည်းပင်ကြီးဟာ အကိုင်းတွေထွက်၊ အရွက်တွေပေါက်၊ အညွန့်တွေဝေလာ၊ အသီးတွေသီး။ လူတွေက အညွန့်တွေ အသီးတွေ ခူးစား။ အဲဒီ အရွက်တွေ အညွန့်တွေ အသီးတွေဟာ ဒီ အပင်ကြီးရဲ့ သားသမီးတွေ နေမှာ။ တစ်ချို့လည်း ကြွေကျ။ နောက် ပြန်ပေါက်။ သူလည်း အသက်ရှိတာပဲ။ လူတွေလိုပဲ နေမှာပေါ့။ အငယ်ကလေး မွေးလာ။ ကြီးတော့ သေသွား။ နောက်တော့ ကလေးတွေ ပြန်ဖြစ်။ ဟုတ်တယ်။ ဒီ မန်ကျည်းပင်ကြီး အတိုင်းပဲ။ ပြီးတော့ ခုချိန်ခါမှာ ငါတို့က ဒီအပင်ကြီးရဲ့ အရွက်တွေ အသီးတွေကို ခူးစားတယ်။ တစ်နေ့ကျရင် ငါတို့လည်း ဒီမန်ကျည်းပင်ကြီးရဲ့ အရွက်တွေ အညွန့်တွေ အသီးတွေ သွားဖြစ်နေအုံးမှာပဲလား။ ပြီးတော့ မန်ကျည်းရွက်တွေက လူတွေဖြစ်ပြီး ငါတို့ကို တစ်လှည့် ပြန်ခူးစားနေကြအုံးမှာလားပဲ။"

မောင်ဌေးလွင်ကလေးသည် တောင်စဉ်ရေမရ ဦးတည်ရာ လျှောက်တွေးနေမိသည်။ ကလေးဖြစ်၍ ဘာမျှ နာမည် မတပ်တတ်သော်လည်း အမှန်မှာ အယူမှားနေသော ဒိဋ္ဌိတစ်မျိုး ၀င်နေခြင်းဖြစ်၏။ မောင်ဌေးလွင်ကလေးသည် အသက် ရှစ်နှစ်ကျော်လာပြီဖြစ်၍ တွေးတတ်ခေါ်တတ် စူးစမ်းတတ်သော အလေ့ ရှိနေ၏။ မသိသော အရာတို့ကို မေးချင်လာ၏။ မမြင်ဖူးသော အရာတို့ကို ကြည့်ချင်လာ၏။ မကြားဖူးသော အရာတို့ကို နားစွင့်လာတော့သည်။ နေရာတကာ စပ်စပ်စုစု လုပ်လာသည်။ တစ်ခါတွင်လည်း သူတို့ရွာမှာ ဟောင်ဖွာဟောင်ဖွာနှင့် ကျယ်လောင်ကျယ်လောင် စကား အလွန်ပြောလေ့ရှိသော လူကြီးတစ်ယောက် ရောဂါတစ်ခုဖြင့် ရုတ်တရက် သေသွား၏။ ဤသည်ကို ကြားရသောအခါ မောင်ဌေးလွင်ကလေးက ဤသို့ တွေးမိသည်။

"လူတွေဟာ ဘ၀တစ်ခုအတွက် စကားပြောဖို့ရာ သူ့အတိုင်းအတာနဲ့သူ လာတာရှိမှာ။ တစ်ဘ၀လုံးအတွက် စကားလုံး ဘယ်လောက်သာ ပြောရမယ်လို့ သတ်မှတ်ပြီး လာတာရှိမှာ။ ဒါကြောင့် အဲဒီ သတ်မှတ်ထားတဲ့ စကားလုံးတွေ ပြည့်သွားလို့ ဒီလူကြီး သေသွားရတာ ရှိမှာ။ သူက စကားတွေ သိပ်ပြောတာကိုး။"

မောင်ဌေးလွင်ကလေးကား အရွယ်နှင့်မလိုက်အောင် လျှောက်တွေးနေတတ်သည်။ မှန်သည် မှားသည်ကို အပထား။ ထူးခြားသော သူ့အတွေး၊ အရည်အသွေးရှိသော သူ့အစွမ်းအစ ကလေးတို့ကိုမူ ချီးကျူးရမည်သာ ဖြစ်ပေ၏။

စာ - ၁၃-၁၄၊ အရှင်ဇနကာဘိဝံသ ၏ တစ်ဘ၀သာသနာ”
ဆရာတော် ဦးဃောသိတ ရေး၊ တတိယအကြိမ်ထုတ်၊ ၂၀၀၀ ခုနှစ်၊ မေလ၊ မဟာဂန္ဓာရုံစာပေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP